ကျူးကျော်ဗေဒါတွေကို ပိုးနဲ့နှိမ်နင်းနေရတဲ့ တောင်အာဖရိကပညာရှင်များ..

16/03/2023 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

တောင်အာဖရိကနိုင်ငံက ဟာတီးဆည်ဟာ တစ်ခါတုန်းကတော့ ခရီးသွားတွေ စည်းကားရာနေရာ အပန်းဖြေစခန်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဧည့်သည်တွေက သဘာဝရှုခင်းတွေကို လာရောက်ကြည့်ရှုခံစားကြသလို ရေပေါ်အားကစားတွေနဲ့လည်း ဆော့ကစားအပန်းဖြေခဲ့ကြပါတယ်။ ဒီနေ့မှာတော့ ဆည်ကြီးအတွင်းက ဗေဒါတောပင်လယ်ထဲမှာ လှေကလေးတွေ မလူးသာမလွန့်သာဖြစ်နေတဲ့မြင်းကွင်းကသာ ဧည့်သည်တွေကို အသင့်စောင့်ကြိုလျက်ရှိပါတယ်။

ဟာတီးဆည်ကို ဗေဒါပင်တွေ ဝါးမြိုလာခြင်းရဲ့ အကြောင်းကတော့ မိလ္လာအညစ်အကြေးတွေ၊ စက်ရုံထွက်ဓာတုပစ္စည်းတွေ၊ ဓာတ်သတ္တုတွေအပြင် Johannesburg နဲ့ Pretoria ဒေသမြစ်တွေဆီက စီးဝင်လာတဲ့ အမှိုက်သရိုက်တွေ ဆည်ကြီးအတွင်း ညစ်ညမ်းလာကြောင့် ဖြစ်ပါတယ်။

“ကျွန်တော်တို့ တောင်အာဖရိကနိုင်ငံမှာ ရေထုညစ်ညမ်းမှု အကြီးအကျယ် ကြုံတွေ့နေရပါတယ်” လို့ ဗေဒါပင်တွေအကြောင်း နှစ်ပေါင်း ၂၀ ကျော် လေ့လာခဲ့ပြီး ယခုအခါ Rhodes တက္ကသိုလ်၊ ဇီဝနည်းလမ်းသုံးကာကွယ်နှိမ်နင်းရေးဌာနရဲ့  ရေနေပေါင်းနှိမ်နင်းရေးအစီအစဉ်ကို ဦးဆောင်နေသူ ပါမောက္ခ Julie Coetzee က ပြောပါတယ်။

ညစ်ညမ်းပစ္စည်းတွေအတွင်း ပါဝင်နေတဲ့ အပင်အာဟာရဓာတ်တွေဟာ ဗေဒါပေါင်းပင်တွေ ပွားများလာစေတဲ့ အကောင်းဆုံးဓာတ်မြေသြဇာတွေ ဖြစ်နေပြီး ဆည်ကို မှီတင်းကာ အသက်မွေးနေကြသူ ရပ်ရွာလူထုအတွက် အလွန်အင်မတန် စိုးရိမ်စရာကိစ္စ ဖြစ်လာပါတယ်။

အပျော်စီးလှေကုမ္ပဏီ တည်ထောင်ထားသူ အသက် ၅၃ နှစ်ရှိ Dion Mostert ဟာ ဆည်အတွင်း ဗေဒါတွေ ဖုံးလွှမ်းပေါက်ရောက်လာလို့ သူ့လုပ်ငန်း ဆက်လက်မလည်ပတ်နိုင်တော့ဘဲ ဝန်ထမ်း ၂၅ ဦးလုံးကို ဖြုတ်ပစ်ရတော့မယ့်အခြေအနေ ရင်ဆိုင်နေရပါတယ်။

“လှေတွေ ဘယ်မှရွေ့လို့မရတော့ဘူး။ ဒါဟာ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းအလုပ်အကိုင်တွေအပေါ် ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်” လို့ Mostert က ဗေဒါပင်တွေကြား ပိတ်မိနေတဲ့ သူ့လုပ်ငန်းရဲ့ အပျော်စီးလှေတစ်စီးကို ညွှန်ပြရင်း ပြောပါတယ်။

ပေါင်းသတ်ဆေးတွေ အသုံးပြုပြီး ဗေဒါပင် နှိမ်နင်းဖို့ သူ စဉ်းစားခဲ့ဖူးပေမယ့် ဒါဟာ လက်ပူတိုက်ပြီး ဖြေရှင်းတဲ့နည်းတစ်ခုသာ ဖြစ်မယ်လို့ ဝန်ခံပါတယ်။

ဒါပေမဲ့ ကံကောင်းတာတစ်ခုက သိပ္ပံပညာရှင်တွေနဲ့ ဒေသခံတွေဟာ ဒီကျူးကျော်ဗေဒါပင်တွေကို ရှင်းလင်းဖို့ နည်းလမ်းကောင်းတစ်ခုကို တွေ့ရှိထားကြပါတယ်။ အဲဒါကတော့ သိပ္ပံအမည် Megamelus scutellaris လို့‌ ခေါ်တဲ့ ဗေဒါစားပိုးကောင်ငယ်တွေကို ဆည်ထဲမှာ လွှတ်ပေးတဲ့နည်း ဖြစ်ပါတယ်။

အပင်ရဲ့အစာကြောကို စားသောက်တတ်တဲ့ ဒီပိုးကောင်ငယ်တွေဟာ ဗေဒါပင်တွေအတွက် သဘာဝရန်သူပိုးမွှားတွေ ဖြစ်ကြပါတယ်။ ဒီပိုးကောင်နဲ့ ဗေဒါပင်တို့ဟာ တောင်အမေရိကတိုက် အမေဇုန်ရေဝေကြောကနေ လာကြပြီး မူရင်းဇာတိတူသူတွေ ဖြစ်ကြပါတယ်။ ဆည်အတွင်းကို တစ်ခါလွှတ်ရင် အင်းဆက်ကောင်ရေ ထောင်ဂဏန်းလောက် လွှတ်ပေးရတယ်လို့လည်း သိရပါတယ်။

ဒီအင်းဆက်တွေဟာ အပင်အစာချက်လုပ်နေစဉ်အတွင်း အရွက်ကနေ အခြားအပင်အစိတ်အပိုင်းတွေဆီ အစာပေးပို့တဲ့ အပင်တစ်ရှုးတွေကို စားသောက်ကာ ပေါင်းပင်ကို သေစေတာဖြစ်ပါတယ်။

ဗေဒါပင်တွေဟာ ဆည်ဧရိယာ ၅၀ ရာခိုင်နှုန်းလောက်အထိတောင် ဖုံးလွှမ်းထားနိုင်ပြီး အရင်တစ်ခါကတော့ ဒီအင်းဆက်ပိုးတွေရဲ့ တိုက်ခိုက်ဖျက်ဆီးမှုနဲ့ ဆည်ပေါ်မှာ ဗေဒါဖုံးလွှမ်းဧရိယာ ငါးရာခိုင်နှုန်းသာ ကျန်အောင် လျှော့ချပစ်နိုင်ခဲ့ဖူးတယ်လို့ Coetzee က ပြောပါတယ်။

အသက် ၄၁ နှစ်အရွယ် သဘာဝပတ်ဝန်းကျင်ပညာရှင် Patrick Ganda က ဗေဒါစားပိုးကောင်တွေကို ဟာတီးဆည်ရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ Grootvaly Blesbokspruit စိမ့်မြေထိန်းသိမ်းစောင့်ရှောက်ရေးစခန်းမှာ မွေးမြူပါတယ်။

ဟာတီးဆည်ဟာ အရင်က ငှက်မျိုးစိတ် တစ်ရာကျော်လောက် ကျက်စားရာနေရာဖြစ်ခဲ့ပြီး ခရီးသွားအများအပြားကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ယနေ့မှာတော့ စိမ့်မြေ ရေထုအများစုပေါ်မှာ အပင်တွေ ဖုံးအုပ်နေပြီး ငှက်တွေဟာ ငါးနဲ့ အပင်ငယ်တွေ ရှာဖွေစားသောက်နိုင်ခြင်းမရှိတော့ ယခုတော့ ငှက်မျိုးစိတ် နှစ်ခုသုံးခုသာ ကျန်ရှိတော့တယ်လို့ ၎င်းက ပြောပါတယ်။

အင်းဆက်အသုံးပြုပြီး ဗေဒါပေါင်းတွေကို နှိမ်နင်းတာ အတော်အတန် ထိရောက်အောင်မြင်ပေမယ့် ယခုလိုဖြစ်လာရခြင်းရဲ့ ပင်မအကြောင်းကို ဖြေရှင်းဖို့ များစွာ လုပ်ဆောင်ရဦးမယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးပါတယ်။ အာဏာပိုင်တွေအနေနဲ့ ရေဆိုးရေညစ်စီမံခန့်ခွဲမှုအပေါ် ဥပဒေတင်းတင်းကျပ်ကျပ်ပြဋ္ဌာန်းမယ်ဆိုရင် ပြဿနာဖြေရှင်းနိုင်ဖွယ်ရှိကြောင်း ၎င်းတို့က အကြံပြုပါတယ်။

“ကျွန်တော်တို့ဟာ ပိုမိုကြီးမားတဲ့ အရင်းခံပြဿနာကြီးကြောင့် ဖြစ်ပေါ်တဲ့ ‌ရောဂါကို ကုသနေရသလိုမျိုးပါ” လို့ Rhodes တက္ကသိုလ်က သိပ္ပံပညာရှင် Kelby English က ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: South African scientists use bugs in war against water hyacinth weed - Reuters

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်