နွားသင်္ဘောကြီးစီးလာတဲ့မူးယစ်ဆေးဝါးများ နှင့် ကမ္ဘာတလွှား စိတ်ဝင်စားဖွယ်မွေးမြူရေးသတင်းများ

30/01/2023 11:00 AM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

ဒေါက်တာသက်ခိုင် စုစည်းတင်ပြသည်။

သတင်းပညာ (Journalism) မှာ ဆိုရိုးစကားတစ်ခု ရှိပါတယ်။ “Bad news is Good news.” ဆိုတဲ့ စကားပါ။ “သတင်းဆိုးဟာ သတင်းကောင်းပဲ” လို့ တိုက်ရိုက်ဘာသာပြန်လို့ ရနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာဖြစ်ပေါ်တဲ့ သတင်းတစ်ခုဟာ သတင်းနဲ့ တိုက်ရိုက်သက်ဆိုင်သူတွေအတွက် သတင်းဆိုး (Bad news) ဖြစ်နေပေမဲ့ သတင်းအဖြစ် ဖော်ပြသင့်တဲ့ (Newsworthy) သတင်းတစ်ပုဒ် ဖြစ်နေတတ်ပါတယ်။ တနည်းအားဖြင့် သတင်းအနေနဲ့ တင်ဆက်ရင် လူစိတ်ဝင်စားတဲ့ သတင်းဖြစ်နေတတ်ပါတယ်။ ဒီတော့ သတင်းတန်ဖိုးအနေနဲ့ကြည့်ရင်တော့ သတင်းကောင်း (Good news) ဖြစ်နေတာပါပဲ။ ဒါကြောင့် ဒီတစ်ပတ်ရဲ့ ကမ္ဘာတလွှား စိတ်ဝင်စားဖွယ် မွေးမြူရေး သတင်းတွေကို တင်ဆက်ရာမှာတော့ မြန်မာ့မွေးမြူရေးသမားတွေအတွက် စိတ်ဝင်စားစရာသတင်းကောင်းမျိုးတွေဖြစ်မယ်လို့ ယူဆမိတဲ့ ကမ္ဘာတလွှားက သတင်းဆိုးတွေကို စုစည်းတင်ပြလိုက်ပါတယ်။ 

တရားစွဲခံရတဲ့ အမေရိကန် FDA

အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာန (Food and Drug Administration - FDA) ဟာ အမေရိကန်ပြည်ထောင်စုမှာသာမက ကမ္ဘာမှာပါ သြဇာကြီးမားတဲ့ အဖွဲ့အစည်းကြီးတစ်ခုပါ။ အဲဒီအဖွဲ့ကြီးဟာ မကြာခဏဆိုသလို တရားစွဲခံရလေ့ရှိတဲ့ အဖွဲ့အစည်းဖြစ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်မှာတော့ FDA အဖွဲ့ကြီးကို တရားစွဲဆိုမှုတစ်ခု ထပ်မံပေါ်ပေါက်လာပြန်ပါပြီ။ ပြည်သူ့ကျန်းမာရေးလှုပ်ရှားတဲ့အဖွဲ့အစည်းတွေနဲ့ အွန်လိုင်းပေါ်က တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး တရားစွဲဆိုလိုက်တာပါ။ 

Alliance of Nurses for Healthy Environments အဖွဲ့၊ Food Animal Concerns Trust အဖွဲ့၊ Natural Resources Defense Council အဖွဲ့နဲ့ Public Citizen ဆိုတဲ့ အဖွဲ့တွေက FDA နဲ့ သူ့ရဲ့ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ တိရစ္ဆာန်ဆေးဝါးဌာန (Center for Veterinary Medicine - CVM) တို့ကို တရားစွဲဆိုတာဖြစ်ပြီး အကြောင်းပြချက်ကတော့ “FDA ဟာ လူသားတွေအတွက် အရေးကြီးတဲ့ ပဋိဇီဝဆေးဝါးတွေကို မွေးမြူရေးတိရစ္ဆာန်တွေမှာ အသုံးပြုခွင့်ပေးထားနေသေးလို့” လို့ ဆိုပါတယ်။ 

ပဋိဇီဝဆေးဝါးဆိုတာ ခန္ဓာကိုယ်မှာ ကူးစက်ပြီး ရောဂါဖြစ်ပွားစေတဲ့ပိုးမွှား (အထူးသဖြင့် ဗက်တီးရီးယား)တွေကို ဖျက်ဆီးပစ်နိုင်တဲ့ ဆေးဝါးတွေကို ဆိုလိုတာပါ။ ဒါကြောင့် လူတွေ၊ တိရစ္ဆာန်တွေကို ရောဂါကုသရာမှာ အရေးတကြီးအသုံးပြုရတဲ့ ဆေးဝါးတွေဖြစ်ပါတယ်။ အဲဒီဆေးဝါးတွေကို မှန်မှန်ကန်ကန် မသုံးစွဲတဲ့အခါ ရောဂါပိုးမွှားတွေက ဆေးဝါးတွေကို ယဉ်ပါးလာပါတော့တယ်။ ဒါကြောင့် ဆေးမတိုးတော့တဲ့ပြဿနာ ဖြစ်ပေါ်လာနိုင်ပါတယ်။ 

မွေးမြူရေးလုပ်ငန်းတွေက ပဋိဇီဝဆေးဝါးတွေကို မှန်မှန်ကန်ကန် အသုံးမပြုဘူးဆိုရင် တိရစ္ဆာန် တွေမှာသာမက ပတ်ဝန်းကျင်နဲ့ လူတွေမှာပါ အဲဒီဆေးကို ပိုးမွှားတွေက ယဉ်ပါးလာပြီး ဆေးမတိုးတဲ့ပြဿနာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါကြောင့် လူတွေမှာ အသုံးများပြီး အရေးကြီးတဲ့ ပဋိဇီဝဆေးဝါးတွေကို တိရစ္ဆာန်တွေမှာ အသုံးမပြုဖို့ FDA လို အာဏာပိုင်အဖွဲ့အစည်းတွေက တားဆီးပိတ်ပင်ကြရပါတယ်။ 

အခု FDA ကို တရားစွဲတဲ့အဖွဲ့တွေ စုပေါင်းပြီး “မွေးမြူရေးမှာ အသုံးမပြုရမဲ့ ပဋိဇီဝ ဆေးဝါးစာရင်း” မှာ ထပ်တိုးရမဲ့ ဆေးဝါးစာရင်းကို ၂၀၁၆ ခုနှစ်တုန်းက တင်ပြခဲ့ကြပါတယ်။ သူတို့ရဲ့ တင်ပြချက်ကို FDA က ငြင်းပယ်ခဲ့တာပါ။ အဲဒီလိုငြင်းပယ်ရာမှာ FDA ဟာ စီမံအုပ်ချုပ်မှု လုပ်ထုံး လုပ်နည်းအက်ဥပဒေ (Administrative Proce-dure Act)ကို ချိုးဖောက်ခဲ့တယ်ဆိုပြီး အဲဒီအဖွဲ့တွေက တရားရုံးကို ဦးတည်လျှောက်ထားခဲ့ကြတာပါ။ 

တရားစွဲဆိုတဲ့ အဖွဲ့အစည်းတွေက “အမေရိကန်ပြည်ထောင်စုမှာ ဆေးဝါးတွေကို တလွဲအသုံးချမှုကြောင့် ပဋိဇီဝဆေးယဉ်ပါးတဲ့ ဗက်တီးရီးယားတွေ ပေါ်ပေါက်လာပြီး ပြည်သူ့ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်ကြောင်း၊ အဲဒီပြဿနာကြောင့် တစ်နှစ်ကို အမေရိကန်နိုင်ငံသား ၃၅,၀၀၀ သေဆုံးနေရကြောင်းနဲ့ နာမကျန်းမှုပေါင်း ၂.၈ သန်းခန့် ကြုံတွေ့နေရကြောင်း” ထောက်ပြပြောဆိုကြပါတယ်။ 

တကယ်တော့ လူတွေအတွက် အရေးကြီးတဲ့ ပဋိဇီဝဆေးဝါးတွေကို မွေးမြူရေးအတွက် ရောင်းချမှု၊ ဖြန့်ချိမှုတွေကို နှစ်စဉ်လျှော့ချနေပြီး ၂၀၂၀ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း ၁ ရာခိုင်နှုန်း လျှော့ချခဲ့တယ်လို့ ဆိုပါတယ်။ အမြင့်ဆုံးဖြစ်တဲ့ ၂၀၁၅ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၂၁ ခုနှစ်မှာ ၃၈ ရာခိုင်နှုန်း လျော့ကျလာတာ ဖြစ်ပါတယ်။ 

ဒီသတင်းက မြန်မာ့မွေးမြူသူတွေအတွက်တော့ စိတ်ဝင်စားစရာတွေ ပြည့်နှက်နေလိမ့်မယ်လို့ ယူဆမိပါတယ်။ ပဋိဇီဝဆေးယဉ်ပါးမှုရဲ့ အန္တရာယ်က ရင်ထိတ်စရာကောင်းလှသလို မွေးမြူရေးမှာ ပဋိဇီဝဆေးဝါးတွေကို လျှော့ချသုံးစွဲဖို့လိုအပ်တာကိုလည်း သတိပြုနိုင်ပါလိမ့်မယ်။

တချိန်တည်းမှာ ပဋိဇီဝဆေးဝါးတွေ လျှော့ချသုံးစွဲရပြီဆိုရင် မွေးမြူရေးကို ဘယ်လိုလုပ်ကိုင်ဆောင်ရွက်ကြမှာလဲဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာပြန်ပါတယ်။ မိမိနိုင်ငံရဲ့ အစိုးရဌာနကြီးတစ်ခုကို ပြည်သူတွေက အချက်နဲ့အလက်နဲ့ ထောက်ပြပြောဆိုနိုင်သလို လိုအပ်ရင် တရားပါစွဲနိုင်တဲ့ အခြေအနေကိုတော့ စိတ်အဝင်စားဆုံး ဖြစ်ပါလိမ့်မယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် ဒီသတင်းဟာ FDA နဲ့ အမေရိကန်မွေးမြူရေးသမားတွေအတွက် သတင်းဆိုးတစ်ပုဒ်ဖြစ်ပြီး မြန်မာ့မွေးမြူသူတွေအတွက်တော့ စိတ်ဝင်စားဖွယ်သတင်းကောင်းတစ်ပုဒ်ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ 

အအေးဒဏ်ကြောင့် မွေးမြူရေးတိရစ္ဆာန်တွေ ဆုံးရှုံးနေတဲ့ အာဖဂန်နစ္စတန်

အာဖဂန်နစ္စတန်လို့ ပြောလိုက်ရင် ဘင်လာဒင်၊ တာလီဘန်နဲ့ အမေရိကန်ဆိုတဲ့ စကားလုံးတွေကို နားထဲ အရင်ဆုံးရောက်လာလိမ့်မယ် ထင်ပါတယ်။ အနှစ်နှစ်အလလ စစ်ဘေးဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ အာဖဂန်ပြည်သူတွေအတွက် ဘူးလေးရာဖရုံဆင့်တဲ့ ပြဿနာတစ်ခု လက်ရှိမှာ ရင်ဆိုင်နေရပါတယ်။ အဲဒါကတော့ အအေးဒဏ် လွန်ကဲတဲ့ ပြဿနာပါ။ 

အာဖဂန်နစ္စတန်သတင်းဌာနတစ်ခုဖြစ်တဲ့ TOLOnews ကို ကိုးကားပြီး ဖော်ပြနေကြတဲ့ ကမ္ဘာ့သတင်းတွေအရ လွန်ခဲ့တဲ့နှစ်ပတ်အတွင်း ကျွဲ၊ နွား၊ သိုး၊ ဆိတ် စတဲ့ မွေးမြူရေးတိရစ္ဆာန် ('ကြက်' မပါ) အကောင်ရေ ၂၀၀,၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် နိုင်ငံမြောက်ပိုင်းဒေသက ပြည်နယ်တွေမှာ သေဆုံးနေတာဖြစ်တယ်လို့ တာလီဘန်အစိုးရရဲ့ စိုက်ပျိုးရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ပါတယ်။ ပြည်နယ် ၂၀ အတွင်း သေဆုံးတဲ့ တိရစ္ဆာန်ကောင်ရေ စုစုပေါင်း ၂၆၀,၀၀၀ လောက်ရှိပြီး အဲဒီထဲက ၁၂၉,၀၀၀ ဟာ သိုး၊ ဆိတ်တွေ ဖြစ်တယ်လို့ အဲဒီဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Mubahuddin Mustaeen က ဆိုပါတယ်။ 

ရာသီဥတုအေးလွန်းတာကြောင့် တိရစ္ဆာန်တွေ နာမကျန်းဖြစ်လာသလို အအေးဒဏ်ကြောင့် မြက်ပင်တွေ သေသွားကြပြီး တိရစ္ဆာန်တွေအတွက် အစာရေစာပြတ်တောက်သွားတာကြောင့် အခုလို သေဆုံးကုန်တာ ဖြစ်ပါတယ်။ 

သဘာဝဘေးအန္တရာယ်တွေဟာ ထင်မှတ်မထားတဲ့အချိန်မှာ ကျရောက်လာတတ်တာမို့ ကြိုတင်ပြင်ဆင်မှုဟာ အင်မတန် အရေးကြီးပါတယ်။ မြန်မာ့မွေးမြူရေးတိရစ္ဆာန်တွေဟာလည်း နွေအခါမှာ အပူလွန်ကဲမှုဒဏ် (heat stress) ကို ကြုံတွေ့ရတတ်သလို၊ မိုးရာသီမှာလည်း ရေကြီးနစ်မြုပ်မှုဒဏ်ကို မကြာခဏခံစားရလေ့ရှိပါတယ်။ နိုင်ငံတော်အဆင့် တာဝန်ယူမယ့်သူတွေက ဘာတွေပြင်ဆင်ထားသလဲ၊ မွေးမြူရေးသမားတွေကရော၊ ဘယ်လိုတွေ ကြိုတင် ပြင်ဆင်ထားသလဲ ဆိုတာကတော့ ကိုယ်တိုင်ဖြေဆိုကြည့်ကြရမဲ့ မေးခွန်းပါ။ 

ဘယ်လိုပဲဖြစ်ဖြစ် အာဖဂန်နစ္စတန်နိုင်ငံရဲ့ သတင်းဆိုးတစ်ပုဒ်ဟာ မိမိတို့နိုင်ငံအတွက် သင်ခန်းစာထုတ်ယူပြီး ပြင်ဆင်ဖို့ အခွင့်အလမ်းပေးတဲ့ အကောင်းဆီကိုဦးတည်မဲ့သတင်းတစ်ပုဒ် ဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

နွားသင်္ဘောကြီး စီးလာတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ

သတင်းကောင်းလား၊ သတင်းဆိုးလား ဝေခွဲရခက်တဲ့ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ စပိန်ကလာတဲ့ သတင်းတစ်ပုဒ်ပါ။ စပိန်ရဲတွေဟာ နွားတွေတင်ဆောင်လာတဲ့ သင်္ဘောကြီးပေါ်ကနေ အမေရိကန်ဒေါ်လာ ၁၁၄ သန်း တန်ဖိုးရှိတဲ့ ကိုကင်းမူးယစ်ဆေးဝါးတွေကို ပြီးခဲ့တဲ့အပတ်ထဲမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဇန်နဝါရီလ ၂၈ ရက်မှာ စပိန်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေး နေ့ (ဇန်နဝါရီလ ၆ ရက်)က စပိန်နိုင်ငံကို ဆိုက်ကပ်ခဲ့တဲ့ နွားတင်တဲ့သင်္ဘောကြီးဟာ ဒီမတိုင်ခင်က ဒါဇင်နဲ့ချီတဲ့ နိုင်ငံတွေက ဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ရပ်နားခဲ့တယ်လို့ ဆိုပါတယ်။ 

အနောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တိုဂို (Togo)နိုင်ငံ အလံလွှင့်ထူထားတဲ့ အဲဒီ Orion V ဆိုတဲ့ သင်္ဘောပေါ်မှာ ပါရှိတဲ့ သင်္ဘောသား ၂၈ ယောက်ကို စပိန်ရဲတွေက ဖမ်းဆီးထားပါတယ်။ 

စပိန်ရဲတွေရဲ့ အဆိုအရ နိုင်ငံတကာက မူးယစ်ဂိုဏ်းတွေဟာ လက်တင်အမေရိကဒေသက ထွက်ရှိတဲ့ ကိုကင်းတွေနဲ့ အခြားမူးယစ်ဆေးဝါးတွေကို ဥရောပနိုင်ငံတွေဆီ သယ်ယူပို့ဆောင်ရာမှာ မွေးမြူရေးတိရစ္ဆာန်တွေ တင်ဆောင်တဲ့သင်္ဘောတွေကို အသုံးပြုလာကြတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ မွေးမြူရေးတိရစ္ဆာန်တွေ ပါလာတဲ့ သင်္ဘောတွေကို ကြာရှည်ထိန်းချုပ်ထားဖို့ ခက်ခဲသလို၊ ရဲတွေက စစ်ဆေးဖို့လည်း အခြားသင်္ဘောတွေထက် ပိုပြီး ခက်ခဲလို့ဖြစ်ပါတယ်။ 

မွေးမြူ‌ရေးတိရစ္ဆာန်ကုန်သွယ်ရေး လမ်းကြောင်းတွေဟာ မူးယစ်ရာဇာတွေရဲ့ အသုံးချခံ ဖြစ်လာတာဟာ တကယ့်မွေးမြူသူတွေ၊ တိရစ္ဆာန်ကုန်သွယ်သူတွေကို အထိနာစေမှာ အမှန်ပါပဲ။ ဒါပေမဲ့ မူးယစ်ဆေးဝါးတွေကို ထိထိရောက်ရောက် ဖမ်းဆီးနှိမ်နှင်းတာကတော့ ဝမ်းသာစရာ ဖြစ်ပါတယ်။ အချို့နိုင်ငံတွေမှာ မူးယစ်ရာဇာတွေက ငွေကြေးတွေ၊ အာဏာတွေနဲ့ ကြွယ်ဝနေ၊ အာဏာပြနေချိန်မှာ စပိန်ရဲတွေက ဖမ်းမိဖို့ခက်ခဲအောင် နွားသင်္ဘောကိုမှ ရွေးချယ်ပြီး တင်ဆောင်လာတဲ့ ကိုကင်းတွေကို မိအောင်ဖမ်းပြပေးခဲ့တာကလည်း အားကျစရာပါ။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့မွေးမြူသူတွေအတွက် စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ဖြစ်လိမ့်မယ်လို့ ယုံကြည်ရင်း တင်ပြလိုက်ရပါတယ်။ 

ကိုးကား 

• Health Advocates and Online Activists Sue FDA over Antibiotics in Livestock by Jennifer Shike (www.dovers.com) 

• Over 200,000 livestock die due to cold weather in Afghanistan (www.aninews.in) 

• Spanish police seize cocaine worth $114 million from cattle ship (Alarabiya News)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်