မိုးရာသီတွင် အဖြစ်များသည့် ကြက်သွေးဝမ်းရောဂါ ကာကွယ်ကုသနည်း

22/07/2022 10:47 AM တွင် Dr.ညွန့်ရွှေ(မွေးမြူဆေးကု) Dr.ညွန့်ရွှေ(မွေးမြူဆေးကု) မှ ရေးသား

ကြက်သွေးဝမ်းရောဂါ ( coccidiosis in poultry) သည် မိုးရာသီတွင် အဖြစ်များသော ရောဂါတစ်မျိုးဖြစ်သည်။

ကြက်သွေးဝမ်းရောဂါဆိုတာဘာလဲ

  • ကြက်များ၏ အစာလမ်းကြောင်းအတွင်း ကပ်ပါးပိုး ( အမီးဘား ) ဝင်ရောက်ကာ အူအတွင်းနံရံများကို ပျက်စီးစေပြီး အူတွင်းနေရာအချို့ သွေးယိုထွက်ခြင်းနှင့် သွေးဝမ်းသွားခြင်းကို ဖြစ်စေသောရောဂါဖြစ်သည်။ 
  • အစာစားနှုန်းကျခြင်း၊ အစာစားပြီး ကိုယ်အလေးချိန်မတိုးခြင်း၊ FCR ခေါ် အစာမှအသားသို့ ပြောင်းလဲနှုန်းညံ့ခြင်းတို့ကြောင့် မွေးမြူစီးပွားကို ထိခိုက်စေသည့် အစာလမ်းကြောင်းရောဂါ ဖြစ်သည်။ 
  • ကမ္ဘာ့နိုင်ငံအများအပြားတွင်လည်း ဖြစ်ပွားပျံ့နှံ့လျက်ရှိသည်။

ရောဂါလက္ခဏာများ

  • ကြက်သွေးဝမ်းရောဂါကို ဖြစ်စေသော ပိုးမျိုးစိတ် (၇ )မျိုး ရှိသည်။ မျိုးစိတ်အလိုက် အူလမ်းကြောင်း နေရာမတူ သီးခြားတွယ်ကပ်တတ်သကဲ့သို့ တစ်နေရာတည်းတွင်လည်း မျိုးစိတ်တစ်ခုထက် ပိုမိုနေထိုင်ကြသည်လည်း ရှိသည်။
  • မျိုးစိတ်အချို့က အူလမ်းကြောင်းကို ပြင်းထန်စွာပျက်စီးစေပြီး အချို့မှာမူ သိပ်မပြင်းထန်လှ။ ထို့ကြောင့်လည်း  ကြက်တို့တွင် ဤရောဂါဖြစ်ပေါ်ခံစားနေရစဉ် ရောဂါခံစားရပုံချင်း မတူပေ။ 
  • ရောဂါအပြင်းအပျော့မှာ ဝင်ရောက်သော ပိုးမျိုးစိတ်၊  ကြက်၏အသက်အရွယ်၊ ရှိနေသောကိုယ်ခံစွမ်းအားအဆင့်၊ ကြက်စားသုံးထားသော အစာအာဟာရ အဆင့်အတန်း စသည်တို့ပေါ် မူတည်ကာ ကွဲပြားမှု ရှိသည်။
  • ပုံမှန်အားဖြင့် ရောဂါပိုးဝင်ရောက်ပြီး ၄-၅ ရက် အစာစားနှုန်း၊ ရေသောက်နှုန်း လျော့သွားတတ်သည်။ 
  • မြန်မာနိုင်ငံတွင် အများစုသော မွေးမြူရေးသမားတို့မှာ အစာစား၊ ရေသောက်ပမာဏ ကောင်းစွာမှတ်သားလေ့နည်းခြင်းကြောင့် စောလျင်စွာ သိခဲသည်။ 
  • ကြက်ငယ်များတွင် အူနံရံများ ပျက်စီးသောကြောင့် သွေးအားနည်းကာ ကုပ်၍စုနေခြင်း၊ အမွေးဖွာခြင်း၊ ကြက်ခြံနံရံသို့ တန်းစီကပ်နေကြခြင်း သွေး/ အချွဲတို့ပါဝင်သော မစင်သွားခြင်း၊ စသောရောဂါလက္ခဏာများတွေ့နိုင်ပြီး ၈ ပတ်ထက်ကြီးသောကြက်များတွင် မတွေ့နိုင်ပေ။
  • ကပ်ပါးမျိုးစိတ်အလိုက်နေရာသီးသန့်ဝင်ရောက်တွယ်ကပ်လေ့ရှိသည်။

၁။ ကပ်ပါးပိုး ( E.acervulina.) မျိုးစိတ်ဝင်ရောက်ခံရပါက..

 

  • အူသိမ်ဦး (duodenum loop ) ( ပစောက်ပုံကွေး ) တစ်လျှောက်တွင် တွယ်ကပ်သည်။
  • သိပ်ပြင်းထန်ပါက အူသိမ်လယ်ထိ ဆက်လက်ပြန့်ပွား ထိခိုက်စေသည်။
  • အူနံရံတွင် အဖြူရောင် အစင်းကြောင်းပမာ မြင်နိုင်သည်။ ထိုအခါ အူနံရံ ထူထဲရောင်ရမ်းနေသည်ကို တွေ့ရမည်။

၂။ ကပ်ပါးပိုးမျိုးစိတ်( E.maxima ) ၏ သားလောင်းဥ (oocysts ) ကို ကြက်ကစားမိပြိး ၄-၆ ရက်ကြာသောအခါ..  

 

  • အူသိမ်လယ်တွင် လိမ္မော်ရောင်အချွဲများဖြစ်လာပြီး အပ်ဖျားပေါက်ပမာ သွေးယိုထွက်ခြင်းကို တွေ့ရမည်။
  • အူတွင်းမြှေးလွှာတွင်လည်း ထိုကဲ့သို့တွေ့ရမည်။

၃။ ကပ်ပါးပိုးမျိုးစိတ် ( E.tenella )တွယ်ကပ်ခံလျှင်..

  • လွယ်ကူစွာ သိသာနိုင်ပါသည်။
  • ထိုပိုးမျိုးစိတ်သည်(caecum ) အူပိတ်နံရံတွင် သွေးခဲများ တင်းကျပ်စွာပြည့်လျှက် မြင်နိုင်သည်။

ကူးစက်ပုံ 

  • သွေးဝမ်းရောဂါရှိသောကြက်မှ စွန့်ထုတ်လိုက်သောမစင်တွင် ပိုးဥ (Oocyst) ပါဝင်နေပါသည်။ ၎င်းသည် အစာခွက်၊ ရေခွက်၊ ကြမ်းခင်း(ကြက်နေ/အိပ်သည့်နေရာ) ပေါ်တွင် တွယ်ကပ်နေလေ့ရှိပြီး စိုစွတ်သောအခြေအနေတွင် ၁ လထိ မပျက်စီးပါ။
  • ကြက်က ထို Oocyst ကို စားမိသောအခါ အစာလမ်းကြောင်းထဲရောက်သွားပြီး သားလောင်းအဆင့်ဆင့်ပြောင်း၊ ပွားများကာ အူနံရံတွင်း အကောင်ရေများစွာပေါက်ပွား ကျက်စားပြီးနောက် မစင်နှင့်အတူ အပြင်သို့ရောက်လာပါသည်။ 
  • Oocyst တစ်လုံးသည် ၅-၇ ရက်အတွင်း နောက်ထပ် ပိုးဥ ၂-၃ သန်းထိ ပွားနိုင်ပါသည်။

ကုသခြင်း

  • ၁။ သောက်ရေတွင် ၁ ဂါလံလျှင်  Amprolium  ၁ ဂရမ်နှုန်း 3-5 ရက်တိုက်ခြင်း
  • ၂။ ဆာလ်ဖာ ( sulfamethazine )ကို သောက်ရေ ၁ ဂါလံလျှင် ၄ ဂရမ်နှုန်း ၄ ရက်ထည့်တိုက် ( ဥကြက်မ မတိုက်သင့်)
  • ၃။ Toltrazuril ( Tolcox  2.5 % ) ကို ရေ ၁ ဂါလံလျှင် ဆေး ၁၃.၅  စီစီနှုန်း ( ၈ ) နာရီအထိဆက်တိုက်တိုက်ခြင်း စသည်တို့ဖြင့် ကုသနိုင်ပါသည်။

(မှတ်ချက် - သွေးဝမ်းဆေးများကို ၄-၆ လကြာလျှင် တစ်မျိုးပြောင်းသင့်)

ကာကွယ်ခြင်း

  • ၁။ အစာတွင် ဆေးများထည့်သွင်းပေးခြင်း( monesin,salinomycin,lasalocid, maduramicin,semduramicin )
  • ၂။ ကာကွယ်ဆေးပေးခြင်း (ဈေးကွက်တွင်ရှိနေပြီ )။ 

( သဘာဝအရ ကိုယ်ခံစွမ်းအားပေါ်နိုင်သော်လည်း ရေတိုမွေးသော အသားစားကြက် (37-44  ရက်)များအတွက် ပြီးပြည့်စုံသော ကာကွယ်မှုမရနိုင်ပါ )

  • ၃။ ခြံတွင်းအစိုဓာတ်ထိန်းသိမ်းခြင်း( သောက်ရေများ မဖိတ်စင်အောင် ဂရုတစိုက်လုပ်ခြင်း )
  • ၄။ ခြံတွင်းစီးဖိနပ်ဖြင့်သာ ခြံတွင်းဝင်ရောက်ခြင်းနှင့် ဇီဝလုံခြုံရေးကောင်းအောင်ဆောင်ရွက်ခြင်း

Dr.ညွန့်ရွှေ ( မွေးမြူဆေးကု )

Reference:   V Guyonnet Coccidiosis ,Manual of Poultry Diseases, Ceva.

Maurice Pitesky, Coccidiosis in Chickens,…transmission, treatment.

Overview of Coccidiosis in Poultry.MSD MANUAL  

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်