ကြက်တွေသေနေတယ်... ဘာလုပ်ရမလဲ? အပိုင်း (၁)

26/01/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကြက်မွေးမြူရတဲ့လုပ်ငန်းမှာ ကြက်နာကျတယ်၊ ကြက်သေတယ်ဆိုတဲ့ ပြဿနာတွေကြုံတတ်ပါတယ်။ ဘာကြောင့်သေတယ်ဆိုတာ သိရရင် အသေရပ်အောင် လုပ်ဖို့နဲ့နောင်အလားတူ မသေဆုံးရအောင် ကာကွယ်ပေးဖို့နည်းလမ်းတွေရှာနိုင်ကြမယ်။ စီမံခန့်ခွဲတာ ပြုစုစောင့်ရှောက်တာတွေမှာ ညံ့ဖျင်းမှုရှိလို့ ကြက်တွေ သေဆုံးမှုတွေရှိနိုင်ပေမဲ့ ပြဿနာအများစုဟာ ကြက်တွေကိုသေစေနိုင်တဲ့ ရောဂါကြောင့်ဖြစ်ရတာပါ။

ရောဂါကြောင့် သေဆုံးတာဆိုရင် ဖြစ်လာတဲ့ရောဂါကို အမြန်ဆုံးကုသပေးနိုင်မှ ဆုံးရှုံးမှုသက်သာစေပါမယ်။ ကုသပေးဖို့အတွက် ပထမဆုံးအဆင့်အနေနဲ့ ဖြစ်နေတဲ့ရောဂါရဲ့ သရုပ်မှန်ကို သိဖို့လိုတယ်။ အနာသိမှ ကုသပေးမဲ့နည်း (ဆေး)ကို ရှာတွေ့နိုင်ပါလိမ့်မယ်။

ကြက်တွေကို သေစေနိုင်တဲ့ ရောဂါတွေကို အကြမ်းဖျင်းအားဖြင့် မကူးစက်တတ်တဲ့ ရောဂါတွေနဲ့ ကူးစက်တတ်တဲ့ ရောဂါတွေဆိုပြီး အကြမ်းဖျင်းအုပ်စု နှစ်စု ခွဲခြားလို့ရနိုင်တယ်။

မကူးစက်တတ်တဲ့ရောဂါတွေက ကြက်တွေကို အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆိပ်အတောက်တစ်မျိုးမျိုးကို ထိမိ၊ ရှူမိဦ စားသောက်မိလို့ ဖြစ်တာတွေ လေမှာပါတဲ့ အဆိပ်ငွေ့ အမိုးနီးယားငွေ့၊ အစာနဲ့ သောက်ရေမှာပါတဲ့ ဓာတုအဆိပ်၊ မှိုဆိပ်၊ ဘက်တီးရီးယားတွေထုတ်တဲ့ အဆိပ်တွေကို ရှုမိစားသောက်မိတဲ့အတွက် ကြက်တွေကို သေစေနိုင်ပါတယ်။ ဒီလိုရှုမိစားသောက်မိတဲ့အတွက် ကြက်တွေရဲ့ ကိုယ်ခံစွမ်းအားကို လျော့ကျသွားတဲ့အချိန်မှာ ဒီအခွင့်အရေးကိုစောင့်နေတဲ့ ကိုယ်တွင်းကိုယ်ပက ရောဂါပိုးတွေ အလွယ်တကူဝင်လာနိုင်လို့ သေဆုံးမှုတွေ ပိုပြီးဖြစ်စေနိုင်ပါတယ်။

ကြက်သေတာ ဘယ်အဆိပ်မျိုးကြောင့်လိုသိရင် အဲ့ဒီအဆိပ်နဲ့ ထပ်မတွေ့ရအောင် ဖယ်ရှားပေးပြီး အသေရပ်အောင် လုပ်လို့ရပါတယ်။ လေထဲကလာတာဆိုရင် လေကိုသန့်အောင် (အဆိပ်ကင်းအောင်) လုပ်မယ်။ အစာမှာပါနေရင် အစာအသစ်ပြောင်းပြီး ကျွေးမယ်။ ရေမှာ ပါမှန်းသိရင် သန့်ရှင်းတဲ့ (အဆိပ်ကင်းတဲ့) ရေကိုသုံးမယ် စတဲ့နည်းလမ်းတွေနဲ့ပါ။

ကူးစက်တတ်တဲ့ ရောဂါတွေကိုလည်း အုပ်စုနှစ်ခု ခွဲကြည့်လိုက်လို့ရနိုင်တယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတွေက တစ်အုပ်စု၊ ဘက်တီးရီးယား၊ ပရိုတိုဇိုးဝါး၊ မှိုနဲ့ သန်ကောင်လိုရောဂါပိုးတွေက တစ်အုပ်စုဖြစ်ပါတယ်။

ဗိုင်းရပ်စ်တွေကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကုသပေးနိုင်တဲ့ ကုသဆေး (ဗိုင်းရပ်စ်သေနိုင်တဲ့ဆေး) မရနိုင်သေးတဲ့အတွက် ကုသလို့မရတဲ့ ရောဂါတွေကို အကြမ်းဖျင်းပြောနိုင်ပါတယ်။ ဘက်တီးရီးယားစတဲ့ ပိုးတွေပါတဲ့ ဒုတိယအုပ်စုက သူတို့ကိုနိုင်တဲ့ ပိုးသတ်ဆေး၊ သန်ချဆေးစတာတွေ ရှိနေတဲ့အတွက် ကုသလို့ရနိုင်တဲ့ ရောဂါတွေလို့ဆိုနိုင်တယ်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတွေမှာ အချိန်တိုအတွင်း သေနှုန်းများစေတဲ့ HAPI, ND, IBD, nephrogenic IB လို့ ကူးစက်မြန်ပြင်းထန်တဲ့ ရောဂါတွေရှိသလို ကူးစက်မြန်ပေမဲ့ သူတို့ချည်းသက်သက်က သိပ်များများ မသေစေတတ်တဲ့ LPAI, coryza, ILT, IB လိုရောဂါမျိုးတွေလည်းရှိတယ်။

ဗိုင်းရပ်စ်ရောဂါအများစုအတွက် အစွမ်းထက်တဲ့ကာကွယ်ဆေးတွေရှိတယ်။ ဖြစ်ပွားနိုင်တဲ့ ရောဂါတွေအတွက် ကာကွယ်ဆေးကြိုတင်ပေးထားပြီး ရောဂါမဖြစ်ရအောင် ကာကွယ်ပေးလို့ရပါတယ်။ 

ကာကွယ်ဆေးတစ်ချို့ဟာ ရောဂါဝင်ဖြစ်စအချိန်မှာ ထိုးပေး၊ တိုက်ပေးရင် ရောဂါတိုးမလာအောင် အသေရပ်သွားအောင် ထိန်းပေးနိုင်စွမ်းရှိကြတယ်။ ဒါကြောင့်ဖြစ်ဆဲရောဂါကို ကာကွယ်ဆေးနဲ့ ကုပေးတဲ့ therapeutic vaccination အဖြစ်အသုံးချနိုင်ပါတယ်။

သွေးဝမ်းရောဂါ၊ မှိုရောဂါ၊ သန်ရောဂါတွေအတွက် ကြိုတင်တိုက်တဲ့ဆေးတွေ၊ ကုသဆေးတွေ ရှိနေတဲ့အတွက် ရောဂါသိရင်ဖြေရှင်းရမခက်နိုင်ပါ။ ဘက်တီးရီးယား ပိုးတွေမှာလည်း ရောဂါပိုးတစ်မျိုးတည်းမှာတင် တချို့က အပျော့စားရောဂါကိုသာ ဖြစ်တတ်ပေမဲ့ တချို့ကပိုပြီး ပြင်းထန်တဲ့ ရောဂါပုံစံဖြစ်စေပြီး သေဆုံးမှုများစေနိုင်တယ်။ သေဆုံးမှုများစေနိုင်တဲ့ ဘက်တီးရီးယားရောဂါတွေအတွက် ကာကွယ်ဆေးတွေ ရနိုင်ပါတယ်။ ကြိုတင်ထိုးနှံပေးထားရင် ရောဂါမဖြစ်အောင် အကာအကွယ်ပေးနိုင်ကြပါတယ်။ ဘက်တီးရီးယားပိုးတွေကိုနိုင်တဲ့ antibiotic ကုသဆေးတွေရှိပါတယ်။ ဒါပေမဲ့ ဆေးတွေသုံးစွဲလာတာ၊ အကြိမ်များလာတာနဲ့အမျှဆေးတွေကို ခံနိုင်ရည်ရှိတဲ့ ပိုးတွေကိုတွေ့လာကြရတယ်။ ကုသမဲ့ဆေးမတိုးတဲ့ ရောဂါတွေကြုံလာရတယ်။ ဒီလိုဆေးမတိုးတဲ့ ရောဂါတွေအတွက် autogenous vaccine တွေထုတ်ပြီး ဖြစ်ဆဲရောဂါကို ကုသပေးတဲ့ therapeutic vaccine အနေနဲ့ အသုံးချလို့ရနိုင်ပါတယ်။ နီးစပ်ရာခြံတွေကို ရောဂါကူးမသွားအောင် ကြိုတင်ကာကွယ်ဖို့အတွက်လည်း ဒီ autogenous vaccine တွေကိုပဲ သုံးပေးကြတယ်။

လက်တွေ့မွေးကြတဲ့အခါ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားပိုးဆိုတဲ့ ရောဂါတွေအတွက် သက်ဆိုင်ရာ ကာကွယ်ဆေးကို ပေးထားပေးမဲ့ ကာကွယ်မှုမရဘဲ ရောဂါဖြစ်တာမျိုးကြုံရတတ်တယ်။ ပိုးအရှင်ပါတဲ့ ကာကွယ်ဆေးကို သိမ်းဆည်းသယ်ဆောင်အသုံးချတဲ့အဆင့်တွေမှာ ချို့ယွင်းချက်ရှိရင် ဖြစ်တတ်ပါတယ်။ ကြက်တွေရဲ့ ကိုယ်ခံစွမ်းအားထုတ်လုပ်ပေးတဲ့ အဖွဲ့အစည်းအားပျော့နေတဲ့ အချိန်မှာဆေးကို သုံးမိလို့ ကြက်တွေက ကောင်းကောင်းမတုန့်ပြန်နိုင်တာကြောင့်လည်း ဖြစ်တတ်တယ်။ ဆေးကပျော့ပြီး ရောဂါက သိပ်ပြင်းလွန်းလို့ ကာကွယ်မပေးနိုင်တာလည်း ရှိနိုင်တယ်။ ဖြစ်လာတဲ့ ရောဂါပိုးနဲ့ ပေးထားတဲ့ကာကွယ်ဆေး အမျိုးအစားကွာခြားချက်ရှိလို့ အပြည့်အဝမကာကွယ်ပေးနိုင်တာလည်း ဖြစ်နိုင်တယ်။ ကာကွယ်မှုမရဘဲ ရောဂါဖြစ်လာခဲ့ရင် မူလကာကွယ်ဆေးကို အဆတိုးပြီး သုံးတာ၊ ပိုးပြင်းတဲ့ ဆေးမျိုးသုံးပေးတာ ပိုးမျိုးကွဲနဲ့ ထုတ်တဲ့ ဆေးကိုရှာသုံးတာ autogenous vaccine ထုတ်ပြီး သုံးတာဆိုတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းကြရပါတယ်။

အပိုင်း(၂) တွင်ဆက်လက်ဖော်ပြပါဦးမည်။

ဒေါက်တာအောင်မြင့်ရေးသားသော “ဆန်းသစ်လာသော ကြက်ရောဂါပြဿနာများ” စာအုပ်မှဆောင်းပါးကောင်းတစ်ပုဒ်ကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်