မွေးပြီးစနွားကလေးပြုစုခြင်း

06/10/2020 13:45 PM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

    နွားကလေးတစ်ကောင် မွေးလာသည့်အခါ ၎င်း၏သက်တမ်းပထမအပတ်တွင် ကျွန်ုပ်တို့လုပ်ဆောင်ရမည့် အလေ့အထများ ရှိပါသည်။ 

🔸နွားကလေးသည် နို့ဦးရည် လုံလုံလောက်လောက်ရရှိဖို့ လိုအပ်ပါသည်။ 

🔸ချက်တိုင်ကို အိုင်အိုဒင်းဆေးရည် လိမ်းပေးခြင်း၊ 

🔸နားကပ်အမှတ်အသားတပ်ခြင်း၊ 

🔸နွားကလေးကို နွားမကြီးနှင့်ခွဲပြီး နွားကလေးထည့်သည့် လှောင်အိမ်ထဲတွင် သီးသန့်ထားခြင်း၊ 

🔸နို့ဘူးဖြင့်တိုက်ခြင်း၊ 

🔸အပိုနို့တိုင်များ ပါ/မပါစစ်ဆေးခြင်း စသည်တို့ကိုလည်း ပြုလုပ်ပေးရမည်။

    နွားကလေးမွေးချိန်တွင် မိခင်နို့သည် ဝါပြီးပျစ်နေသည်။ ထိုနို့သည် နို့ဦးရည်ဖြစ်ပြီး နွားငယ်အတွက် အလွန်ကောင်းသည်။ 

    နို့ဦးရည်တွင် ပုံမှန်နို့များထက် အသားဓာတ်နှင့် စွမ်းအင်ဓာတ်ပါဝင်မှု ပိုများသည်။ အရေးကြီးဆုံးအချက်သည် ရောဂါကာကွယ်သော ပဋိပစ္စည်းပါဝင်ခြင်း ဖြစ်သည်။ ပဋိပစ္စည်းသည် ရောဂါခုခံနိုင်စွမ်းတည်ဆောက်ရာတွင် ကူညီပေးသည်။ မိခင်နွားမကြီးသည် ရောဂါများကြုံတွေ့ရသည့်အခါ သို့မဟုတ် ရောဂါကြိုတင်ကာကွယ်ဆေးထိုးနှံခြင်းကြောင့် ရောဂါကိုခုခံမည့် ကိုယ်ခံစွမ်းအားကို တည်ဆောက်ပါသည်။ နွားကလေးများ မွေးလာသည့်အခါ ၎င်းတို့တွင် သဘာဝအလျောက် ရောဂါခုခံစွမ်းအား အပြည့်အဝမပါလာသည့်အတွက် ရောဂါကိုခံနိုင်ရည် မရှိသေးပေ။ ထို့ကြောင့် နို့မှတဆင့် မိခင်မှကလေးဆီသို့ ကိုယ်ခံစွမ်းအား လွှဲပြောင်းပေးမှုသည် ကျန်းမာသန်စွမ်းသော နွားကလေးတစ်ကောင် ဖြစ်လာစေဖို့အတွက် အရေးကြီးသည်။ 

    အသက်တစ်ရက်မပြည့်သေးသော နွားကလေး၏ အစာအိမ်သည် မိခင်၏ သားအိမ်အပြင်ဘက်တွင် အသက်ရှင်နိုင်ရေးအတွက် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်နေဆဲဖြစ်သည်။ ထိုကာလတွင် နွားကလေး၏အစာအိမ်သည် နို့ထဲရှိ ပဋိပစ္စည်းကို စုပ်ယူနိုင်သည်။ သို့ရာတွင် နွားကလေးသည် သားအိမ်ပြင်ပအခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်နေသည့်အတွက် ၎င်း၏ အစာအိမ်မှ ပဋိပစ္စည်းစုပ်ယူနိုင်စွမ်းသည် လျင်လျင်မြန်မြန် ကုန်ဆုံးသွားသည်။ မွေးပြီး ၁ ရက်ကြာလျှင် ပဋိပစ္စည်းစုပ်ယူနိုင်စွမ်း ကုန်ဆုံးသွားသည်။ မိခင်နို့အတွင်း ပဋိပစ္စည်းပါဝင်မှုသည်လည်း နွားကလေးမွေးပြီးနောက် အလွန်လျင်မြန်စွာ လျော့ကျကုန်ဆုံးသွားသည်။ 

    ထို့ကြောင့် နွားကလေးမွေးပြီးပြီးချင်း နာရီအနည်းငယ်အတွင်း မိခင်၏ နို့ဦးရည်ကို သောက်သုံးနိုင်ဖို့ အလွန်အရေးကြီးပါသည်။ မွေးပြီး ၁၂ နာရီအတွင်း ၃ ပိဿာခန့် သောက်သင့်ပါတယ်။ အထူးသဖြင့် မွေးပြီး ပထမ ၆ နာရီအတွင်း ၁-၂ ပိဿာ သောက်သင့်ပါသည်။ နို့ဦးရည်ကို လုံလောက်သည့်ပမာဏ သေချာစွာရရှိစေမည့် နည်းလမ်းတစ်ခုကတော့ မွေးပြီးနောက် နွားကလေးကို သီးခြားခွဲထားပြီး မိခင်ဆီမှနို့ကို ညှစ်ယူ၍ နို့ဘူးဖြင့် ချိန်တိုက်ခြင်းဖြစ်သည်။ အခြားနည်းကတော့ ပထမတစ်နေ့မှာ နွားကလေးသည် မိခင်ဆီမှ နို့ကို လုံလောက်အောင် စို့ရသလားဆိုတာ သေချာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

    နွားကလေး၏ချက်တိုင်သည် မွေးပြီးနောက် စိုနေသေးလျှင် ရောဂါပိုးဝင်ရောက်နိုင်သည်။ ချက်တိုင်ကို အိုင်အိုဒင်းဆေးရည်ထဲတွင်နှစ်ပြီး ပိုးသတ်ခြင်းဖြင့် ရောဂါပိုးကူးစက်ဝင်ရောက်မှုကို ကာကွယ်နိုင်မည်ဖြစ်သည်။ နွားမများကို နို့ညှစ်ပြီးနောက် နို့တိုင်နှစ်ရန်သုံးသည့် အိုင်အိုဒင်းမျိုးသုံးနိုင်သည်။ 

    အကယ်၍ သင်သည် နွားကလေးကို နို့ဘူးဖြင့်တိုက်နေလျှင် နွားကလေးကို နွားမကြီးနှင့် လွှတ်ပေးထားခြင်းသည် မည်သည့်အကျိုးမှမရှိပေ။ ငယ်တုန်းတွင် မိခင်နှင့်ခွဲတာထက် ကြီးမှခွဲလျှင် နွားကလေးအတွက် အဆင်မပြေမှု ပိုဖြစ်စေသည်။ 

    ငယ်တုန်းတွင်ခွဲလျှင် နွားကလေးသည် အစာကျွေးသောသူကို မြန်မြန်တွယ်ကပ်မှုဖြစ်ပြီး မိခင်ကို မေ့သွားသည်။ နွားကလေးအတွက် မိခင်ဘေးတွင် ကြိုးချည်ထားခံရပြီး နေရသည်ထက် လမ်းလျှောက်သွားလာနိုင်မည့် သန့်ရှင်းသည့် နွားကလေးခြံထဲတွင် နေရသည်က ပို၍ သက်သောင့်သက်သာဖြစ်စေသည်။ နွားကလေးများကို မွေးပြီးပထမတစ်ပတ်ထဲတွင် သန့်ရှင်းသည့် နွားကလေးခြံသို့ အသက်မတိမ်းမယိမ်းနွားငယ်များနှင့် အတူထားပါ။ နွားကလေးခြံသည် ကွန်ကရစ်ခြံဖြစ်လျှင် စပါးခွံ၊ ကောက်ရိုး သို့မဟုတ် ရော်ဘာအခင်းခင်းပေးပြီး နွေးအောင်လုပ်ပေးရမည်။ သန့်ရှင်းအေးမြသောရေနှင့် အစာစိမ်းစားနိုင်အောင် စီစဉ်ပေးရမည်။ အစာနုကို နွားကလေး ၁ ပတ်သားခန့်တွင် စတင်ကျွေးနိုင်သည်။

    နွားကလေးကို နွားမကြီးနှင့်ခွဲပြီးလျှင် နွားကလေးနာမည် သို့မဟုတ် နံပါတ်ပေးရမည်။ နွားကလေး၏ မွေးရက်၊ မိခင်၊ မွေးစကိုယ်အလေးချိန်တို့ကို မှတ်သားပါ။ နားကပ်ပြားတပ်မည်ဆိုလျှင် နွားကလေး ၁ ရက်သားခန့်တွင်သာ တပ်သင့်သည်။ ငယ်လေ နားကပ်ပြားတပ်ရတာ နာကျင်မှုနည်းလေဖြစ်သည်။ အကယ်၍ နွားကလေးကို နားကပ်ပြားမတပ်ချင်လျှင် သို့မဟုတ် နွားကလေးများ များလွန်သည့်အတွက် မတပ်ဖြစ်သေးလျှင် လည်ပင်းတွင် အမှတ်အသားကို ကြိုးဖြင့်ဆွဲပေးပြီး ၎င်းတို့၏အချက်အလက်များကို မှတ်မိအောင်လုပ်ပါ။

    တစ်ခါတရံ နွားအမလေးများတွင် နို့တိုင်လေးတိုင်ထက် ပိုပါတတ်သည်။ နို့တိုင် ၅ ခု ၆ ခုထိ ပါတတ်သည်။ အပိုနို့တိုင်များသည် သေးပြီး နို့ထုတ်ပေးခြင်းမရှိပေ။ နို့မပေးသည့်အတွက် အချို့တောင်သူများသည် အပိုနို့တိုင်များကို ဖယ်ချင်ကြသည်။ နို့တိုင် ၄ တိုင်ပဲ ရှိစေချင်လျှင် နွားကလေးအရမ်းငယ်တုန်းမှာ ဖြတ်ပစ်နိုင်သည်။ ပိုးသတ်ထားသော ကတ်ကြေးကို သုံး၍ ဖြတ်ရမည်။ ကောင်းသည့်နို့တိုင် ၄ တိုင်ကို သေချာရွေးချယ်ရမည်။ အကယ်၍ ကောင်းသည့်နို့တိုင်ဖြတ်မိလျှင် နောက်ပိုင်းတွင် နို့ထွက်နှုန်းမှာ ၁/၄ ဆုံးရှုံးသွားမည်ဖြစ်၍ ဂရုစိုက်ပါ။ အပိုနို့တိုင်ဘေးပတ်လည်ရှိ အရေပြားကို ဆွဲညှစ်ယူပြီး အရေပြားအခြေမှ နို့တိုင်ကိုဖြတ်ပါ။ နွားကလေးငယ်တုန်းတွင်ဖြတ်လျှင် နာကျင်မှုနည်းပြီး အနာအကျက်မြန်သည်။ အသက် ၂-၃ ရက်ထက်ကြီးလျှင် မဖြတ်ရ။

    နွားကလေးပြုစုမှုသည် ရိုးရှင်းသော်လည်း စိတ်ရှည်ပြီး သာသာယာယာကိုင်တွယ်ဖို့ လိုအပ်သည်။ နောက်ပိုင်းတွင် အကောင်သေးသည့်နွားကလေးကို အခြားနွားများမှ အနိုင်ကျင့်မှုရှိလျှင် သီးခြားခွဲထားပါ။ 

     နွားကလေးခြံကို ရောဂါကူးစက်မှုမရှိစေရန် သန့်ရှင်းအောင်ထားပါ။ စပါးခွံ၊ ကောက်ရိုးအခင်းများကို ပုံမှန်လဲပေးပါ။ အစာခွက်၊ ကြမ်းပြင်၊ နံရံများကို ပုံမှန်ပိုးသတ်ပါ။ နို့ဘူးများကို ရေနွေး၊ ဆပ်ပြာဖြင့် နေ့စဉ်ဆေးပါ။

MDEP


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်