ကြက်မလေးတွေချည်းပဲမွေးလာအောင်လုပ်နိုင်ပြီနှင့် ကမ္ဘာတလွှားစိတ်ဝင်စားဖွယ် မွေးမြူရေးသတင်းများ

16/01/2023 17:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

ကမ္ဘာတလွှား စိတ်ဝင်စားဖွယ် မွေးမြူရေးသတင်းများ - ၂

ဒေါက်တာသက်ခိုင် စုစည်းတင်ပြသည်။

ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာဖြစ်နေတာမို့ ကမ္ဘာတလွှားဖြစ်ပေါ်နေတဲ့ ကောင်းကျိုး၊ ဆိုးပြစ်တွေဟာလည်း မိမိတို့နိုင်ငံအပေါ် မိမိတို့တစ်ဦးချင်းစီအပေါ် လာပြီးသက်ရောက်နိုင်ပါတယ်။ ဒါကြောင့် ကမ္ဘာတလွှားက မွေးမြူရေးလုပ်ငန်းကဏ္ဍတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေဟာလည်း မြန်မာ့မွေးမြူရေးအပေါ် သက်ရောက်မှုတွေရှိလာမှာ အသေအချာပါ။ ဒါကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ဒုတိယပတ်အတွင်း ကမ္ဘာတလွှားက မွေးမြူရေးသတင်းတွေအနက်က မြန်မာ့မွေးမြူရေးသမားတွေအတွက် စိတ်ဝင်စားဖွယ်သတင်းအချို့ကို ‌ထုတ်နုတ်ပြီး တင်ပြလိုက်ရပါတယ်။ 

ကြက်မ‌လေးတွေပဲ အုပေးမယ့် ကြက်မကြီးတွေ

ဥစားကြက်မွေးမြူရေးမှာ ဥ အုပေးမယ့် ကြက်မတွေကိုပဲ အသုံးပြုလို့ ရပါတယ်။ ကြက်ထီးလေးတွေက ဘယ်လိုလုပ်ပြီး ကြက်ဥ အုပေးနိုင်ပါ့မလဲ။ ဒါပေမဲ့ ကြက်ဥတွေကို အကောင်ဖောက်လိုက်တဲ့အခါ ကြက်မလေးတွေရော၊ ကြက်ထီးလေးတွေပါ အကောင်ပေါက်လာစမြဲပါ။ မြန်မာနိုင်ငံမှာတော့ ဥစားကြက်မျိုး ရက်သားကြက်ပေါက် အထီးလေးတွေကို ဆီမီး (Semi-broiler) ဆိုပြီး အင်မတန်သက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းချကြပါတယ်။ သူတို့ကို အသားတိုးကြက်အဖြစ် မွေးမြူကြပေမယ့် အသားတိုးကြက် (Broiler) တွေလောက်တော့ ကြီးထွားနှုန်း မကောင်းကြပါဘူး။

တိုးတက်တဲ့ နိုင်ငံကြီးတွေမှာတော့ အဲဒီ ဥစားကြက်ပေါက် အထီးလေးတွေကို ဖျက်ဆီးသုတ်သင် ပစ်ပြီး တိရစ္ဆာန်အစာထုတ်လုပ်ရေးမှာ ထည့်သွင်းအသုံးပြုပါတယ်။ စားသုံးသူတွေရဲ့ ရှုထောင့်ကကြည့်ရင် ဒါဟာ အင်မတန် ရက်စက်တဲ့ အပြုအမူပါ။ ဖောက်စက်က ပေါက်လာခါစမှာပဲ သေပွဲဝင်ကြရတာ မဟုတ်လား။ 

ဒီပြဿနာကို ဖြေရှင်းဖို့ အစ္စရေးပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါပြီ။ Volcani Centre လို့ခေါ်တဲ့ အစ္စရေးစိုက်ပျိုးမွေးမြူရေး သုတေသနအဖွဲ့တစ်ခုက ကြက်မလေးတွေကိုသာ အုပေးမယ့် ကြက်မကြီးတွေကို ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ Volcani Centre နဲ့အတူ အစ္စရေး - အမေရိကန် ပူးပေါင်းအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Huminn တို့က ၇ နှစ်တာ သုတေသနလုပ်ငန်းတွေဆောင်ရွက်အပြီးမှာ အခုလို ရှာဖွေတွေ့ရှိခဲ့ကြတာပါ။ 

ပညာရှင်တွေက ကြက်မကြီးတွေအဖြစ် မွေးဖွားလာမယ့် ကြက်ဥကို အပြာ‌ရောင်အလင်းတစ်မျိုးနဲ့ နာရီ အတော်ကြာအောင် ထိတွေ့စေပါတယ်။ အဲဒီလို ထိတွေ့လိုက်ခြင်းအားဖြင့် အဲဒီကြက်ဥကနေ အကောင်ပေါက်လာတဲ့ ကြက်မရဲ့ မျိုးဗီဇထဲက “ကြက်ထီးပေါက်မယ့် ဥကို ထုတ်လုပ်ပေးနိုင်တဲ့ မျိုးဗီဇ” ကို ဖယ်ရှားပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အဲဒီ ကြက်မကို မျိုးဗီဇပြုပြင်ထားတဲ့ကြက်မ (gene-edited hen) လို့ ခေါ်ရမှာပါ။ မျိုးဗီဇကို ပြင်ဆင်တယ်ဆိုပေမယ့် ပြင်ပစ်တာ၊ အသစ်ထပ်ထည့်ထားတာမျိုး မဟုတ်ပါဘူး။ ကြက်ထီးလေးမွေးစေနိုင်တဲ့ မျိုးဗီဇပစ္စည်း (DNA) ကို ဖြတ်ထုတ်ထားခြင်းမျှသာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီကြက်မကနေ မျိုးဥတွေ ထုတ်လုပ်ပြီး အကောင်ဖောက်တဲ့အခါ ကြက်မလေးတွေပဲ ပေါက်လာတော့မှာ ဖြစ်ပါတယ်။ 

Volcani Centre က သ‌န္ဓေသားပါရဂူ Yuval Cinnamon ကတော့ ဒီရှာဖွေတွေ့ရှိမှုဟာ ကြက် မွေးမြူရေး ကဏ္ဍကြီးကို အမြစ်ကနေ တော်လှန်ပြောင်းလဲပစ်နိုင်တဲ့ တွေ့ရှိမှုတစ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။ ကြက်ကလေးတွေကိုသာမက လူသားတွေအတွက်၊ ကမ္ဘာကြီးအတွက်ပါ အကျိုးရှိတဲ့ ကိစ္စလို့လည်း သူက ယုံကြည်ထားပါတယ်။

သူတို့ရဲ့ တွေ့ရှိမှုကို မှတ်ပုံတင်ဖို့ ဆောင်ရွက်နေတာကြောင့် အခြားပညာရှင်တွေရဲ့ သုံးသပ်ချက်တွေတော့ ထွက်မလာသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တကယ်သာ ကြက်မလေးတွေကိုပဲ ထုတ်လုပ်ပေးနိုင်တဲ့ မျိုးကြက်မတွေ ထွက်ပေါ်လာမယ်ဆိုရင် ကမ္ဘာတစ်လွှားက ကြက်မွေးမြူရေးကဏ္ဍအပေါ်မှာ ကြီးမားတဲ့ ရိုက်ခတ်မှုကြီး ဖြစ်ပေါ်နိုင်ပါတယ်။ မွေးမြူသူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ သတင်းကောင်း တစ်ပုဒ်ဖြစ်လို့ ဒီတစ်ပတ်ရဲ့ ပထမဆုံး “စိတ်ဝင်စားဖွယ် မွေးမြူရေးသတင်း” တစ်ပုဒ်အဖြစ် တင်ဆက်လိုက်ရပါတယ်။ 

ကြက်ငှက်တုပ်ကွေးနဲ့ ကမ္ဘာ့ကပ်ရောဂါဖြစ်နိုင်ချေ

သတင်းကောင်းတစ်ပုဒ်ရဲ့နောက်မှာ သတင်းဆိုးတစ်ခုကိုလည်း ဆက်လက်တင်ပြလိုပါတယ်။ အဲဒါကတော့ ကြက်ငှက်တုပ်ကွေးရောဂါ (HPAI) ဟာ ကြက်ငှက်တွေကနေ လူတွေထံ ကူးစက်ပြီး ကိုဗစ်-၁၉ လို ကမ္ဘာ့ကပ်ရောဂါကြီးတစ်ခုအသွင် ဖြစ်လာနိုင်တယ်ဆိုပြီး စိုးရိမ်ကြောင့်ကြလာနေကြတဲ့ သတင်းပါ။ 

ပညာရှင်တွေက ကြက်ငှက်တုပ်ကွေးရောဂါရဲ့ ကူးစက်ပျံ့နှံ့မှုကို ကမ္ဘာတစ်လွှားမှာ စောင့်ကြည့်လေ့လာနေကြပါတယ်။ အဲဒီလို စောင့်ကြည့်လေ့လာချက်တွေအရ အထက်မှာ တင်ပြခဲ့တဲ့ စိုးရိမ်ချက်မျိုး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ စတော့တလန်က ပညာရှင်တွေရဲ့ လေ့လာစောင့်ကြည့်မှုတွေအရ H5N1 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ဟာ ကြက်ငှက်မျိုးစိတ် ၆၀ ကျော်ကို ကူးစက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို မျိုးစိတ်အမြောက်အများကို ကူးစက်ပြီးနောက် လူသားတွေဆီ ကူးစက်ရောက်ရှိမှာကို ပညာရှင်တွေက စိုးရိမ်ကြတာပါ။ 

ဒါပေမဲ့ စိုးရိမ်သလို ဖြစ်လာနိုင်ချေက သိပ်ကို နည်းပါးလွန်းပါတယ်လို့ ထောက်ပြပြောဆိုတဲ့ ပညာရှင်တွေလည်း ရှိနေပြန်ပါတယ်။ 

Erasmus University ဆေးပညာစင်တာက ဗိုင်းရပ်စ်ဗေဒ ပါမောက္ခ Thijs Kuiken ကတော့ “ဒီလို ဖြစ်နိုင်ဖို့ အခွင့်အလမ်းကတော့ အလွန်ကိုနည်းပါးပါတယ်။ ဒါပေမယ့် ဖြစ်လာခဲ့ရင်တော့ သိပ်ကို ကြီးကြီးမားမား ဖြစ်ပွားမှာပါ” လို့ ဆိုပါတယ်။ သူက ၁၉၁၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ တုပ်ကွေးကပ်ရောဂါကို ထောက်ပြပါတယ်။ အဲဒီတုပ်ကွေး ကပ်ရောဂါဟာ ကြက်ငှက်တွေမှာ စတင်ခဲ့ပြီး လူဦးရေ သန်း ၅၀ လောက်ကို သေဆုံးစေခဲ့ပါတယ်။ 

၂၀၀၃ ခုနှစ်က စတင်ဖြစ်ပွားခဲ့တဲ့ H5N1 ကြက်ငှက်တုပ်ကွေးကတော့ ကမ္ဘာတစ်လွှားမှာ လူကို ကူးစက်မှုအနေနဲ့ ၈၆၅ ဦးသာ ရှိခဲ့ပြီး အဲဒီထဲက ထက်ဝက်လောက် သေဆုံးခဲ့ရပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် မွေးမြူသူတွေအနေနဲ့ကတော့ လူကိုမကူးဖို့ဆိုတာကို ခဏထားလို့ မိမိတို့ရဲ့ ကြက်တွေမှာတောင် ကြက်ငှက်တုပ်ကွေးရောဂါ မဖြစ်ပွားဖို့ ဂရုပြုကြရမှာပါ။ ဇီဝလုံခြုံရေးအပါအဝင် ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို မခိုမကပ်ဘဲ ပြည့်ပြည့်ဝဝ ဆောင်ရွက်ဖို့ လိုအပ်မှာပါ။ 

စိတ်ဝင်စားစရာလည်းကောင်း၊ သတိပြုစရာလည်းကောင်းတဲ့ ဒီသတင်းဟာ မြန်မာ့မွေးမြူသူများအတွက် မသိမဖြစ် သိသင့်တယ်လို့ ယူဆတာကြောင့် ဒီတစ်ပတ်ရဲ့ ဒုတိယမြောက် စိတ်ဝင်စားဖွယ် မွေးမြူရေးသတင်းတစ်ပုဒ်အဖြစ် တင်ဆက်လိုက်ရပါတယ်။ 

ကြက်တွေအပြေးအလွှားဝယ်နေကြတဲ့ နယူးဇီလန်နိုင်ငံသားတွေ

နယူးဇီလန်မှာတော့ ကြက်ဥဈေးတက်မှာစိုးရိမ်ပြီး အိမ်မှာ ကိုယ်တိုင်ကြက်မွေးဖို့ ဥစားကြက်တွေ အပြေးအလွှားဝယ်နေကြတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဘာကြောင့်များ နယူးဇီလန်မှာ ကြက်ဥဈေးက တက်ရပါသလဲ။ အကြောင်းအရင်းကို လေ့လာကြည့်ရအောင်ပါ။ 

ဥစားကြက်မွေးမြူရေးမှာ အထိရောက်ဆုံးနည်းစနစ်ကတော့ ကြက်တွေကို ဘက်ထရီကေ့ချ် (Battery cage) လို့ခေါ်တဲ့ ခြံသေးသေးလေးတွေနဲ့ လှောင်မွေးတဲ့စနစ်ပါ။ အစာလေလွင့်ဆုံးရှုံးမှု နည်းပြီး သန့်ရှင်းမှုလည်း ပိုကောင်းတာမို့ ကြက်တွေရဲ့ ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ ကြက်ဥတွေလည်း သန့်သန့်ရှင်းရှင်း ပိုရှိပါတယ်။ ဒါပေမဲ့ စားသုံးသူတွေကတော့ အဲဒီစနစ်ကို မကြိုက်ကြပါဘူး။ ကြက်မမွေးဖူးသူတွေရဲ့ စိတ်ထဲမှာ အဲဒီဘက်ထရီခြံငယ်လေးတွေနဲ့ ကြက်တွေကို မွေးမြူတာဟာ ကြက်တွေအတွက် သက်သောင့်သက်သာမရှိစေဘူးလို့ ယူဆကြပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာတလွှား (အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ) ဥစားကြက်တွေကို ဘက်ထရီခြံနဲ့ မွေးမြူတာကို ဆန့်ကျင်လာကြပါတယ်။ နယူးဇီလန်အစိုးရက စားသုံးသူတွေရဲ့ တောင်းဆိုချက်နဲ့အညီ ဘက်ထရီခြံနဲ့မွေးမြူတဲ့စနစ်ကို တားဆီးပိတ်ပင်လိုက်ပါတယ်။ 

အဲဒီ တားဆီးပိတ်ပင်တဲ့ အမိန့်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်ကတည်းက ထွက်ပေါ်ခဲ့တာ ဖြစ်ပြီး ဒီလကစတင်လို့ အသက်ဝင်လာတာပါ။ နယူးဇီလန်နိုင်ငံမှာ စီးပွားဖြစ်မွေးမြူရေးအဖြစ် မွေးမြူထားတဲ့ ဥစားကြက်မ အကောင်ရေ ၃ သန်းလောက် ရှိပါတယ်။ အခု တားဆီးပိတ်ပင်မှုကြောင့် မွေးမြူသူ ၇၅ ရာခိုင်နှုန်းလောက်ဟာ ကြက်ခြံပိတ်ပြီး လုပ်ငန်း ရပ်ရင်ရပ်၊ မရပ်ရင် ဘက်ထရီခြံစနစ်မဟုတ်ဘဲ အခြားခွင့်ပြုထားတဲ့ မွေးမြူနည်းစနစ်ကို ပြောင်းလဲရလိမ့်မယ်လို့ နယူးဇီလန်ကြက်ဥထုတ်လုပ်သူများအသင်းက ဆိုပါတယ်။ ဒီလိုအခြေအနေမှာ ကြက်ဥဈေးနှုန်း ရုတ်တရက် မြင့်တက်လာတာဟာ သိပ်တော့ မထူးဆန်းလှပါဘူး။ ဒါကြောင့်လည်း ကြက်ဥကို အိမ်မှာ ကိုယ်တိုင်ထုတ်လုပ်စားသောက်ဖို့ ကြက်တွေ အပြေးအလွှား ဝယ်ယူနေကြဟန် တူပါတယ်။

နယူးဇီလန်က မွေးမြူရေးသမားတွေ မွေးမြူနည်းစနစ်ကို ပြောင်းလဲမလား၊ ဒါမှမဟုတ် လုပ်ငန်းကို စွန့်ခွာသွားကြမလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။ တချိန်ချိန်မှာ မြန်မာနိုင်ငံမှာလည်း ဒီလိုအခြေအနေမျိုး မကြုံတွေ့ရနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဒီလိုအခြေအနေ သေချာပေါက် ကြုံတွေ့ရလိမ့်မယ်လို့ ပြောမယ်ဆိုရင် ပိုမှန်နိုင်ပါတယ်။ ဒါကြောင့် ရှေ့ရေးကို ကြိုတင်တွေးဆထားနိုင်ကြဖို့ စိတ်ဝင်စားဖွယ် မွေးမြူရေးသတင်းတစ်ပုဒ်အဖြစ် တင်ဆက်လိုက်ရပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်