ဒီရေရောက်တောများတွင် ရွှံ့ကဏန်းမွေးမြူနည်း

16/02/2024 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

အခွံမာရေသတ္တဝါ ရွှံ့ကဏန်းများသည် မျိုးပေါင်းစု(Phylum)-Arthropoda တွင် ပါဝင်ပြီး မျိုးရင်း (Family)မှာ Portinudae ဖြစ်ပြီး အများအခေါ်(Common Name)မှာ “Mud Crab(or) Mangrove Crab”ဟု အမည်တွင်ပါသည်။ ဒီရေရောက်တောများတွင် နေထိုင်ကျက်စားသော ဒီရေတော ကဏန်း(ခေါ်)ရွှံ့ကဏန်း(Mud Crab)အား အရှေ့တောင်အာရှဒေသတွင် မျိုးစိတ်(၄)မျိုးတွေ့ရှိနိုင်ပြီး ၄င်းတို့ မှာ Scylla serrata, Scylla olivacea,Scylla paramamosain နှင့် Scylla tranquebarica တို့ ဖြစ်ကြပါသည်။ ယင်းတို့အနက် မြန်မာနိုင်ငံတွင် ရေချိုရေငန်စပ်ကဏန်းမျိုးစိတ်ဖြစ်သော ရွှံ့ကဏန်း မျိုးစိတ်(၂)မျိုး တွေ့ရှိနိုင်ပြီး ၄င်းတို့မှာ Scylla olivacea နှင့် Scylla paramamosain တို့ ဖြစ်ကြပါသည်။ 

ရွှံ့ကဏန်း၏ သွင်ပြင်လက္ခဏာ

 ရွှံ့ကဏန်း၏ပုံသဏ္ဍာန်သည် လုံးဝန်းသော(round)ပုံသဏ္ဍာန်ရှိသည်။ ထိပ်မှာကျယ်ပြီး အောက်ခြေတွင် ကျဥ်းမြောင်းသည်။နောက်ကျောနှင့် ဝမ်းဗိုက်ကို မာကျောသောအခွံများ(hard shells)ဖြင့် ဖုံးအုပ်ထားသည်။ နောက်ကျောမှာချောမွေ့ပြီး မျက်လုံးရိုးတံမှာ ဒုတိယခြေထောက်အထိ ချွန်ထက်သောစောင်းများ(sharp slopes)ရှိသည်။ ကျောခွံ၏အရောင်မှာ အစိမ်းရောင်(သို့မဟုတ်) အနက်ရောင်(သို့မဟုတ်)အနီရောင်ရှိသည်။ ရိုးတံ(eyestalk)ပါသော မျက်လုံးတစ်စုံရှိသည်။ ရွှံ့ကဏန်းတွင် လမ်းလျှောက်ခြေထောက်(walking leg) ၃စုံနှင့် ရေယက် (swimming leg) ၁ စုံ ရှိသည်။ 

 ရွှံ့ကဏန်းများသည် ၄င်းတို့၏ဘဝတစ်လျှောက်လုံးတွင် အရေခွံလဲခြင်း(Molting)ကို ကြိမ်ဖန်များစွာ ဖြတ်သန်းကြရသည်။ အရေခွံလဲခြင်းသည် ရွှံ့ကဏန်းများအတွက် ကြီးထွားခြင်းနှင့် အင်အားကို ဖြစ်စေသည်။ အရေခွံလဲစဥ်အတွင်း ရွှံ့ကဏန်းများသည် ၄င်းတို့၏အခွံများ(shells)ကို ဖယ်ထုတ်ပြီး မိမိကိုယ်ကို ခံနိုင်ရည်ရှိသော သားကောင်ဖြစ်စေသည်။ ယင်းအချက်ကပင် ၄င်းတို့ ကြီးထွားရှင်သန်နေထိုင်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းပင်ဖြစ်သည်။ ရွှံ့ကဏန်းတစ်ကောင် အရေခွံလဲလှယ်ခြင်း အချိန်ပြီးမြောက်ရန် ကြာမြင့်ချိန်သည် ကွဲပြားပေသည်။ယေဘုယျအားဖြင့် ကဏန်းအကောင်ကြီးလေ လုပ်ငန်းစဥ်တစ်ခုလုံးကြာမြင့်လေ ဖြစ်သည်။ပျှမ်းမျှအရွယ်ကဏန်းတစ် ကောင်သည် လုပ်ငန်းစဥ်တစ်ခုလုံးကို(၄)ပတ်မှ (၈)ပတ်ခန့်ကြာအောင် သဲထဲတွင်နစ်မြုပ်နေနိုင်သည်။

 ရွှံ့ကဏန်းများသည် ချောင်းများ၊ တူးမြောင်းများ၊ စိမ့်မြေများတွင် နေထိုင်ကြပြီး ၄င်းတို့အတွက် လိုအပ်သော ဆားငန်ရည်ကို ဒီရေတက်ချိန်တွင် ပုံမှန်ရယူနိုင်ကြသည်။ ရွှံ့ကဏန်းများသည် ကမ်းစပ်ရှိ စိမ့်မြေများတွင် တွင်းတူးနေထိုင်ကြသည်။ ဒီရေတောများနှင့် စိမ့်မြေများသည် ရွှံ့ကဏန်း များအတွက် နေထိုင်ရန် အသင့်တော်ဆုံး နေရာများဖြစ်ကြသည်။

 ရွှံ့ကဏန်းအား မွေးမြူမည်ဆိုပါက မွေးမြူရေးနည်းစနစ်(၃)မျိုးဖြင့် မွေးမြူနိုင်ပါသည်။ ၄င်းတို့မှာ (၁) မြေကြီးကန်၌ မွေးမြူခြင်း၊ (၂)လှောင်အိမ်များတွင် မွေးမြူခြင်း၊ (၃)ဒီရေတောများ တွင် ယင်းတားခြံခတ်မွေးမြူခြင်းတို့ ဖြစ်ပါသည်။ နံပါတ်(၁) မြေကြီးကန်၌ မွေးမြူခြင်းနှင့် နံပါတ်(၂) လှောင်အိမ်များတွင် မွေးမြူခြင်းကို ယခင်ဆောင်းပါး၌ ဖော်ပြခဲ့ပြီးပြီဖြစ်၍ ယခုဆောင်းပါး၌ နံပါတ် (၃) ဒီရေတောများတွင် ယင်းတားခြံခတ် မွေးမြူခြင်းအား ရေးသားတင်ပြသွားမည် ဖြစ်ပါသည်။

ဒီရေတောများတွင် ယင်းတားခြံခတ်မွေးမြူခြင်း

  • မြေနေရာရွေးချယ်ခြင်း

ဒီရေတောတွင် ရွှံ့ကဏန်းမွေးမြူရန်အတွက် မြေနေရာရွေးချယ်မှုသည် အရေးကြီးပေသည်။ မိမိရွေးချယ်ထားသော မြေနေရာသည် ဒီရေတောများအကြားဖြစ်ရန် လိုအပ်ပါသည်။ မိမိရွေးချယ်ထားသော မြေနေရာသည် ရေသေရက် (Neap tide)၌ ဒီရေရောက်ရာတွင် အနည်းဆုံး(၀.၃)မီတာ၊ အများဆုံး(၁.၀)မီတာ ရောက်ရှိရန် လိုအပ်ပါသည်။ ရေငန်နှုန်း(Salinity)မှာ (၁၀)ppt မှ (၃၅)ppt အတွင်းနှင့် အပူချိန်(Temperature) မှာ (၂၅)ဒီဂရီစင်တီဂရိတ်မှ (၃၀)ဒီဂရီစင်တီဂရိတ်ရှိရန် လိုအပ်ပါသည်။ ရွေးချယ်ထားသော မြေနေရာသည် ရေကြီးရေလျှံခြင်း၊ လှိုင်းထခြင်း၊ လှိုင်းကြီးခြင်း၊ ရေထုညစ်ညမ်းခြင်း၊ ခိုးယူဖျက်ဆီးခြင်း အစရှိသည့် ဘေးအန္တရာယ်များမှ ကင်းဝေးသည့်နေရာဖြစ်ရန် လိုအပ်ပါသည်။

  • ရွှံ့ကဏန်းမွေးမြူရေးကန် ပြုလုပ်ခြင်း          

ပိုက်ကာရံမှုအား(၄၀၀၀) စတုရန်းမီတာ(အနံ ၅၀ မီတာ၊ အလျား ၈၀ မီတာ)အရွယ် ပြုလုပ်ရပါမည်။ လိုအပ်သော ပစ္စည်းများမှာ-

(၁) အချင်း ၂ မီလီမီတာအရွယ် နိုင်လွန်ကြိုးဖြင့် ရက်လုပ်ထားသော ၁ - ၂ စင်တီမီတာအရွယ် ပိုက်ကွက်ရှိ ပိုက်(၆)လိပ်၊

(၂) ပလတ်စတစ်အစ  (၂)လိပ်၊

(၃) ဘောင်နှင့် တန်းများပြုလုပ်ရန် ဝါးလုံး(၃၀)လုံး၊

(၄) ဒေါင်လိုက်တန်းပြုလုပ်ရန် အချင်း ၅ - ၈ စင်တီမီတာ၊ အလျား (၃)မီတာမှ (၄)မီတာ အရှည်ရှိ မဒမ (သို့မဟုတ်)​မျောသစ်(၃၀)တိုင်တို့ လိုအပ်သည်။ 

မိမိရွေးချယ်ထားသော မြေနေရာအပေါ်မူတည်၍ ပိုက်ကာရံမှုအား စတုရန်းပုံ(သို့မဟုတ်) စတုဂံပုံ ပြုလုပ်နိုင်ပြီး အရွယ်အစားအားဖြင့် အမျိုးမျိုးပြုလုပ်နိုင်သော်လည်း စီမံထိန်းသိမ်းရန် အကောင်းဆုံးအရွယ်အစားမှာ (၀.၂)ဟက်တာမှ (၁.၀)ဟက်တာအရွယ် ဖြစ်ပါသည်။ (၁ ဟက်တာ = ၂.၃၇ ဧက)

ပိုက်တပ်ဆင်ရန်အတွက် မဒမ(သို့မဟုတ်)မျောတိုင်များ စိုက်ထူ၍ တောင့်တင်းခိုင်မာစေရန် ဝါးလုံးတန်းများကို အလျားလိုက် တွဲချည်ထားရမည်။ ပိုက်အား ဒီရေရောက်ရှိနိုင်သော ရေမျက်နှာပြင်အနေအထား၏အထက် (၃၀)စင်တီမီတာခန့် ဖော်ထားရမည်။ဖော်ပြပါ ပိုက်သား (၃၀) စင်တီမီတာ တွင် အနံ (၃၀) စင်တီမီတာအရွယ်ရှိ ပလတ်စတစ်အကာဖြင့် ကဏန်းများ လွတ်မြောက်မသွားစေရန် ပတ်ပတ်လည်ကာရံ၍ တွဲချည်ထားရပါမည်။ ထိုပိုက်သားကိုလည်း ပိုက်ကာရံထားသည့် မြေအောက်ခြေ၌ (၅၀)စင်တီမီတာမှ (၇၀)စင်တီမီတာအနက်ထိ နစ်မြုပ်ထားရပါမည်။

 ရွှံ့ကဏန်းမွေးမြူရန် ကာရံထားသည့် ပိုက်ဧရိယာအတွင်း မြေသား၏(၂၀% - ၃၀%)ခန့်အား (၀.၅)မီတာအနက်ရှိ တူးမြောင်းတူးဖော်ထားရှိခြင်းဖြင့် ဒီရေကျချိန်တွင် ရေထိန်းထားနိုင်မည် ဖြစ်သကဲ့သို့ ဒီရေကျချိန်တွင်ကဏန်းများ ခိုအောင်းရန် ကျင်းသဖွယ်ဖြစ်နေမည်ဖြစ်ပါသည်။ ကဏန်း များ ခိုအောင်းရန် ကျင်းအတွင်းရှိ ဒီရေတောအပင်များ၏ အမြစ်များအား ခုတ်ထွင်ရှင်းလင်းခြင်းမှ ရှောင်ရှားရမည် ဖြစ်ပါသည်။ ၄င်းအပြင် ပိုက်ကာရံထားသည့် အတွင်းဘက်နှင့် အပြင်ဘက်တို့တွင် အစာကျွေးသည့်အခါ လွယ်ကူစေရန် လူသွားလမ်းပြုလုပ်ထားရှိရမည် ဖြစ်ပါသည်။

ရွှံ့ကဏန်းမွေးမြူခြင်း

 ရွှံ့ကဏန်းမွေးမြူရန်အတွက် လိုအပ်သော ကဏန်းသားပေါက်များကို နည်းလမ်း(၃)မျိုးဖြင့် ရရှိနိုင်သည်။ပထမနည်းမှာ ကဏန်းသားပေါက်များကို ဒီရေတက်ချိန်တွင် သဘာဝအရင်းအမြစ်များ မှ တိုက်ရိုက်သိုလှောင်ရယူနည်း ဖြစ်သည်။ရွှံ့ကဏန်းနှင့် အခြားငါးမျိုးစိတ်တို့သည် မွေးမြူရေးကန်

နေရာအတွင်းသို့ ဝင်ရောက်လာမည် ဖြစ်ပါသည်။ ဒုတိယနည်းလမ်းမှာ ကဏန်းမွေးတောင်သူအနေဖြင့် ကဏန်းဖမ်းရေလုပ်သားများထံမှ ကဏန်းသားပေါက်များကို ရယူနိုင်မည်ဖြစ်သည်။ တတိယနည်းလမ်းအနေဖြင့် သားပေါက်စခန်းများမှ ရယူနိုင်ခြင်း ဖြစ်သည်။

မွေးမြူရေးကန်အတွင်းသို့ ကဏန်းငယ်များ ထည့်သွင်းခြင်းမပြုမီ အမှိုက်သရိုက်များ၊ မလိုလားအပ်သော သတ္တဝါများ ဝင်ရောက်ခြင်းမရှိစေရန် ဆောင်ရွက်ရမည်။ ပိုက်သားများ ပျက်စီး​နေခြင်း၊ ပေါက်ပြဲနေခြင်းများ မရှိစေရန် စစ်ဆေးဆောင်ရွက်ရမည်။ ၄င်းနောက် အလေးချိန်(၃၀) ဂရမ်မှ (၅၀)ဂရမ် ကျောဖက်အခွံ(၁၀)စင်တီမီတာအရွယ်ရှိ ကဏန်းငယ်များအား တစ်ဟက်တာလျှင် ကောင်ရေ(၅၀၀၀) မှ (၁၀၀၀၀)အထိ ထည့်သွင်းမွေးမြူနိုင်ပါသည်။ ကဏန်းငယ်များအား နံနက်စောစော(သို့မဟုတ်) ရာသီဥတုအေးသည့်အချိန်နှင့် ဒီရေရောက်ရှိနေသည့်အချိန်တွင် စတင် ထည့်သွင်းမွေးမြူရမည် ဖြစ်သည်။

ကဏန်းငယ်များအား စတင်ထည့်သွင်းခြင်းမပြုပီ မွေးမြူမည့်နေရာဒေသနှင့် ကျင့်သားရရှိ စေရန်အတွက်၄င်းတို့အား ရေချိုရေငန်စပ်နှင့် ပလတ်စတစ်ဇလုံအတွင်း ပက်ဖျန်းပေးပြီး တစ်နာရီခွဲခန့်အကြာတွင် ကဏန်းငယ်များ ရေအောက်သို့ ထိုးဆင်းသွားပါက စတင်ထည့်သွင်းမွေးမြူနိုင်ပြီ ဖြစ်ပါသည်။ထည့်သွင်းရာတွင် ဇလုံအတွင်းရှိ ရေအပူချိန်၊ရေအငန်နှုန်း စသည်တို့မှာ မွေးမြူမည့်နေရာရှိ ရေအပူချိန်၊ ရေအငန်နှုန်း စသည်တို့နှင့် တူညီမှုရှိစေရန် အရေးကြီးပါသည်။ ထည့်သွင်းမွေးမြူခြင်းမပြုမီ ၄င်းတို့အား ချည်နှောင်ထားသော ပလတ်စတစ်ကြိုးများအား ဖြုတ်ပေးခြင်း(သို့မဟုတ်) လက်မများအား ဖြတ်တောက်ခြင်းများ ပြုလုပ်ရပါမည်။

မွေးမြူရေးကန်၏ ရေအနက်ကို အနည်းဆုံး(၀.၅)မီတာအနက်ရှိစေရန် ထိန်းထားရမည်။ ဒီရေတက်ချိန်တွင် ရေများစီးဆင်းသွားစေရန် သေချာစွာ ဆောင်ရွက်ထားရှိခြင်းဖြင့် ကောင်းမွန်သောရေလဲလှယ်မှုစနစ်ကို ထိန်းထားနိုင်မည်ဖြစ်သည်။ မွေးမြူရေးကန်အတွင်းရှိ ရေနှင့် ကဏန်းများ၏ အခြေအနေကို ပုံမှန်စောင့်ကြည့်ပြီး လိုအပ်သောကုစားမှုနှင့် အစီအမံများဆောင်ရွက်ရန် လိုအပ်သည်။

မွေးမြူချိန်ကာလ(၃-၅)လခန့်ကြာလျှင် စျေးကွက်ဝင် ရွှံ့ကဏန်းများကို ရရှိမည်ဖြစ်သည်။ မွေးမြူချိန်ကာလကြာမြင့်မှုသည် မိမိစတင်မွေးမြူသည့်အရွယ်အစားနှင့် ထည့်သွင်းကောင်ရေတို့အပေါ်မူတည်၍ ကွဲပြားမှုရှိနိုင်သည်။ ရွှံ့ကဏန်းများသည် အချင်းချင်း ပြန်လည်သတ်ဖြတ်စားသောက်သည့် ဓလေ့ရှိသဖြင့် စတင်ထည့်သွင်းမွေးမြူမည့် ကောင်ရေအား စဥ်းစားလျှော့ချမွေးမြူရန် လိုအပ်သည်။ ရွှံ့ကဏန်းမွေးမြူခြင်းအား တစ်နှစ်လျှင်(၁)ကြိမ် (သို့မဟုတ်) (၂)ကြိမ် မွေးမြူနိုင် သည်။

 ရွှံ့ကဏန်းမွေးမြူရေးကန်အတွင်း ရှိသင့်သော ဓာတု၊ ရူပဆိုင်ရာအချက်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်။

(၁)Temperature(ရေအပူချိန်)      -  30 °C

(၂)Salinity(S)(အငန်နှုန်း)           -   28-32 ppt

(၃)Dissolved Oxygen(DO)(ပျော်ဝင်အောက်စီဂျင်)-  >_ 5 ppt

(၄)pH(ချဥ်ဖန်နှုန်း)                   -   7.5 – 8.5

(၅)Ammonia(NH3)(အမိုးနီးယား)-   <_ 1 ppm

(၆)Nitrite(NO2)(နိုက်ထရိုက်)     -   <_ 0.1 ppm

အစာကျွေးခြင်း

မွေးမြူထားသည့် ကဏန်းများအား အစာအဖြစ် ငါးနုတ်ငါးဖွဲများ၊ တိရစ္ဆာန်တို့၏ အစာလမ်းကြောင်းများ၊ ဂုံးကောင်များနှင့် ခရုများအား ကျွေးနိုင်ပါသည်။ အစာကျွေးရာတွင် တစ်နေ့ကို တစ်ကြိမ်(သို့မဟုတ်)နှစ်ကြိမ်ကျွေးနိုင်သည်။ အစာကျွေးရာတွင် ပက်ဖျန်းကျွေးခြင်း၊ အစာဗန်းနှင့် ကျွေးခြင်းတို့ရှိရာ မိမိနှစ်သက်အဆင်ပြေသလို ကျွေးနိုင်သည်။ မွေးမြူထားသော ကဏန်းများ၏ စုစုပေါင်းကိုယ်အလေးချိန်၏(၁၀%)ကို ကျွေးမွေးရန်ဖြစ်ပြီး ကဏန်းများ အသက်ကြီးထွားလာသည်နှင့်အမျှ (၁၀%)မှ (၇-၈ %)သို့ လျှော့ချပြီး (၃-၅%)ကို နေ့စဥ်ကျွေးရန် ဖြစ်သည်။ ကဏန်းမွေး မြူရာဒေသအနီးတစ်ဝိုက်တွင် ရရှိနိုင်သောအစာကို ကျွေးပါက ပိုမိုထိရောက်မည် ဖြစ်ပါသည်။

စုစုပေါင်း ထုတ်လုပ်မှုကုန်ကျစရိတ်၏ (၄၀%)မှ (၆၀%)မှာ အစာကုန်ကျစရိတ်ပင် ဖြစ်ပါသည်။

နမူနာကောက်ယူခြင်း

အသားတိုးနှုန်းနှင့် အစာလိုအပ်ချက်ကို တွက်ချက်နိုင်ရန်အတွက် ကဏန်းများကို တစ်လလျှင်တစ်ကြိမ် နမူနာကောက်ယူရပါမည်။ခပ်ကွင်းများ(သို့မဟုတ်) မြှုံးများဖြင့် ဖမ်းဆီး၍ နမူနာ ကောက်ယူနိုင်ပါသည်။ နမူနာကောက်ယူရာတွင် ကဏန်းကောင်ရေ(၃၀)မှ (၅၀)ဖမ်းဆီး၍ အလေးချိန်၊ကျောခွံအကျယ်နှင့် အလျှားတိုးတက်မှုများကို မှတ်တမ်းရယူရမည် ဖြစ်ပါသည်။

ရေအရည်အသွေး ထိန်းသိမ်းခြင်းနှင့် မွေးမြူထားရှိသော ပိုက်များအား စီမံထိန်းသိမ်းခြင်း

အောက်ဆီဂျင်ပျော်ဝင်မှု၊ ရေငန်နှုန်း၊ ရေနောက်ကျိနှုန်း၊ အမိုးနီးယား၊ နိုက်ထရိုက်နှင့် ရေအပူချိန်အပါအဝင် ရေ၏ရူပ၊ ဓာတုဆိုင်ရာ အရည်အသွေးများကို မဖြစ်မနေတိုင်းတာမှတ်တမ်း ရယူရမည်ဖြစ်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ရေ၏အခြေအနေကို သိရှိနိုင်ပြီး ကဏန်းများအပေါ် ကျရောက်မည့် ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များကို ရှောက်ရှားနိုင်မည် ဖြစ်သည်။ရေ၏ အရည်အသွေးကို တိုင်းတာရာတွင် တစ်ပတ်လျှင်(၃)ကြိမ် တိုင်းတာသင့်ပါသည်။အစာစားသုံးမှု ရှိ/ မရှိ၊လှုပ်ရှားမှု အခြေအနေနှင့် ဥကပ်ကဏန်းများရှိ/မရှိတို့ကို စောင့်ကြည့်စစ်ဆေးရမည် ဖြစ်သည်။ အထူးသဖြင့် ညဘက်တွင် မွေးမြူထားသောကဏန်းများကို ခိုးယူခံရမှုမရှိစေရေးအတွက် စောင့် ကြည့်စစ်ဆေးရမည် ဖြစ်သည်။ 

ကန်ဖော်ခြင်း

မွေးမြူကာလ(၄၅) ရက်မှ (၆၀) ရက်တွင် ကဏန်းများမှာ စျေးကွက်ဝင်အရွယ်သို့ရောက်ရှိကာ အလေးချိန်(၂၀၀)ဂရမ်အထက်ရှိတတ်သဖြင့် ရွေးချယ်ဖမ်းဆီးမှုပြုလုပ်နိုင်သည်။ ဖမ်းဆီးရာတွင် လက်ဖြင့်ဖမ်းဆီးခြင်း(သို့မဟုတ်)မြှုံးဖြင့် ဖမ်းဆီးခြင်းပြုနိုင်သည်။ထိုသို့ ဖမ်းဆီးရာတွင် အဆီ ပြည့်သောကဏန်းများကိုသာ ဖမ်းဆီးရမည်ဖြစ်သည်။ (၁)နှစ်လျှင် (၂)ကြိမ် မွေးမြူနိုင်ပြီး မွေးမြူကာလ(၆)လအကြာတွင် ကဏန်းတစ်ကောင်လျှင် ပျှမ်းမျှ(၂၇၅)ဂရမ် ရရှိနိုင်ပြီး ရှင်သန်နှုန်း(၈၀%)ခန့် ရှိနိုင်ပါသည်။ ကဏန်းများအား ရွေးချယ်ဖမ်းဆီးခြင်း(သို့မဟုတ်)အားလုံးဖမ်းဆီးခြင်း ဖြင့် ထုတ်ကုန်ဖော်ချိန်ကာလတွင် ရရှိသောကဏန်းများ၏ လက်မများနှင့် ခြေလက်များကို ပလတ်စတစ်ကြိုးဖြင့် ချည်နှောင်ပြီး စျေးကွက်သို့ တင်ပို့ရောင်းချနိုင်သည်။

 ယေဘုယျအားဖြင့် ကဏန်းများကို စျေးကွက်တွင် အရှင်ရောင်းချခြင်းမှာ စျေးပိုမိုရရှိနိုင်ပါသည်။ ပြည်ပစျေးကွက်တွင်မူ အဆီပြည့်နေသော ကဏန်းအမများမှာ စျေးနှုန်းပိုမိုရရှိပါသည်။ စျေးကွက်တွင် တစ်နှစ်ပတ်လုံးရောင်းချနိုင်ပြီး ပြည်တွင်းစျေးကွက်တွင်မူ ပြည်ပစျေးကွက်ဝင် ကဏန်းများထက် သေးငယ်သောကဏန်းများသာ ရရှိနိုင်ပေသည်။ မြန်မာနိုင်ငံအနေဖြင့် ရွှံ့ကဏန်း များကို တရုတ်၊ဟောင်ကောင်၊ ကိုရီးယား၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ စင်္ကာပူနှင့် သြစတြေးလျနိုင်ငံများသို့ တင်ပို့ပါသည်။

အချုပ်အားဖြင့် တင်ပြရသော် ပြည်ပပို့ကုန်အမယ်တစ်မျိုးဖြစ်သော ရွှံ့ကဏန်းကို တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေကို ရရှိစေပါသည်။ ဒီရေရောက်တောများတွင် ရွှံ့ကဏန်းအား မွေးမြူ ခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ သယံဇာတအရင်းအမြစ်ကို ထိရောက်စွာ အသုံးပြုနိုင်ခြင်း ဖြစ်သည်။ ရွှံ့ကဏန်းများကို သဘာဝမှ ဖမ်းယူစုဆောင်းခြင်းထက် မွေးမြူထုတ် လုပ်ခြင်းက ရေရှည်တွင် ပိုမိုအကျိုးစီးပွားဖြစ်ထွန်းနိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်ရာ ကဏန်းဖမ်း၊ ကဏန်းရှာရေလုပ်သားများအတွက် ဝင်ငွေတိုးတက်ရရှိနိုင်မည့် ဒီရေရောက်တောများတွင် ရွှံ့ကဏန်းမွေးမြူနည်းအား တင်ပြလိုက်ရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်