ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်လာမည့် လေဖိအားနည်းရပ်ဝန်းအရှိန် စတင်သက်ရောက်

14/11/2022 14:42 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်မယ်လို့ ခန့်မှန်းထားတဲ့ လေဖိအားနည်းရပ်ဝန်း (မုန်တိုင်းငယ် အဆင့်ထိဖြစ်လာနိုင်)ဟာ နိုဝင်ဘာလ ၁၆ ရက်မှာ စတင်မယ်လို့ အိန္ဒိယမိုးလေဝသဌာနက ဒီနေ့ ထုတ်ပြန် လိုက်ပြီး အဲ့ဒါရဲ့အရှိန်သက်ရောက်မှုကြောင့် မိုးရွာနိုင်မှုတွေကတော့ ဒီနေ့ကစပြီး မြန်မာနိုင်ငံကို သက်ရောက်နေ ပြီလို့ နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်တွေကို ကိုးကားခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။

ECMWF နဲ့ GFS Model တွေရဲ့ ကြိုတင်ခန့်မှန်းချက်တွေမှာလည်း ၁၆ ရက်နေ့က စပြီး ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လာနိုင်ကြောင်း၊ အနောက်ဘက်(အိန္ဒိယအရှေ့တောင်ပိုင်းကမ်းခြေနဲ့ သီရိလင်္ကာကျွန်းဘက်)ကို ဆက်လက်ရွေ့လျားနိုင်ကြောင်း၊ နိုဝင်ဘာလ ၁၈ ရက် ညပိုင်းမှာ ပိုမိုအားကောင်းလာပြီး အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း/ မုန်တိုင်းငယ် အဆင့်ကိုရောက်လာနိုင်ကြောင်း တွေ့ရပါတယ်လို့ ဦးဝင်းနိုင်က ဆိုထားပါတယ်။

လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းက မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားနိုင်မှာမဟုတ်ပေမဲ့ မုန်တိုင်းအရှိန် သက်ရောက်မှုကြောင့် ဒီနေ့ကစလို့ မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းနဲ့ မြိတ်ကြားမှာ မိုးရွာမှုတွေ စတင်နေ ပြီဖြစ်ပြီး မနက်ဖြန်ကစလို့ ဧရာဝတီတိုင်းတစ်တိုင်းလုံးအပါအဝင် အောက်ပိုင်းဒေသအများအပြားမှာ မိုးရွာတာ၊ နေရာကွက်မိုးကြီးနိုင်တာတွေ ရှိလာတော့မယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းငယ် ဖြစ်လာနိုင်မယ့်အခြေအနေ၊ သက်ရောက် မှုများနိုင်တဲ့ဒေသတွေ၊ ငါးဖမ်းလုပ်သားတွေအတွက် အန္တရာယ်ရှိနိုင်/မရှိနိုင်တွေအပေါ် ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

#မုန်တိုင်းဖြစ်လာနိုင်တဲ့ သက်ရောက်မှုက ဘယ်လိုအခြေအနေတွေ ရှိနေပြီလဲ? 

“ ဒီနေ့နေ့လယ် ၁ နာရီ အခြေအနေအရဆို တိမ်တွေ စဖြစ်နေပြီ။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း အက်ဒမန် ကျွန်းစုတွေနဲ့ တနင်္သာရီတိုင်းကြား ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာစဖြစ်တာ။ ပြီးတော့မှ သူက အနောက်ဘက်ကို တဖြည်းဖြည်းရွေ့လာပြီးတော့ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းထဲကို ရောက်တဲ့ အချိန်ကျရင် အားပိုကောင်းလာနိုင်ပြီး အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း ဒါမှမဟုတ် မုန်တိုင်းငယ်အဆင့်ကို ၁၆၊ ၁၇ ရက်နေ့လောက်မှာ ဖြစ်လာနိုင်တယ်။ ၁၆ ရက်နေ့လောက်မှာကို ဘင်္ဂလားပင်လယ်အော် အရှေ့ အလယ်ပိုင်းကို စရောက်ပြီ။ အိန္ဒိယမိုးလေဝသရဲ့ထုတ်ပြန်ချက်ပေါ့လေ။ ဒီနေ့နေ့လယ်ထုတ်ပြန်ချက်မှာလည်း ၁၆ ရက်နေ့မှာ စဖြစ်မယ်လို့ ပြောထားတယ်”  

“ တိမ်တွေက စဖြစ်တာတော့ ဖြစ်နေပြီ။ ဒါပေမဲ့ ထူတဲ့တိမ်တွေကတော့ လတ္တီတွဒ် ၁၅ ဒီဂရီရဲ့ အောက်ဘက် မှာပဲ ရှိသေးတယ်။ ဆိုတော့ ထားဝယ်ရဲ့အောက်ဘက်မှာပဲ ရှိသေးတယ်။ လတ္တီတွဒ် ၁၅ ဒီဂရီရောက်တော့မှ ထားဝယ်နဲ့တည့်တည့်လောက်ဖြစ်မှာ။ ဒီနေ့ည ဒါမှမဟုတ် မနက်ဖြန်လောက်ဆိုရင် အဲ့ဒီတိမ်တွေက အပေါ် တက်လာမှာ။ အပေါ်တက်လာပြီးရင် ဧရာဝတီတိုင်းမှာ ၁၄ ရက်နေ့ည ၁၅ ရက်နေ့လောက်ကစပြီး မိုးစရွာပြီ။ တချို့နေရာတွေ ကွက်ပြီး မိုးကြီးလိမ့်မယ်။ ဝင်လာတဲ့တိမ်တွေရဲ့ ထုထည်ပေါ် မူတည်တယ်” 

#အခုလက်ရှိကော ဘယ်လိုတွေ သက်ရောက်မှုတွေ ရှိနေပြီလဲ?

“ အခုပဲ ကော့သောင်းနဲ့ မြိတ်ကြားမှာ မိုးတွေရွာနေပြီ။ သူက တိမ်တွေဖုံးနေပြီးတော့။ ဒါပေမဲ့ တကယ်တမ်း မိုးများများစပြီး ရွာနိုင်မှာက မနက်ဖြန် ၁၅ ရက်ရယ်၊ ၁၆ ရက်ရယ်၊ ၁၇ ရက်ရယ်၊ ၁၈ ရက်ရယ် အဲ့ဒီရက်တွေမှာ တော့ မိုးများနိုင်တယ်” 

“ ဟိုး ရက်ဝေးကြိုတင်ခန့်မှန်းချက်အရဆိုရင် တနင်္သာရီတိုင်း ကော့သောင်းမှာဆိုရင် ၂၂ ရက်နေ့မှာ မိုးအကြီးအကျယ်ရွာနိုင်တဲ့အခြေအနေရှိနေတယ်။ ဒါပေမဲ့ ဝေးနေသေးတော့ ဘယ်လိုအခြေအနေ ဖြစ်လာမလဲ တော့ မသိသေးဘူး။ ဒါက ဘာလို့လဲဆိုတော့ ၂၁ ရက် ၂၂ ရက် ဝန်းကျင်မှာ ထိုင်းပင်လယ်ကွေ့ထဲမှာ လေဖိအား နည်းရပ်ဝန်းဖြစ်မယ်။ ဖြစ်မယ့်လေဖိအားနည်းရပ်ဝန်းက အနောက်ဘက်ဆိုတော့ ထိုင်းနိုင်ငံရဲ့ တောင်ပိုင်း ကမ်းခြေနဲ့ ကော့သောင်ပေါ်ကနေ ဖြတ်ပြီးတော့ ကပ္ပလီပင်လယ်ပြင်ထဲကို ရောက်လာဦးမယ်။ အာ့တစ်လုံး ကတော့ ကြောက်ရတယ်။ ဘာလို့လဲဆိုတော့ သူက တိမ်ထုတွေက အဲ့ဒီမှာ တောက်လျှောက်ဖြစ်နေတာကိုး။ ဖြစ်နေတော့ ထိုင်းပင်လယ်ကွေ့က ၂၁ ရက်၊ ၂၂ ရက်နောက်ပိုင်းမှာ ကပ္ပလီပင်လယ်ထဲကို ဖြတ်လာတဲ့တိမ်ထုကြောင့် တနင်္သာရီတောင်ပိုင်းကတော့ မိုးတအား ကြီးနိုင်တယ်။ လေပြင်းတိုက်တာကတော့ သိပ်အဆိုးကြီးမဟုတ်ဘူး။ အဲ့ဒါက အခုဟာနဲ့ မဆိုင်ဘူး။ နောက်တစ်လုံးဖြစ်လာမယ့်အနေအထား” 

#မုန်တိုင်းအရှိန်သက်ရောက်မှုကြောင့် မိုးကြီးနိုင်တဲ့ဒေသတွေက ဘယ်ဒေသတွေ ဖြစ်မလဲ?

“ နေရာကွက်မိုးများနိုင်မယ့်နေရာက ဧရာဝတီတိုင်းတစ်တိုင်းလုံးရှိမယ်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း တချို့နေရာတွေ ကွက်ပြီး မိုးကြီးနိုင်တယ်။ ပြီးရင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းပေါ့။ ၁၅ ရက်ကနေ ၁၈၊ ၁၉ ထိ မိုးရွာနိုင်တဲ့အခြေအနေတွေ ဖြစ်တယ်” 

“ နောက်ပြီးတော့မှ ရှမ်းပြည်နယ်တောင်ပိုင်း ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းတွေမှာလည်း မိုးတော့ကြီးနိုင်တယ်။ ဒါပေမဲ့ ပြောလို့တော့မရသေးဘူး။ ဘာလို့လဲဆိုတော့ သူ့ဆီမှာ အပူချိန်နဲ့ လေဖိအား နည်းရပ်ဝန်းကြီးက တွန်းချနေတဲ့ လေစီးကြောင်းတွေရှိတယ်။ ဒီတော့ မုန်တိုင်းအရှိန်သက်ရောက်မှုသည် ရှမ်းပြည်နယ်တောင်ပိုင်း ၊ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းအထိ ရောက်မရောက်အခြေအနေက စောင့်ကြည့်ရဦးမယ်။ လက်ရှိ ကြိုတင်ခန့်မှန်းချက်တွေအရဆိုရင်တော့ ပါးပါးရောက်နိုင်တဲ့အနေအထားတော့ တွေ့တယ်” 

#ဒီသက်ရောက်မှုက ပင်လယ်ပြင် ရေလုပ်သားတွေအတွက် အန္တရာယ်ရှိနိုင်တဲ့အခြေအနေ ရှိလား?

“ တစ်နာရီကို လေတိုက်နှုန်းက ၈ မိုင်ကနေ ၂၄ မိုင်လောက်ထိပဲရှိတယ်။ အပြင်းဆုံးပေါ့နော်။ ဒါတောင် ဒီနေ့ညနဲ့ မနက်ဖြန်မနက် ဒါပဲ။ အဲ့ဒါပြီးသွားရင်တော့ လေပြင်းတိုက်တာလည်းမရှိတော့ဘူး။ လှိုင်းကလည်း ၂ ပေ၊ ၃ ပေ လောက်ပဲရှိတယ်။ အေးဆေးပဲ။ ဆိုတော့ အရမ်းမပြင်းဘူး။ သူတို့က ရုတ်တရက်ဆောင့်တိုက်တဲ့ Gust wind ကို ၂၄ မိုင်လောက်ကတော့ ခံနိုင်တယ်။ သူတို့က လေတိုက်နှုန်း မိုင် ၃၀ ကျော်၊ လှိုင်းအမြင့် ၁၀ ပေလောက်ထိကို ခံနိုင်တာ” 

#မုန်တိုင်းဖြစ်လာရင်တောင် "မုန်တိုင်းအရှိန်သက်ရောက်မှုက ပြည်မြို့အထက်ဘက်နဲ့ နေပြည်တော်အထက် ဘက်ဒေသတွေအပေါ်သက်ရောက်မှု မရှိနိုင်ဘူး” လို့လည်း ဦးဝင်းနိုင်က ပြောပါတယ်။

#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

Photos Crd_ U Win Naing

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်