တန်ဖိုးမြှင့်ထုတ်ကုန် ကော်ဖီစိုက်ပျိုးခြင်း

21/12/2017 16:37 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။

 

ဇင်ဝိုင်း (တင်ဆက်သူ) ။ ။ သောတရှင်များမင်္ဂလာပါခင်ဗျာ…ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ရွာငံမြို့နယ်ရဲ့ ကော်ဖီကို စိုက်ပျိုးထုတ်လုပ်တင်ပို့မှုနဲ့ ကော်ဖီစိုက်ပျိုးတာကြောင့်တောင်သူများရဲ့ ဘဝ စီးပွား ရေး အဆင်ပြေမှုတွေရှိလာတဲ့အကြောင်းကို မြန်မာ့အသံ သတင်းထောက် ကျော်ဆန်းမာက ဆက်လက် တင်ပြပေး သွားမှာပဲ ဖြစ်ပါတယ်။ သောတရှင်များ နားသောတဆင်ကြပါဦး ခင်ဗျာ။

 ကျော်ဆန်းမာ (သတင်းထောက်)။ ။ အခုကျနော်သွားရောက်နေတာကတော့ ရှမ်းပြည်နယ်တောင်ပိုင်း ကို ဖြစ်ပါတယ်။ ရှမ်းပြည်နယ်ကိုသွားတဲ့ လမ်းတလျှောက်မှာဆိုရင် လမ်းဘေးဝဲယာမှာ မြင့်မားလှတဲ့ တောင်တန်းကြီးနဲ့ ဒီတောင်တန်းကြီးတွေအပေါ်မှာ လွှမ်းခြုံနေတဲ့ မြူခိုးငွေ့များကိုမြင်ရတာဟာ ကျွန်တော့်အတွက်တော့ ရင်သပ်ရှူ့ မောဖွယ် မြင်ကွင်းတစ်ခုလည်း ဖြစ်ပါတယ်။ အခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံမြို့ကိုပဲ ဖြစ်ပါတယ်။ ရွာငံမြို့ဟာ ပင်လယ်မြေမျက်နှာပြင်အထက် ပေ (၄၀၀၀) မှာ တည်ရှိနေပြီး ရာသီဥတုက လည်း အေးစိမ့်တဲ့ဒေသဖြစ်သလို၊ ဒီဒေသရဲ့မြေကြီးဟာဆိုရင် အနီရောင် မြေကြီး ဖြစ်တာကြောင့် ကော်ဖီစိုက်ပျိုးဖို့ သင့်တော်ပါတယ်။

မကြာခင်အချိန်က ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်က ကော်ဖီစိုက် တောင်သူ များမှာ ဝင်ငွေကောင်းကောင်း မရရှိခဲ့ကြပါဘူး၊ ဒါဟာ ဘာလို့လည်းဆိုရင်တော့ ကော်ဖီစိုက် တောင်သူတွေဟာ မိရိုး ဖလာနည်းများကို အသုံးပြုခြင်း၊ စနစ်တကျ စိုက်ပျိုးမှုမရှိခြင်း၊ ခူးဆွတ်တဲ့စနစ်မမှန်ခြင်း၊ အသီးအခြောက်ခံမှု နည်း စနစ် မမှန်ခြင်းနဲ့ ထုတ်ပိုးမှုမမှန်ကန်မှုတွေကြောင့် ကော်ဖီအရည်အသွေးကို ကျဆင်း စေတာပဲဖြစ်ပါတယ်။ အခုတော့ Winrock International နဲ့ နိုင်ငံတကာအဖွဲ့တွေရဲ့ နည်းပညာပံ့ပိုးမှုများ ရရှိလာတာကြောင့် ကော်ဖီလုပ်ငန်းတိုးတက် လာနေပြီ ဖြစ်ပါတယ်။ ရွာငံမြို့နယ်အတွင်း ကော်ဖီစိုက်ပျိုးကြတဲ့ ကော်ဖီစိုက် တောင်သူများအတွက် ကော်ဖီ ဈေးကွက်မှာ ဈေးကောင်း ရရှိနိုင်ဖို့အတွက် စိုက်ပျိုးရေးသုတေသန အဖွဲ့၊ ရွာငံမြို့နယ် မြန်မာနိုင်ငံကော်ဖီအသင်း၊ နိုင်ငံတကာအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Winrock International အဖွဲ့တို့ကနေ နည်းပညာထောက်ပံ့ ပေးမှုများနဲ့ ဈေးကွက်ချိတ်ဆက်ပေးနေမှုများ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ ဒီအခြေနေနဲ့ပတ်သက်ပြီး ရွာငံမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ စိုက်မန်နေဂျာ ဦးကျော်မျိုးသန့် ကိုမေးကြည့်ရာမှာတော့

ဦးကျော်မျိုးသန့် (မန်နေဂျာ၊ စိုက်ပျိုးရေးဦးစီးဌာန)။ ။ ကျွန်တော်တို့စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ရွာတွေကို ကွင်း ဆင်းကာ ဆွေးနွေးပွဲတွေ၊ ကွင်းဆင်းဆောင်ရွက်တာတွေ ရှိပါတယ်။ အဲ့ဒီလိုဆောင်ရွက်တဲ့နေရာမှာ မျိုး လိုအပ်ချက် တွေ၊ နောက် တခြားနည်းပညာနဲ့ပတ်သက်တဲ့ လိုအပ်ချက်ကလေးတွေ၊ ဆွေးနွေးတာတွေရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ အဓိကချိတ်ဆက်ပေးရတာကတော့ ပြင်ဦးလွင်မှာရှိတဲ့ ကော်ဖီဌာနများနဲ့ ချိတ်ဆက်ပြီးတော့ တောင်သူတွေရဲ့ အခက်အခဲလေးတွေကို ဖြေရှင်းပေးပါတယ်။ လက်ရှိမှာတော့ တောင်သူတွေကို စိုက်နည်းစနစ် မှန်ကန်အောင် (၈ ပေ၊ ၄ ပေ) အတန်းလိုက်စိုက်တဲ့ စိုက်နည်းစနစ်များမှန်ကန်အောင်၊ နောက်တစ်ခုက သဘာဝ မြေသြဇာများကိုပြုလုပ်သုံးစွဲအောင် ကော်ဖီသီးနှံရဲ့အရည်အသွေးရော အထွက်နှုန်းရော တိုးတက်လာအောင် ကျွန်တော် တို့က ကျေးရွာများအရောက် ဆောင်ရွက်ပေးနေပါတယ်။ နောက်တစ်ခုကတော့ သီးနှံတွေကို ကိုင်းဖြတ် ပြုပြင်ခြင်းလုပ်ငန်းတွေကိုပါ ကွင်းဆင်းပြီး တောင်သူတွေသိရှိအောင် လက်ရှိ ဆောင်ရွက်လျက် ရှိပါတယ်။

ကျော်ဆန်းမာ (သတင်းထောက်)။ ။ ကော်ဖီစိုက်တောင်သူများနေနဲ့ မိရိုးဖလာစိုက်နည်းအတိုင်း ကော်ဖီ ပင်များကို စိုက်ပျိုးနေကြခြင်းကြောင့် ကော်ဖီဈေးကွက်မှာ ဈေးကောင်းမရဘဲဖြစ်နေတာကို အရင်က သူတို့ တွေ မသိခဲ့ကြပေမယ့် အခုအခါမှာတော့ သိလာပြီ ဖြစ်တယ်လို့ Winrock International အဖွဲ့မှ ဦးကိုကိုဝင်း က ဆိုပါတယ်။

ဦးကိုကိုဝင်း (Winrock International)။ ။ သူတို့က အရင်က ကော်ဖီကိုစိုက်ထားပြီးရင် ကိုယ့်ကော်ဖီခင်းမှာ အထွက်နှုန်းနည်းတာကိုပဲ သိကြတယ်။ ဘာဖြစ်လို့ အထွက်နှုန်းနည်းရတယ်ဆိုတာ သူတို့ မသိခဲ့ကြဘူး၊ ရောဂါပိုးကျ ရောက်နေတာလား၊ ကိုယ့်ရဲ့ပြုစုယုယမှုကလိုအပ်တာလား၊ ဒါတွေကိုသူတို့မသိခဲ့ကြဘူး၊ အခုချိန် မှာဆိုရင်တော့ သူတို့ရဲ့ကော်ဖီခင်းမှာ သူတို့ကအထွက်နှုန်းကောင်းလာအောင်၊ အလင်းရောင် လိုအပ်ချက်ရှိ တာလား၊ မြေသြဇာလို အပ်ချက်ရှိတာလား၊ ပြုစုထိန်းသိမ်းတဲ့အပိုင်းမှာလိုအပ်ချက်ရှိတာလား၊ ဒါတွေကို သူတို့ သိလာကြပြီး။ ဘယ်လို ကာကွယ်ရမလဲဆိုတာတွေကို သိလာကြသလို၊ ဖြစ်လာတဲ့အရာကိုလည်း ဘယ်လို ကုသရမလဲ သိလာကြ တယ်။ နောက်တစ်ပိုင်းကတော့ တစ်ဧကအထွက်နှုန်းတွေလည်း မြင့်မားလာတယ်။ ထွက်လာတဲ့ကုန်ပစ္စည်းများရဲ့ တန်ဖိုး ကလည်း အရည်အသွေးပြည့်မှီလာတဲ့အတွက် ဈေးကောင်းရလာကာ ဈေးကွက်မှာလည်း မြင့်မားလာတယ်။

ကျော်ဆန်းမာ (သတင်းထောက်)။ ။ အခုဆိုရင် ကော်ဖီစိုက်တောင်သူဦးအေးကိုရဲ့ ကော်ဖီစိုက်ခင်းထဲ ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ကော်ဖီပင်တွေကတော့ ကျွန်တော့်တစ်ရပ်အကျော် (၆)ပေခန့်မြင့်မားတဲ့ အပင်တွေ လည်းဖြစ်ပါတယ်။ ကော်ဖီစိုက်သူအများစုကတော့ ကော်ဖီပင်များကို စိုက်ပျိုးရင် အရိပ်ရအပင်များရဲ့ အောက်မှာ စိုက်ပျိုးလေ့ရှိတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာများမှာ ကော်ဖီစိုက်ပျိုးခြင်းကို မိဘ မျိုးရိုးစဉ်ဆက်က စိုက်ပျိုးလုပ်ကိုင်ခဲ့ကြရာ မြေနေရာဝယ်ယူနိုင်ခြင်းမရှိတာကြောင့် မိသားစု စားဝတ်နေရေးအတွက် အိမ်ခြံမြေဝိုင်းအတွင်းမှာသာ အဓိကစိုက်ပျိုးကြတယ်လို့သိရပါတယ်။ ကုမ္မဏီ အဖွဲ့အစည်းများရဲ့ နည်းပညာ အထောက်အပံ့များရရှိလာပြီးနောက် ကော်ဖီဈေးကောင်းရရှိလာတဲ့အတွက် ကော်ဖီစိုက်ရတာ အဆင်ပြေလာပါတယ် လို့ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာမှ ကော်ဖီစိုက်တောင်သူဦးအေးကိုက အခုလိုပြောပါတယ်။

ဦးအေးကို (ကော်ဖီစိုက်တောင်သူ)။ ။ ကျွန်တော်တို့က အရင်တုန်းက အိမ်တလင်းများမှာ ဖျာနဲ့လှမ်းပြီး ဆုံတွေနဲ့ပဲ ထောင်းပြီးတော့ အစေ့ထုတ်တယ်။ ထုတ်ပြီးတော့ နောက်ကျမှ ဖြေးဖြေးရောင်းကြတာပါ။ ဈေးနည်း နည်းစောင့်လိုက်၊ ဝယ်တဲ့လူတွေကလည်း ရှားပါးတာပေါ့နော်။ အခုတော့ ကုမ္မဏီတွေက အထောက်အကူပြုလာတယ်။ နည်းပညာတွေ ပေးပြီးမှ လာဝယ်ယူတဲ့အခါကျတော့ အသီးလုံးတည်းလည်း ရောင်းလို့ရတယ်၊ အဆံ ကိုလည်းရောင်းလို့ရတယ်၊ ဝယ် လက်သုံးလေးဦးလောက် ကုမ္မဏီတွေကလည်းလာရောက်ဝယ်ယူတဲ့ အခါကျတော့ ဈေးကတော့ မစိုးပါဘူး။ အလုံး အတိုင်းရောင်းမယ်ဆိုရင်တော့ တစ်ထောင်၊ ထောင့်တစ်ရာ၊ ထောင့်နှစ်ရာ နှုန်း ရောင်းရတဲ့အခါကျတော့ ဈေးကွက် ကောင်းလာတော့ရောင်းရတာပျော်တာပေါ့နော်။ အခုသင်တန်းတွေ တော့ ရွာမှာလာပေးနေပါတယ်။ အရည်အသွေးမှီ အောင်၊ အစေ့ချွတ်ပြီးရင်ရေဆေးရမယ်၊ နေလှန်းတဲ့အခါ စင်နဲ့လှမ်းရမယ်၊ မိရိုးဖလာလုပ်တာနဲ့စာရင် အဲ့ဒီလိုမျိုး နည်းပညာတွေလာပေးတာဟာ ကျွန်တော်တို့အတွက် အများကြီးအထောက် အကူပြုပါတယ်။ စနစ်တကျ ဘယ်လို စိုက်ရမယ်၊ ဘယ်လိုပျိုးရမယ် အစကနေ အသီးထုတ်လာတဲ့အထိ ဒီလိုပြောပြတဲ့အတွက် ကျွန်တော်တို့ အရင်က ထက်စာရင် အဆင်ပြေတာပေါ့၊

ကျော်ဆန်းမာ (သတင်းထောက်)။ ။ Winrock International အဖွဲ့အစည်းအနေနဲ့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုး ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတတ်ရေးနဲ့ ကျေးလက်ဒေသအထောက်အကူ ဖြစ်ရေးအတွက် ကုန်စည်တန်ဖိုးမြှင့် ကွင်းဆက် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှု၊ စိုက်ပျိုးတဲ့နေရာမှာ ဘယ်လို အရည်အသွေးမှီအောင် စိုက်ပျိုးမလည်းဆိုတာကိုတော့ Winrock International အဖွဲ့မှာ စီမံကိန်းညှိ့နှိုင်းရေးမှူး အဖြစ်တာဝန်ယူ ဆောင်ရွက်နေသူ ဦးကိုကိုဝင်းက ပြောကြားချက်ကဒီလိုပါခင်ဗျာ။

ဦးကိုကိုဝင်း (Winrock International)။ ။ Winrock International အဖွဲ့က မြန်မာနိုင်ငံမှာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုဖို့အတွက် ကုန်စည်တန်ဖိုးမြင့်ကွင်းဆက်များ စီမံကိန်း (Value Chain) ကိုဆောင်ရွက်နေပါတယ်။ ဒီထဲမှာကော်ဖီသီးနှံကလည်း အရေးကြီးတဲ့ သီးနှံတစ်မျိုး ဖြစ်ပါ တယ်။ Value Chain (ကုန်စည်တန်ဖိုးမြင့် ကွင်းဆက်များစီမံကိန်း) လို့ ဆိုတဲ့နေရာမှာ စတင်စိုက်ပျိုးတဲ့ တောင်သူ ငယ်ကနေ သူတို့ရဲ့နောက်ဆုံး တင်ပို့ရောင်းချတဲ့အဆင့်အထိ၊ လမ်းကြောင်းတလျှောက်မှာ ရှိနေတဲ့ စတင်စိုက်ပျိုး ထုတ်လုပ်သူ ရောင်းဝယ်ဖောက်ကားတဲ့ကုန်သည်ပွဲစား၊ ဒီဟာကိုမှ ဝယ်ယူအခွံချွတ်မယ် ပြုပြင်စီစဉ်မယ့်သူ (Processor)၊ ကော်ဖီကိုဆိုင်ဖွင့်ပြီးလှော်မယ် (Roaster) ၊ ကော်ဖီရောင်းမယ့်သူ (Barista)၊ ဒါတွေအပြင် နိုင်ငံခြားကို တင်ပို့ရောင်းချမယ့် (Exporter) ဒီလမ်းကြောင်းတလျှောက်မှာရှိနေတဲ့ သူတွေအကုန်လုံးကို ကော်ဖီနဲ့ပတ်သက်တဲ့ နည်းပညာတွေကို သီးသန့်အကူအညီပေးနေပါတယ်။ တောင်သူငယ်အတွက်ကြတော့ သူတို့က ကော်ဖီကို တကယ် စတင်စိုက်ပျိုးထုတ်လုပ်တဲ့သူတွေဖြစ်တဲ့အတွက် သူတို့ရဲ့ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ စိုက်ပျိုးတဲ့နေရာမှာ ဘယ်လို အရည်အသွေးကောင်းတွေ ထွက်အောင်စိုက်ပျိုးမလဲ၊ ဘယ်လိုအထွက်များအောင် စိုက်ပျိုးမလဲ၊ ကော်ဖီပင်တွေရဲ့ ကျန်းမာသန်စွမ်းမှုကို ဘယ်လိုလုပ်မလည်း၊ ဒါတွေကို အဓိကစိုက်ပျိုးတဲ့ နည်းပညာတွေနဲ့ ပတ်သက်ပြီး အကူအညီ ပေးပါတယ်။

ကျော်ဆန်းမာ (သတင်းထောက်)။ ။ ကျနော် အခု ရွာငံမြို့နယ်မှရှိတဲ့ မြန်မာနိုင်ငံကော်ဖီအသင်းကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သောတရှင်များ စောစောက ကြားခဲ့ရတဲ့အသံကတော့ ကော်ဖီကြိတ်စက်ရဲ့ အသံပဲ ဖြစ်ပါတယ်။ ဒီကော်ဖီစက်ရဲ့ အသံဟာ ကျွန်တော်ကိုကော်ဖီသောက်ချင်စိတ်ဖြစ်အောင် လှုပ်ဆော်နေ သလိုပါပဲ၊ ရွာငံ ကော်ဖီအသင်းကို ၂၀၁၃ ခုနှစ်မှာ၊ အဖွဲ့ဝင်ဦးရေ (၅၀၀) နဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ရွာငံမြို့နယ်မှာ ကျေးရွာ ပေါင်း (၁၂၅) ရှိရာမှာ ကျေးရွာ (၉၅) ရွာကတော့ ကော်ဖီစိုက်တောင်သူတွေ ဖြစ်ပါတယ်။ ရွာငံမြို့နယ်၊ ကော်ဖီ အသင်း ဒုတိယ ဥက္ကဌ ဦးဝင်းအောင်ကျော်ပြောတာကတော့…

ဦးဝင်းအောင်ကျော် (ဒုတိယ ဥက္ကဌ၊ ရွာငံမြို့နယ် ကော်ဖီအသင်း)။ ။ အသင်းဖွဲ့ပြီးချိန်နဲ့ မဖွဲ့စည်းခင်ကွာခြား ချက်က တော့ အသင်းကိုမဖွဲ့စည်းခင်က ဈေးကောင်း မရခဲ့ဘူး၊ ဈေးကွက်အချိတ်ဆက်မရှိခဲ့ဘူး၊ နည်းပညာ ကောင်းကောင်း မသိခဲ့ကြဘူး။ အသင်းဖွဲ့ပြီးနောက် အရည်အသွေးကောင်းတဲ့ကော်ဖီတွေ ထုတ်လုပ်လာနိုင် ပါတယ်။ စိုက်ပျိုးနည်းစနစ် တွေပိုကောင်းပါတယ်။ ဈေးကွက်ချိတ်ဆက်မှုတွေ ရှိလာပါတယ်။ ၂၀၁၅ ခုနှစ်က တရုတ်ကို ဈေးကွက်မှာ တန် (၂၄၀) ထိ ပို့နိုင်ခဲ့ပြီး၊ ဒီနှစ်လည်း ထိုင်ဝမ်ကို ရွာငံမြို့နယ် အသင်းသီးသန့် ကွန်တိန်နာ တစ်လုံး ပို့နိုင်ခဲ့ပါတယ်

ကျော်ဆန်းမာ (သတင်းထောက်)။ ။ ၂၀၀၆ ခုနှစ်က ကော်ဖီဈေးနှုန်းဟာ (၂၅၀၀) သာရှိခဲ့ပြီး အခုအခါ မှာတော့ (၄) ထောင်ပတ် ဝန်းကျင်ထိ မြင့်တက်လာပြီ ဖြစ်ပါတယ်။ ဒီအထဲကမှ ဝမ်းသာစရာ သတင်းကောင်း တစ်ကတော့ ၂၀၁၆ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စုကို တင်ပို့ရောင်းချရာမှာ တစ်တန်ကို အမေရိကန် ဒေါ်လာ (၇၀၀၀) ရရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၆ ခုနှစ်က၊ နိုင်ငံခြားကို ကော်ဖီတန်ချိန် (၁၀) ကို ပို့ဆောင်နိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာလည်း တန် (၁၀၀) ပို့နိုင်ဖို့ ရည်မှန်ထားပါတယ်။

အိုး… အခုမှပဲ ကမ္ဘာ့အဆင့်မှီကော်ဖီကို သောက်လိုက်ရတာပဲ၊ ကော်ဖီရောင်က နက်ပြီး အနံ့က မွှေးပြီး အရသာ ကတော့ ခါးသက်သက် အရသာကိုခံစားရပါတယ်။ တကယ်လို့များ ကော်ဖီလုပ်ငန်းကို တစိုက်မတ်မတ် လုပ်ကိုင် မယ်ဆိုပါက ကော်ဖီဟာအရည် အသွေးမှီတဲ့ နိုင်ငံတကာအဆင့်ရှိ ကော်ဖီဖြစ်လာမှာဖြစ်ပြီး ကမ္ဘာ့ ဈေးကွက်ကိုလည်း ထိုးဖောက်ဝင်ရောက်လာနိုင်မယ်ဆိုတာ ယုံမှားသံသရ ဖြစ်စရာ မလိုပါ။ ဒါပေမယ့် ဒီလို ဝင်ရောက်နိုင်ဖို့အတွက် ရင်ဆိုင်ရမဲ့ အခက်အခဲများနဲ့ စိန်ခေါ်မှုတွေ ရှိနေပါတယ်လို့ ဦးဝင်းအောင်ကျော်က အခုလို ဆိုပါတယ်။

ဦးဝင်းအောင်ကျော် (ဒုတိယ ဥက္ကဌ၊ ရွာငံမြို့နယ် ကော်ဖီအသင်း)။ ။ စိန်ခေါ်မှုနဲ့ပတ်သက်လို့ကတော့ အခု ကျွန်တော် တို့ဆီမှာလည်း ရှိပါတယ်။ မနှစ်က ကျွန်တော်ဆိုရင် တရုတ်ပြည်က စက် အလုံး (၅၀) ကျော် ဝယ်ယူ တင်သွင်းခဲ့ တယ်။ တစ်လုံးကို (၂၇၀၀၀၀) လောက်ကျတယ်။ ဒီစက်တွေကို တောင်သူတွေကို ဖြန့်ပေးထား တယ်။ အခုလက်ရှိ ကျွန်တော်တို့ ဒီပြည်တွင်းကစက်တွေနဲ့အသုံပြုရာမှာ Quantity က တစ်ယောက်တစ်မျိုးဆီ ထုတ်တာဆိုတော့ Same Quantity မဖြစ်ဘူး၊ အဲဒါကို ဖြစ်အောင်လို့ ဒီနှစ် ကျွန်တော် အသင်းကြီးဖွဲ့စည်းလိုက် တာ ဒီရည်ရွယ်ချက်လည်းပါ တယ်။ တချို့ကျတော့ (wet process) လုပ်တာကြတော့(Fermentation Time) က မတူညီကြဘူး၊ ရိတ်သိမ်းတဲ့ အခါမှာ (Moisture) မတူတာတို့ရှိ တာပေါ့၊ ကျွန်တောတို့က Export လုပ်တဲ့ အခါကျတော့ ကွန်တိန်နာတစ်လုံး တည်းဆိုရင်၊ အဲဒီကွန်တိန်နာ တစ်လုံးဟာ Same Quantity ဖြစ်ရမယ်၊ အဲဒီလိုဖြစ်နိုင်ဖို့အတွက် ကျွန်တော်တို့ အသင်းဖွဲ့ တာပါ။ အသင်းဖွဲ့ပြီးတော့မှ သူတို့အသီးတွေယူလာမယ်၊ သူတို့ရှယ်ယာတွေထည့်လာမယ်၊ ဒီတောင်သူတွေ ကပဲ အသီးတွေပြန်ဝယ် ယူပြီးတော့ စုပေါင်းထုတ်လုပ်ကာ Direct တင်ပို့မှာ ဖြစ်တဲ့အတွက်၊ တစ်နေရာတည်းမှာ လုပ်ရတဲ့အတွက် အရည်အသွေးညီမယ်၊ Moisture တွေက အစညီမယ် ၊အဲဒါဆိုရင် ကျွန်တော်တို့ ကောင်းကောင်း တင်ပို့ နိုင်မှာ ပါ။

ဇင်ဝိုင်း (တင်ဆက်သူ) ။ ။ သောတရှင်များခင်ဗျာ…မြန်မာ့အသံသတင်းထောက် ကျော်ဆန်းမာ တင်ပြပေးခဲ့တဲ့ ရွာငံမြို့နယ်က ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုနဲ့ပတ်သက်ပြီးသောတရှင်များလည်း ကျေနပ်နှစ်သက်ကြလိမ့်မယ် လို့ မျှော်လင့်မိပါတယ်။ နောက်လာမယ့် အပတ်များမှာလည်း အခုလို အစီအစဉ်ကောင်းများကို ထုတ်လွှင့် တင်ဆက်ပေး သွားမှာဖြစ်တာကြောင့် ဆက်လက် နားသောတဆင်ကြပါဦးခင်ဗျာ။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်