ကန်ထရိုက်လယ်ယာကြမ်းခင်းဈေးထက် ပြင်ပစပါးပေါက်ဈေးတွေ မြင့်နေတဲ့အတွက် ပြင်ပပေါက်ဈေးအတိုင်း ဝယ်ယူနေ

14/10/2021 11:00 AM တွင် ရူပါအောင်ဝင်း ရူပါအောင်ဝင်း မှ ရေးသား

    ဓနုဖြူမြို့နယ်မှာ ကန်ထရိုက်လယ်ယာလုပ်ငန်း လုပ်ကိုင်လာတာာ ၁၀ နှစ်ပြည့်မြောက်သွားပြီဖြစ်တဲ့ ကဉ္ဇနကျွန်းသာကုမ္ပဏီက မိုးစပါးရာသီအစမှာ အကျိုးတူလယ်ယာဧက  တစ်သောင်းကျော်ကို တောင်သူတွေနဲ့ပူးပေါင်းကာ စိုက်ပျိုးခဲ့ပါတယ်။ ဒီလိုစိုက်ပျိုးရာမှာ စပါးကြမ်းခင်းဈေးသတ်မှတ်ပေးပြီး စပါးမျိုး၊ ဓာတ်မြေသြဇာနဲ့ စိုက်ပျိုးစရိတ်တို့ကို အတိုးမဲ့ထုတ်ချေးပေးပြီး အနည်းဆုံး စပါးတင်းငါးဆယ် ပြန်လည်ရောင်းချပေးဖို့ စာချုပ်ချုပ်ဆိုပြီး တောင်သူတွေနဲ့ ပူးပေါင်းစိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုချုပ်ဆိုခဲ့ရာမှာ စပါးကြမ်းခင်းဈေးကို ကျပ်ငါးသိန်းငါးသောင်း သတ်မှတ်ချုပ်ဆိုခဲ့ပေမယ့် အခု စပါးပေါ်ချိန်မှာ ဈေးကွက်ပေါက်ဈေးက ကျပ် ၆ သိန်းဈေးဖြစ်နေတဲ့အတွက် ဈေးကွက်ပေါက်ဈေးအတိုင်း ပြန်လည်ဝယ်ယူနေတာဖြစ်ပါတယ်။

ကျွန်တော်တို့ကုမ္ပဏီကတော့ ဒီနှစ်ထဲမှာ ၂၀၂၁ မိုးစပါးကြမ်းခင်းဈေးကို ငါးသိန်းငါးသောင်းနဲ့ ကြမ်းခင်းဈေးထားပေးတယ်။ ကြမ်းခင်းဈေးထက် ပြင်ပဈေးတက်နေရင်လည်း လိုက်တက်ဝယ်ပေးရတယ်။ ကြမ်းခင်းဈေးအောက် ပြင်ပဈေးကျနေရင် ကြမ်းခင်းဈေးအတိုင်း တောင်သူတွေကို ဝယ်ပေးရတယ်။ ဒါက ကျွန်တော်တို့ကုမ္ပဏီရဲ့ အစဉ်အလာ စည်းမျဉ်းစည်းကမ်းတွေ အတိုင်းဝယ်တာပေါ့နော်။

ဟု ကဉ္ဇနကျွန်းသာကုမ္ပဏီ၏ စပါးဝယ်ယူရေးတာဝန်ခံ ဦးဝင်းမြင့်က ပြောသည်။

    အစိုးရကနေ အခြေခံရည်ညွှန်းစပါးဈေးကို တစ်တင်း ၄၆ ပေါင်ကိုက် တင်းတစ်ရာကို ကျပ် ငါးသိန်းလေးသောင်း သတ်မှတ်ထားပေမယ့် ပြင်ပဈေးကွက်ပေါက်ဈေးကတော့ စပါးတစ်တင်း ၅၅ ပေါင်ကိုက် တင်းတစ်ရာကို ကျပ် ၆သိန်းဝန်းကျင်မှာ ရှိနေပါတယ်။ တောင်သူတွေမှာ ရိတ်သိမ်းပြီးစ စပါးတွေကို အစိုးရသတ်မှတ်ထားတဲ့ အစိုဓာတ်အမှတ် ၁၄ အထိရောက်အောင် စက်ကိရိယာတွေနဲ့ အခြောက်ခံပေးဖို့ အခက်အခဲရှိတဲ့အတွက် ကွင်းထဲကရိတ်သိမ်းပြီးစ စပါးအစိုဓာတ်အမှတ် ၂၀ ကနေ ၃၀ အတွင်းရှိစပါးကို တစ်တင်း ၅၅ ပေါင်ကိုက်ဖြင့် ပေါင်ပို ၉ ပေါင်ပိုပေးကာ တောင်သူက ရောင်းချရတာဖြစ်ပါတယ်။ ဒါကြောင့် အစိုဓာတ်အမှတ် ၁၄ ရှိတဲ့ တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်းတစ်ရာရဲ့ဈေးမှာတော့ ကျပ်ငါးသိန်းကိုးသောင်းလောက်သာရှိနေပြီး ဈေးကွက်သီးသန့်မရှိတဲ့ စပါးမျိုးများမှာတော့ ဒီထက်ဈေးပိုကျနိုင်ပါတယ်။ ၂၀၂၁ မိုးစပါးရာသီမှာ ယူရီးယားမြေသြဇာတစ်အိတ်ကို ကျပ်သုံးသောင်းလေးထောင်လောက်ကနေ ကျပ်ခြောက်သောင်းကျော်အထိ မြင့်တက်သွားခဲ့တဲ့အတွက် တစ်ဧကကုန်ကျစရိတ်မှာ ကျပ်ငါးသောင်းကျော်အထိ ပိုပြီးကုန်ကျခဲ့ပါတယ်။ ဒါကြောင့် ကန်ထရိုက်လယ်ယာစနစ်နဲ့စိုက်ပျိုးတဲ့ တောင်သူတွေမှာ ဓာတ်မြေသြဇာတွေကို ယခင်ဈေးနှုန်းအတိုင်းရရှိခဲ့ပေမယ့် ကန်ထရိုက်လယ်ယာစနစ်နဲ့ မစိုက်ပျိုးနိုင်တဲ့ တောင်သူတွေမှာတော့ စပါးဈေးရလာပေမယ့် ဓာတ်မြေသြဇာ၊ စက်သုံးဆီ စတဲ့သွင်းအားစုတွေရဲ့ကုန်ကျစရိတ်တွေ တက်လာတဲ့အတွက် အကျိုးအမြတ်တွေက နည်းမြဲနည်းနေဆဲဖြစ်ပါတယ်။ ဒီအခြေအနေကို သန်လျှင်မြို့နယ်မှ ကန်ထရိုက်လယ်ယာစနစ်နဲ့စိုက်ပျိုးနေတဲ့ တောင်သူ ကိုမင်းဇော်က အခုလိုပြောပါတယ်။

ကိုမင်းဇော်(စပါးစိုက်တောင်သူတစ်ဦး)၊ ကျောက်တန်းမြို့နယ်။

ကျွန်တော်က ဒါက ကုမ္ပဏီစပါးမို့သာ မပြောသေးတာ။ တကယ်ဓလေ့စပါး စိုက်တဲ့သူတွေ မကိုက်နိုင်တော့ဘူး။ ဘယ်လောက်ထွက်မလဲ၊ ပျှမ်းမျှခြင်း ၆၀၊ ၆၅။ အခု ရိတ်သိမ်းခတွေ ဈေးတွေတက်တယ်။ ခြောက်သောင်းလောက်ရှိတယ်။ မြေဆီ ခုနှစ်သောင်းဖြစ်နေတယ်။ ထွက်လာတဲ့စပါးသည် ၆၀၊ ၆၅ ဝန်းကျင်ဆိုရင် လယ်သမားဘဝက ၃၊ ၄၊ ၅ လရင်း ထားရတဲ့ဘဝလေ ဘာကြေးတွေပါမယ်။ ဆိုတော့ သူတို့သတ်မှတ်ဈေးနဲ့က ဘယ်လောက်အထိ အကြမ်းဖျင်းကျန်နိုင်လဲဆိုတာ တွက်လို့ရတယ်။ အလွန်ဆုံးကျန်မှ သုံး၊ လေး၊ငါးသောင်းပေါ့။

    ကဉ္ဇနကျွန်းသာ ကန်ထရိုက်လယ်ယာကုမ္ပဏီက စပါးပြန်လည်ဝယ်ယူရာမှာ ဆင်းသုခနဲ့ ပခန်းမျိုးများကို စပါးတစ်ရာ ကျပ် ၆သိန်းနှုန်းနဲ့ ပြန်လည်ဝယ်ယူနေပြီး ပြည်တော်ရင်၊ အလဲဗင်း၊ ဆင်းသွယ်လတ်၊ မှော်ဘီ - ၂၊ ဂျီဒဗယ်လျူစပါးမျိုးတွေကို ကျပ် ငါးသိန်းကိုးသောင်းနှုန်းနဲ့ ပြန်လည်ဝယ်ယူနေပါတယ်။  ကဉ္ဇနကျွန်းသာကန်ထရိုက်လယ်ယာကုမ္ပဏီက လယ်ယာကဏ္ဍတိုးတက်လာဖို့အတွက် ရည်ရွယ်ပြီး ကန်ထရိုက်လယ်ယာလုပ်ငန်းကို ၂၀၁၂ ခုနှစ်ကတည်းက နှစ်စဉ်ပုံမှန်လုပ်ကိုင်လာခဲ့တဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။ ကန်ထရိုက်လယ်ယာလုပ်ငန်းမှာ မပါမဖြစ် အဓိကကျတဲ့လုပ်ငန်းတစ်ခုဖြစ်တဲ့ မျိုးစေ့ထုတ် ကုန်ထရိုက်လယ်ယာလုပ်ငန်းကိုလည်း တောင်သူတွေနဲ့ပူးပေါင်းကာ နှစ်စဉ် လုပ်ကိုင်နေပြီး အဲ့ဒီကရရှိလာတဲ့ ဆန်စပါးတွေကိုကြိတ်ခွဲကာ ပြည်ပတင်ပို့တဲ့လုပ်ငန်းကိုလည်း လုပ်ကိုင်လျှက်ရှိပါတယ်။ ကဉ္ဇနကျွန်းသာကန်ထရိုက်လယ်ယာကုမ္ပဏီကနေ ဆယ်နှစ်အတွင်းမှာ ကျပ်ငွေ ၈ ဘီလီယံကို ရင်းနှီးမြှုပ်နှံထားပါတယ်။