ပြည်တွင်းပန်းဈေးကွက်ကောင်းမွန်သည့်အလျှောက် စိုက်ပျိုးမည့်သူများပြားလာပြီး ပန်းမျိုးရှားပါးနေ

09/12/2021 20:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

ပြည်တွင်း၌ ပန်းဈေးကွက်ကောင်းမွန်သည့်အလျှောက် စိုက်ပျိုးမည့်သူများပြားပြီး ပန်းမျိုးရှားပါးနေကြောင်း ဘုရားပန်းစိုက်ပျိုးသူများထံမှ သိရသည်။

"လက်ရှိပန်းဈေးကွက်က ဈေးကောင်းရနေတော့ ပန်းမစိုက်တဲ့သူတွေကလည်း ပန်းစိုက်ဖို့ပြင်လာကြတယ်။ စိုက်နေကြသူတွေလည်း အားတက်လာကြတယ်။ ဒီလိုဆိုပေမယ့် ပန်းမျိုးက ဝယ်ရခက်နေပြန်တယ်။ ဇလွန်ဘက်က ပန်းမျိုးရောင်းတဲ့ဒိုင်ဆီ ချိတ်ဆက်ပြီး ပန်းမျိုးမှာတာ သုံးခါတိတိ ရမယ်သေချာပြီပြောပြီး ကုန်သွားပြီ၊ မရသေးဘူးနဲ့ ဖြစ်နေတယ်။ ဒီလိုနဲ့ ပြင်ဦးလွင်က ပန်းဒိုင်တွေဆီ ထပ်ချိတ်ဆက်ရတယ်။ ဒါတောင် ကိုယ်နဂိုက စိုက်မယ်လုပ်ထားတဲ့ ပန်းမျိုးအတိုင်း မရဘူး။ ရတဲ့အထဲက သုံးမျိုးကိုပဲ ဝယ်ထားလိုက်ရပါတယ်။"

ဟု ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့မှ ပန်းစိုက်တောင်သူ ကိုမင်းလွင်က ပြောသည်။

ယခုနှစ် မိုးရာသီတွင် မိုးများခဲ့သည့်အတွက် ပန်းခြံများအသေအပျောက် ပျက်စီးမှုများခဲ့သည့်အပြင် ပန်းမျိုးကောင်းမျိုးသန့် ထုတ်လုပ်သူများအနေဖြင့်လည်း ပန်းမျိုးထုတ်လုပ်မှု အနည်းနှင့်အများဆိုသလို အားနည်းခဲ့ရသည်။

"အဓိက ဈေးကောင်းရနေတဲ့အကြောင်းက ဒီနှစ်မိုးများလို့ ပန်းအထွက်နှုန်းနည်းတာကြောင့်အပြင်၊ တရုတ်နိုင်ငံဘက်က အဝင်အထွက်တင်းကြပ်ထားတဲ့အတွက်ကြောင့် တရုတ်ပန်းတွေလည်း အရင်လို ပေါပေါသီသီ တင်သွင်းလို့မရတာကြောင့်ပါ။ ဈေးကွက်ထဲမှာ တရုတ်ပန်းတွေ သိပ်မတွေ့ရတော့ဘူး။ ဒါ့ကြောင့် ကိုယ့်ပြည်တွင်းက ပန်းစိုက်တောင်သူတွေအတွက် ဈေးကွက်အခွင့်အလမ်းတွေ ပေါ်လာတာတော့ ဝမ်းသာစရာပါပဲ။"

ဟု ကိုမင်းလွင်က ဆက်လက်ပြောသည်။

ယခင်နှစ်က လက်ကားဈေး ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ် တန်ဖိုးရှိသည့် မေမြို့အက်စတာပန်း အရိုင်းစည်းတစ်စည်းလျှင် ယခုအခါ ကျပ် ၅၀၀၀ မှ ကျပ် ၆၀၀၀၊ ရွှေဝါဝင်းပန်း ၁၀ ပင်စည်း တစ်စည်းလျှင် ယခင်နှစ်က ၁၅၀၀ ကျပ်၊ ယခုအခါ ၂၃၀၀ ကျပ်အထိ ဘုရားပန်းဈေးနှုန်းများ ၂ ဆ မြင့်တက်နေသည်။

ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်