ကြက်တွေသေနေတယ်...ဘာလုပ်ရမလဲ အပိုင်း(၂)

02/02/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကြက်သေဆုံးတဲ့ကိစ္စတွေကို ရောဂါဇစ်မြစ်ကို ရှင်းလင်းပြုပြင်ပေးတဲ့နည်း၊ ကာကွယ်ဆေး၊ ကုသဆေးတွေ သုံးတဲ့နည်းတွေနဲ့ ဖြေရှင်းကြပေမဲ့ ထိန်းမရတဲ့ အခြေအနေတွေ ကြုံတတ်ပါတယ်။ အဲ့ဒီကိစ္စမျိုးတွေဟာ ရောဂါက သိပ်ပြင်းထန်လို့ ဘာရောဂါဆိုတာသေသေချာချာ အချိန်မီမသိရလို့ ကာကွယ်ဆေးကုသဆေးတွေပေးတာ နောက်ကျသွားလို့ စတဲ့အကြောင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

ကာကွယ်ကုသမှုလက်ဦးလို့ ကြက်သေတာ ရပ်သွားပေမဲ့ ကြီးထွားနှုန်းနှေးသွားတာ ကြက်မတွေ ဥနှုန်းကျသွားတာတွေလို နောက်ဆက်တွဲ ထိခိုက်မှုတွေ ကြုံတတ်ပါတယ်။ နောက်ဆက်တွဲ ထိခိုက်မှုတွေက ရေရှည်ထိခိုက်မှုမျိုး ဖြစ်နိုင်ကြသေးတယ်။ နောက်ဆက်တွဲ ပြဿနာတွေကိုလည်း အားဆေးစတဲ့ ဆေးတွေနဲ့ ကုစားကြရပြန်တယ်။

တစ်ခါတစ်ရံမှာ သေလို့ ဆုံးရှုံးတာထက် နည်းနည်းချင်းချွေပြီး ရေရှည်ဒုက္ခပေးတဲ့ နောက်ဆက်တွဲပြဿနာတွေကြောင့်ဖြစ်တဲ့ ဆုံးရှုံးမှုက ပိုပြီးများတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ကြက်တွေရောဂါဖြစ်လာရင် မှန်ကန်တဲ့ စီမံခန့်ခွဲမှုလုပ်နိုင်မှ ဆုံးရှုံးမှုသက်သာပါလိမ့်မယ်။ 

မှန်ကန်တဲ့ စီမံခန့်ခွဲမှုလုပ်နိုင်ဖို့အတွက် ရောဂါစစ်ဆေးမှုပြုပြီး မှန်ကန်တိကျတဲ့ ရောဂါအဖြေ ဖော်ထုတ်နိုင်ဖို့ လိုပါတယ်။ ရောဂါအဖြေမှန်ကို သိရပါမှ မှန်ကန်တဲ့ ကုသမှုနဲ့ ဆုံးရှုံးမှုသက်သာစေမဲ့ ရောဂါထိန်းချုပ်မှု အစီအမံတွေကို လုပ်နိုင်ပါလိမ့်မယ်။

ကြက်ရောဂါတွေက တစ်မျိုးချင်းထက် အပေါင်းဖော်နဲ့တွဲပြီး ဖြစ်တတ်ကြလို့ အဖြေမှန်ကိုရှာဖွေတဲ့အခါ ဓာတ်ခွဲခန်းအကူအညီ သေချာပေါက်လိုပါတယ်။ ရောဂါအဖြေမှန်ကို တိကျဖို့အတွက် ရောဂါပိုးကို သက်ဆိုင်ရာသွေးရည်ကြည်တွေနဲ့ စစ်တာသေချာပေါက် လိုပါတယ်။ ရှာဖွေတွေ့ရှိတဲ့ ရောဂါပိုးတွေကို ဘယ်လိုဆေးတွေနဲ့ ကုသပေးရင် ထိရောက်မယ်ဆိုတာ စစ်ဆေးပြီး အသေချာဆုံးဆေးတွေကို သုံးနိုင်ရင်ထိရောက်တဲ့ ကုသပျောက်ကင်းမှု ရလဒ်တွေရရှိနိုင်ပါလိမ့်မယ်။ ရောဂါပိုးကို မွေးမြူလို့ရရှိခဲ့ရင် ရောဂါကို ရေရှည်ထိန်းချုပ်ဖို့နဲ့ နောင်ထပ်မဖြစ်ရအောင် ကြိုတင်ကာကွယ်မှုပေးဖို့ အသုံးပြုနိုင်တဲ့ autogenous vaccine တွေပါ လုပ်နိုင်ပါလိမ့်မယ်။

ဒီလိုလုပ်နိုင်ဖို့အတွက် ပစ္စည်းကိရိယာနဲ့ ကျွမ်းကျင်မှုအပြည့်အဝရှိတဲ့ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းနဲ့ autogenous vaccine ထုတ်လုပ်ပေးနိုင်တဲ့ ဓာတ်ခွဲခန်းတွေရှိဖို့လိုပါတယ်။

လက်ရှိအခြေအနေအရ ကြက်တွေမှာဖြစ်လာတဲ့ အဖြေမှန်ကို ဖော်ထုတ်ပေးနိုင်တဲ့ ဓာတ်ခွဲခန်းအကူအညီကို မြန်မာနိုင်ငံက Poultry vet တွေနဲ့ ကြက်မွေးမြူသူအများစု (ရာခိုင်နှုန်း ၉၀ ထက်မနည်း) မရရှိနိုင်ကြသေးပါ။

ဒါကြောင့် ကြက်နာတဲ့သေတဲ့ကိစ္စ အများစုကိုမှန်းရမ်းပြီး လုပ်နေကြတဲ့အခါ အဆင်ပြေတာရှိသလို မပြေတာတွေလည်း ရှိနေကြပါတယ်။ ထပ်ပြီးကြုံလာတဲ့အခါ အရင်ကအဆင်ပြေသွားခဲ့တဲ့ပုံစံထင်ပြီး ကာကွယ်ကုသပေးမယ့် အဆင်မပြေဖြစ်တာတွေ ရှိနေသလို ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းအရင်းကို မသိတဲ့အတွက် အကြိမ်ကြိမ်ကြုံတွေခဲ့ပေမဲ့ သင်ခန်းစာမရနိုင်ဘဲ ထပ်ခါထပ်ခါ နစ်နာသူတွေလည်း အမြောက်အမြားပါ။

မြန်မာ့ကြက်မွေးမြူရေးကဏ္ဍမှာ ကြီးမြင့်တဲ့ ကြက်ပေါက်ဈေးနဲ့ ကြက်စာဈေးတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေထက် ထုတ်လုပ်မှုစရိတ်မြင့်ပါတယ်။ ရောဂါဖြစ်ပွားမှုတွေမှာ မှန်ကန်တိကျတဲ့ ရောဂါအဖြေမသိကြတဲ့အတွက် မှန်းရမ်းပြီးလုပ်ရတဲ့ ကုသ/ထိန်းချုပ်မှုတွေက ထိရောက်မှုမရှိလို့ မဖြစ်သင့်တဲ့ သေကြေဆုံးရှုံးမှုတွေ ကြုံကြပြီး ထုတ်ကုန်တန်ဖိုး လျော့နည်းသွားရတဲ့အပြင် ဆေးဝါးဖိုးတွေပါ ထပ်ပြီးကုန်ကျတဲ့အတွက် ပုံမှန်ကြီးနေတဲ့ ထုတ်လုပ်မှုစရိတ်က ထပ်မြင့်သွားပြီး ပုံမှန်ကြက်/ကြက်ဥ ရောင်းဈေးရချိန်မှာတောင် ရှုံးနေကြတယ်။ ရောင်းချိန်မှာ ကျဈေးနဲ့ ကြုံရင်နည်းနည်းရှုံးတဲ့ အဆင့်ကနေ များများရှုံးတဲ့အဆင့် ရောက်သွားတယ်။

မြန်မာ့ကြက်မွေးမြူရေးလောကမှာ ရှုံးတာများလို့ စွန်ခွာသွားသူတွေ အမြောက်အမြားရှိခဲ့တယ်။ မသိလို့ ဒီလူတွေနေရာကို ပြန်လည်ဖြည့်ပေးမဲ့ လူသစ်တွေလည်း မရှားခဲ့ပါ။ ဒီလိုအဝင်အထွက်တွေကြောင့် ဆက်လက်တည်ရှိနေတယ်လို့ မြင်နေရတာပါ။ ရှုံးလို့စွန့်ခွာသွားသူတွေရဲ့ လုပ်အား၊ ငွေကြေးနဲ့ တန်ဖိုးရှိတဲ့ အစာသယံဇာတတွေ အဟောသိကံဖြစ်ပြီးမှ ရပ်တည်နေတာဖြစ်တဲ့အတွက် ရှိနေတယ်လို့မြင်ရပေမဲ့ ရှင်သန်နေတဲ့လုပ်ငန်းကဏ္ဍတစ်ခုတော့ မဟုတ်ပါ။

မြန်မာ့ကြက်မွေးမြူရေးကို အောင်မြင်တဲ့လုပ်ငန်းကဏ္ဍတစ်ခုအဖြစ် ပြောင်းလဲသွားစေချင်ရင် ရောဂါကြောင့်ဖြစ်တဲ့ ဆုံးရှုံးမှုတွေအနိမ့်ဆုံးဖြစ်ပြီး ရှင်သန်နှုန်းမြင့်တဲ့ ကြက်နဲ့ ကြက်ဥတွေ ထုတ်လုပ်နိုင်စွမ်းရှိအောင် ဆောင်ရွက်ပေးဖို့ဆိုတဲ့ အလုပ်ကို အဓိကလိုအပ်ချက်တစ်ခုအဖြစ် လုပ်ဆောင်ပေးဖို့ လိုပါမယ်။

ဒီလိုလုပ်နိုင်ဖို့အတွက် ပစ္စည်းကိရိယာနဲ့ ကျွမ်းကျင်မှုအပြည့်အဝရှိတဲ့ ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနဲ့ autogenous vaccine ထုတ်လုပ်ပေးနိုင်တဲ့ ဓာတ်ခွဲခန်းတွေ အမြန်ဆုံးစတင်ထူထောင်ပေးဖို့လိုပါတယ်။

နိုင်ငံတော်အစိုရအနေနဲ့ နိုင်ငံတော်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့် မှီငြမ်းပြုဓာတ်ခွဲခန်းတွေ အမြန်ဆုံးစတင်ထူထောင်ပေးဖို့ လိုပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော် ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့် မှီငြမ်းပြု ဓာတ်ခွဲခန်းတွေကို ထူထောင်ပေးတဲ့အပြင် မွေးမြူသူတွေအားလုံး လက်လှမ်းမီနိုင်တဲ့ ပုဂ္ဂလိကဓာတ်ခွဲခန်းတွေ တည်ထောင်လုပ်ကိုင်လာနိုင်ရေးအတွက် နည်းပညာဖြန့်ဝေပေးမှု အပါအဝင်အားပေးကူညီမှုတွေ လုပ်ဆောင်ပေးဖို့လိုပါတယ်။ 

ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနဲ့ autogenous vaccine ထုတ်လုပ်ပေးနိုင်တဲ့ ဓာတ်ခွဲခန်းတွေ ထူထောင်လိုက်ခြင်းဟာ ကြက်မွေးမြူရေးအတွက်သာမက ဝက်မွေးမြူရေး၊ ငါးမွေးမြူရေးဆိုတဲ့ တခြားသော မွေးမြူရေးကုန်ထုတ်လုပ်ငန်းတွေကိုပါ ပိုမိုရှင်သန်အောင်မြင်တိုးတက်လာစေမဲ့ ကြီးမားတဲ့ အထောက်အကူတွေဖြစ်စေမှာပါ။

ဒေါက်တာအောင်မြင့်ရေးသားသော “ဆန်းသစ်လာသော ကြက်ရောဂါပြဿနာများ” စာအုပ်မှဆောင်းပါးကောင်းတစ်ပုဒ်ကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်