ပဲပုပ်သီးနှံတွင် ပဲမြစ်ဖုဇီဝမြေသြဇာနှင့် ဓါတုမြေသြဇာတို့ တွဲဖက်အသုံးပြုခြင်း၏ အကျိုးသက်ရောက်မှု သုတေသနမှထူးခြားသော တွေ့ရှိချက်

08/08/2019 11:30 AM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR)၊ စိုက်ပျိုးရေးအဏုဇီဝသုတေသနဌာနစုသည် အကျိုးပြု အဏုဇီဝသက်ရှိများနှင့် သီးနှံပင်များ၏ ဆက်စပ်မှုကို သုတေသနပြုလေ့လာပြီး ရလဒ်များအပေါ် အခြေခံကာ အပင်ဖြစ်ထွန်းမှုအပေါ် အကျိုးသက်ရောက်စေမည့် ဇီဝမြေသြဇာများ ထုတ်လုပ်ဖြန့်ဖြူး သုံးစွဲစေခြင်းဖြင့် တောင်သူများ၏ အကျိုးစီးပွါးတိုးတက်စေရေးအတွက် ကူညီပံ့ပိုးပေးရန် မျှော်မှန်းချက်ဖြင့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

 

ထိုကဲ့သို့ သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပဲမျိုးစုံသီးနှံတွင် လေထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူပေးနိုင်သည့် အကျိုးပြု အဏုဇီဝဖြစ်သော ရိုင်ဇိုဘီယမ် ဘက်တီးရီးယားနှင့် သဟဇီဝဖြစ်စဉ် ဖြစ်ပေါ်မှုအားလည်း စမ်းသပ်လေ့လာလျက်ရှိပါသည်။ အပင်မှ ရိုင်ဇိုဘီယမ် ဘက်တီးရီးယားများအတွင် အစာနှင့် သကြားကွန်ပေါင်းဓါတ်များကို စီစဉ်ပေးပြီး၊ ရိုင်ဇိုဘီယမ် ဘက်တီးရီးယားများက ပဲပင်အတွက် လိုအပ်သော နိုက်ထရိုဂျင်ဓါတ်ကို လေထဲမှ ဖမ်းယူပေး၍ အပင်များစားသုံးနိုင်သည့် ပုံစံသို့ ဓါတ်လျှော့ပြောင်းလဲပေးကာ အပြန်အလှန် သဟဇီဝဖြစ်နေခြင်း (Mutualism Symbiosis) ဖြစ်ပါသည်။

 

 

ပဲမြစ်ဖုဇီဝမြေသြဇာသုံးစွဲရာတွင် ဓါတုမြေသြဇာတစ်ချို့ကို မြေခံအဖြစ် သုံးစွဲခြင်းဖြင့် ပဲပုပ်သီးနှံ အပေါ် ပိုမိုအကျိုးသက်ရောက်မှုကို လေ့လာရန်အတွက် စိုက်ပျိုးရေးအဏုဇီဝသုတေသနဌာနစု တာဝန်ခံ ဒေါက်တာမော်မော်သန်း ဦးဆောင်၍ စမ်းသပ်ကွက် တာဝန်ခံများဖြစ်သော ဦးစောနေစေးထူးနှင့် ဒေါ်နီလာမြင့်တို့က သုတေသနပြု စမ်းသပ်လေ့လာလျက်ရှိပါသည်။ သုတေသနပြု စမ်းသပ်ထားသည့် ပဲပုပ်မျိုးမှာ ရေဆင်း- ၁၅ ပဲပုပ်မျိုးများဖြစ်ပြီး၊ မြေခံအနေဖြင့် တီစူပါ ဓါတ်မြေသြဇာ (ကြွက်ချေးမြေသြဇာ) ၃၈ ပေါင်/ ဧက (တစ်အိတ်၏ သုံးပုံ တစ်ပုံနှုန်းထား) အား ထည့်သွင်းခဲ့ခြင်းဖြစ်ပါသည်။ သုတေသနပြု စမ်းသပ်သည့် ပဲပုပ်မျိုးစေ့အား အကျိုးပြုစွမ်းအား ကောင်းသော ဒေသမျိုးကွဲများ အသုံးပြုထုတ်လုပ်ထားသည့် ရိုင်ဇိုဘီယမ် ပဲမြစ်ဖုဇီဝမြေသြဇာ လူးနယ်စိုက်ပျိုးခြင်းနှင့် ရိုင်ဇိုဘီယမ် အသုံးမပြုခြင်းဟု၍ စမ်းသပ်သုတေသနပြု စိုက်ပျိုးခဲ့ပါသည်။

 

စမ်းသပ်ရာတွင် ရိုင်ဇိုဘီယမ်၏ အကျိုးသက်ရောက်မှုအား ပိုမိုထိရောက်စွာ လေ့လာနိုင်ရန်အတွက် အသုံးပြုမည့် မြေများအား ပိုးသန့်ထားခြင်း (Soil Sterilization) ဖြစ်ပြီး၊ ပဲပုပ်သီးနှံအတွက် ရိုင်ဇိုဘီယမ်မျိုးကွဲ (SB ~8)ကို လူးနယ်စိုက်ပျိုးခဲ့ခြင်းဖြစ်ပါသည်။ ယခုအခါ ပဲပုပ်သီးနှံ (၃၀) ရက်သားအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပြီး၊ မျက်မြင်တွေ့ရှိချက်အရ ရိုင်ဇိုဘီယမ် လူးနယ်စိုက်ပျိုးထားသည့် ပဲပုပ်ပင်များအား ရိုင်ဇိုဘီယမ် အသုံးမပြုပဲ စိုက်ပျိုးထားသည့် ပဲပုပ်ပင်များနှင့်နှိုင်းယှဉ်ပါက ပိုမိုကျန်းမာသန်စွမ်းခြင်း၊ အရွက်အရောင်ပိုမိုစိမ်းစိုခြင်း၊ ရောဂါ၊ ပိုးမွှားကျရောက်မှု ဒဏ်ခံနိုင်ခြင်းစသော သိသာထင်ရှားသည့် လက္ခဏာများကို တွေ့ရှိရပါသည်။ ယင်းကဲ့သို့ ပဲပုပ်ပင် ပိုမိုကျန်းမာသန်စွမ်းခြင်းသည် တီစူပါ ဓါတ်မြေသြဇာ (ကြွက်ချေးမြေသြဇာ) ကို မြေခံအဖြစ် အသုံးပြုပေးခြင်းဖြင့် ပဲမြစ်ဖုဇီဝမြေသြဇာထဲတွင် ပါဝင်သည့် အကျိုးပြု ရိုင်ဇိုဘီယမ် ဘက်တီးရီးယားများ၏ လေထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူပေးနိုင်မှု စွမ်းအားသည် ပိုမို ကောင်းမွန်ခြင်းကြောင့်ဖြစ်ကြောင်းနှင့် ပဲမြစ်ဖု ဇီဝမြေသြဇာနှင့် တွဲဖက်အသုံးပြုသင့်သော ဓါတ်မြေသြဇာနှုန်းထားများအားလည်း ပဲပုပ်စိုက် တောင်သူများအား ထောက်ခံချက်ပေးနိုင်ရန်အတွက် ဆက်လက်သုတေသနပြု ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

စိုက်ပျိုးရေးဦးစီးဌာန


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်