မြေထုပ်စည်းမျိုးပွားနည်း (သီအိုရီသဘောတရားနှင့် လက်တွေ့ဆောင်ရွက်နည်း)

08/12/2017 22:29 PM တွင် HanPhyoAung HanPhyoAung မှ ရေးသား

မျိုးစေ့မှ မျိုးပွားစိုက်ပျိုးခြင်းနှင့် ကိုင်းဖြတ်မျိုးပွားခြင်းတို့ပြီးလျှင် မြေထုပ်စည်းမျိုးပွားနည်း (Air-layering) သည် အသုံးများသော အပင်မျိုးပွားနည်း (Vegetative propagation) တစ်ခုဟု ဆိုနိုင်သည်။ ကိုင်းဖြတ်မျိုးပွားရန် ခက်ခဲသော အပင်များအတွက် အသုံးဝင်သော အပင်မျိုးပွားနည်းလည်းဖြစ်သည်။ အပင်မျိုးပွားခြင်းဆိုင်ရာ ဘာသာရပ် အခေါ်အဝေါ်အရ “Layering” ဆိုသည်မှာ အပင်တစ်၏ ကိုင်းအခက်အလက်တစ်ခုသည် မိခင်အပင်နှင့် အတူရှိနေစဉ် ၎င်းကိုင်းအခက်အလက်ပေါ်၌ အမြစ်ထွက်ဖြစ်ပေါ်လာခြင်းကို ဆိုလိုသည်။ ဥပမာ၊ ယင်းကဲ့သို့ အဖြစ်အပျက်မျိုးကို စတော်ဘယ်ရီပင်နှင့် ပင့်ကူဂမုန်းပင်တို့တွင် အလွယ်တကူတွေ့နိုင်ပါသည်(ပုံ-၁)။ ၎င်းအကိုင်းအခက်မှ သဘာဝအလျောက် အမြစ် (adventitious root) ထွက် နေသော စတော်ဘယ်ရီပင်ငယ်လေးများနှင့် ပင့်ကူဂမုန်းပင်ငယ်လေးများကို အလွယ်တကူ ဖြတ်ယူပြီး အပင်သစ်တစ်ပင်အဖြစ် စိုက်ပျိုးနိုင်သောကြောင့် “Natural Layering” ဟု ခေါ်နိုင်သည်။ ကျနော်တို့ အများစုခေါ်ဝေါ်နေကြသည့် မြေထုပ်စည်းမျိုးပွားနည်း (Air-layering) မှာ “Layering” မျိုးပွားနည်းများထဲမှ တစ်ခုသာဖြစ်ပါသည်။ စာပေမှတ်တမ်းများအရ မြေထုပ်စည်းမျိုးပွားနည်းကို တရုတ်လူမျိုးများ စတင်အသုံးပြုခဲ့ကြသောကြောင့် “Chinese Layering” ဟုလည်း ခေါ်သည်။ အခြားအမည်များမှာ Marcotting၊ Marcottage၊ Pot layerage၊ Circumposition နှင့် Gootee တို့ဖြစ်သည်။

အမြစ်ထွက်ခြင်းဆိုင်ရာ သီအိုရီသဘောတရား

အပင်မျိုးပွားယူမည့် ပင်စည်ကိုင်း (ရွက်စုံထွက်သော Dicot အပင်များ) တွင် အစာကြောစည်း (Phloem) နှင့် ရေကြောစည်း (Xylem) ဟူ၍ အဓိက အစိတ်အပိုင်း ၂ ခုတွေ့ရမည်ဖြစ်သည်။ ၎င်းအလွှာ၂ ခုကြားတွင် အပင်ဆဲလ်အသစ်များကွဲပွားရာ နေရာဖြစ်သောအသားတိုးလွှာ (Cambium) ရှိသည် (ပုံ-၂)။ အပင်ဟော်မုန်းတစ်မျိုးဖြစ်သည့် အောက်ဇင် (Auxin) သည် အပင်များ၏ ကိုင်းခက်အညွန့်ထိပ်ဖျားပိုင်းတွင် သဘာဝအလျှောက်ဖြစ်ပေါ်နေပါသည်။ ၎င်းဟော်မုန်းသည် အပင်၏ အစာကြောစည်း (Phloem) မှတစ်ဆင့် အောက်ဖက်သို့ ရွေ့လျား(Downward translocation) သွားသည်။ ယင်းဟော်မုန်း၏ စွမ်းဆောင်ရည်တစ်မျိုးမှာ အမြစ်ထွက်မှုကို အားပေးခြင်းဖြစ်သည်။ မြေထုပ်စည်းမျိုးခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကိုင်းအခက်အလက်ကို ဒဏ်ရာပေးလိုက်ခြင်း/အခေါက်ခွာလိုက်ခြင်းဖြင့် အောက်ဇင်ဟော်မုန်းပို့ဆောင်ရာ လမ်းကြောင်းကို ဖြတ်တောက်ပေးလိုက်ခြင်း ဖြစ်သည်။ အညွန့်အခက်ထိပ်ဖျားပိုင်းမှ ရွေ့လျားလာသော အောက်ဇင်သည် အခေါက်ခွာထားသော နေရာ၏ အထက်ပိုင်းတွင် စုလာပြီး အမြစ်ထွက်မှုကို အားပေးခြင်းဖြစ်သည်။ ထို့ကြောင့် အမြစ်ထွက်မှု မြန်စေရန် အခေါက်ခွာထားသောနေရာကို အမြစ်အားဆေး (Rooting Hormone: Synthetic Auxin) ကို သုတ်လိမ်းပေးရန် တချို့က အကြံပြုကြခြင်း ဖြစ်သည်။

အခေါက်ခွာထားသောနေရာ၏ အထက်ပိုင်းတွင် ရက်အနည်းငယ်ကြာလျှင် အနာဖေး (Callusing) တက်လာသည်ကို တွေ့ရမည်။ “Callusing” ဖြစ်ခြင်းသည် အမြစ်ထွက်ရန်အတွက် လိုအပ်သောကြိုတင်အခြေအနေ ဖြစ်ပါသည်။

ရွက်ထီးထွက်သော “Monocot” အပင်များ (ဥပမာ၊ ဝါး) တွင် “Cambium” သည် သီးသန့်အလွှာအနေဖြင့် တည်ရှိမနေသောကြောင့် ၎င်းတို့ကို မြေထုပ်စည်းနည်းဖြင့် မျိုးပွားလိုလျှင် အဆစ်နေရာကို မြေထုပ်စည်းခြင်းနှင့် တချို့အပင်များတွင် မျိုးပွားလိုသောကိုင်းကို အထက်သို့ ကိုင်း၏ သုံးပုံတစ်ပုံ/တဝက်ခန့် လှီးဖြတ်ပေးရမည်။

မြေထုပ်စည်းမျိုးပွားနည်းစနစ်အသုံးပြုရခြင်း၏ အားသာချက်များ

  • ·         ကုန်ကျစရိတ် သက်သာခြင်း၊ လုပ်ကိုင်ဆောင်ရွက်ရ လွယ်ကူခြင်းနှင့် အောင်မြင်မှုရာခိုင်နှုန်း များသောကြောင့် အသုံးပြုသူ များပြားသည်။

    ·         အချိန်တိုအတွင်း အပင်များစွာကို မျိုးပွားရယူနိုင်၏။

    ·         အပင်များ ကိုင်းနှိမ်ကိုင်းချိုင်ခြင်း မလုပ်မီကိုင်းအခက်အလက်များကို မြေထုပ်စည်းနည်းဖြင့် မျိုးပွားယူပါက အပင်များမျိုးပွားရယူနိုင်သကဲ့သို့ အပင်များအတွက်လည်း အတိုင်းအတာတစ်ခုအထိ ကိုင်းနှိမ် ကိုင်းချိုင်ပြီးသားဖြစ်သွားသည်။

မြေထုပ်စည်းမျိုးပွားနည်းစနစ်အသုံးပြုရခြင်း၏ အားနည်းချက်များ

အစေ့စိုက်အပင်များနှင့် နှိုင်းယှဉ်လျှင် မြေထုပ်စည်းမျိုးပွားထားသော အပင်မှာ မူခြားမြစ်အဖွဲ့အစည်း (Advantitious root system) သာဖြစ်၍ ဒဏ်ခံနိုင်ရည်မှုနည်းပြီး သက်တမ်းတိုနိုင်သည်။

မြေထုပ်စည်းမျိုးပွားနည်းစနစ်ဖြင့်မျိုးပွားနိုင်သော အပင်များ

ရှောက်သံပုရာ လိမ္မော်မျိုးရင်းဝင်အပင်များ၊ မာလကာ၊ လိုက်ချီး၊ ကြက်မောက်၊ လောင်ဂန်၊ သကြားသီး၊ ဂွေးသီး စသော အသီးပင်များနှင့် နှင်းဆီ၊ ခေါင်ရမ်း၊ ရွက်လှ၊ ပုဏ္ဏရိပ်၊ ဇီဇဝါ၊ ညောင်၊ သဖန်း၊ နွယ်သာကီ၊ စက္ကူပန်း စသည့် ပန်းမန်အလှပင်များစွာကို ဤနည်းဖြင့် မျိုးပွားနိုင်ပါသည်။

မြေထုပ်စည်းမျိုးပွားနည်းစနစ်ဖြင့်မျိုးပွားယူနိုင်သော အချိန်ကာလရာသီ

အပင်တွင် အစိုဓာတ်ရနေပါက တစ်နှစ်ပတ်လုံး မြေထုပ်စည်းမျိုးပွားနိုင်သော်လည်း အပင်အများစုအတွက် အကောင်းဆုံးကာလမှာ ပတ်ဝန်းကျင်စိုထိုင်းဆများပြားပြီး အပင်တွင်း ရေဓာတ်များပြားသောအချိန် မိုးရာသီ (ဇူလိုင်မှ သြဂုတ်အတွင်း) တွင် ဖြစ်ပါသည်။

မျိုးပွားမည့် ပင်စည်ကိုင်းခတ်အား ရွေးချယ်ခြင်း

မြေထုပ်စည်းမျိုးပွားရာတွင် မြေထုပ်စည်းမျိုးပွားမည့် ကိုင်းသည် ကျန်းမာသန်စွမ်းပြီး ပိုးမွှားရောဂါကင်းရမည်။ သက်တမ်းမှာ တစ်နှစ်သားခန့်ရှိပြီး မရင့်လွန်း၊ မနုလွန်းသည့် ကိုင်းလုံးပတ် (လက်မဝက် မှ ၁ လက်မ) အရွယ် အပွေးတက်စ ကိုင်းဖြစ်ရမည်။

မြေထုပ်စည်း မျိုးပွားရန် ပြင်ဆင်ဆောင်ရွက်ခြင်း

  • ·         မြေထုပ်စည်း မျိုးပွားမည့်နေရာသည် ကိုင်းဖျား(အညွန့်) မှ (၁) ပေ၊ (၂) ပေခန့် ကွာဝေးသင့်သည်။

    ·         ရွေးချယ်ပြီးသော ကိုင်းပင်စည်နေရာ၏ အဆစ်အောက်နားကပ်ကာ အခေါက်ကို တစ်ပတ်လုံးရစ်၍ ခွာရမည် (အဆစ်နားကပ်၍ ခွာရခြင်းမှာ ကြီးထွားမှုဖြစ်စေသော ဆဲလ်များသည် အဆစ်များ ပတ်ဝန်းကျင်တွင်စုစည်းတည်ရှိနေသောကြောင့်ဖြစ်ပြီး အမြစ်ဖြစ်ပေါ်မှုကို ပို၍ ကောင်းစေသည်)။ ခွာသည့် အခေါက် အကျယ်သည် ကိုင်းအရွယ်အစားကို လိုက်၍ လက်မဝက်မှ တစ်လက်မခွဲ အထိထားနိုင်သည် (ပုံ-၃)။ ဤနည်းစနစ်သည် အသားတိုးလွှာ (Cambium) သီးသန့်ရှိသော “Dicot” အပင်များတွင် အသုံးပြုရန် သင့်တော်သည်။

    ·         နောက်နည်းစနစ်တစ်ခုမှာ အခေါက်မခွာဘဲ ပင်စည်ကိုင်း၏ တဝက်ခန့်အား စောင်း၍ အထက်ဘက်သို့ ၁ လက်မခန့်ဓားဖြင့် လှီးဖြတ် ဒဏ်ရာပေးရမည်။ ၎င်းဒဏ်ရာအား သွားကြားထိုးတံကဲ့သို့ အရာတစ်ခုခုဖြင့် ပြန်မဆက်သွားစေရန် ဟထားပေးရမည် (ပုံ-၄)။ ဤနည်းစနစ်သည် အပင်အများစုအတွက် အသုံးပြုရန် သင့်တော်သည်။ သို့သော်လည်း အမြစ်ထွက်ရန် ခက်ခဲသော အပင်များ (ဥပမာ၊ ညောင်ကြက်ပေါင်) နှင့် အသားတိုးလွှာ (Cambium) သီးသန့်မရှိသော “Monocot” အပင်များတွင် ပို၍ အသုံးများသည်။

    ·         အခေါက်ခွာနည်းစနစ်ကို အသုံးပြုမည်ဆိုပါက အသားတိုးလွှာဟုခေါ်သော အတွင်းပိုင်း မျက်နှာပြင်အလွှာပါးကို အသားနု ပြန်မတက်စေရန် ဓားဖြင့် ကုန်စင်အောင် ခြစ်ထုတ်ပစ်ရမည်။

    ·         အခေါက်ခွာ/ဓားဒဏ်ရာပေးထားသောနေရာကို အစိုဓာတ်ထိန်းနိုင်သော မြေစပ်စာများဖြင့် သော်လည်းကောင်း၊ အုန်းဆံဖတ်များဖြင့်သော် လည်းကောင်း အုံမံ၍ အပေါ်မှ ပလပ်စတစ်နှင့် ထုပ်ပြီး ကြိုးဖြင့်လုံအောင် စည်းရမည် (ပုံ-၅ နှင့် ပုံ-၆)။

    ·         ယေဘုယျအားဖြင့် မြေထုပ်စည်းပြီး တစ်လ သို့မဟုတ် တစ်လခွဲခန့်ကြာလျှင် မြေထုပ်စည်းထားသော ကိုင်းနေရာမှ အမြစ်များ ထွက်လာသည်ကို မြင်ရမည်ဖြစ်သည်(ပုံ-၇)။

    ·         ထို့နောက် ၎င်းမြေထုပ်၏ အောက်ဖက် တစ်လက်မခန့် အကွာမှ ဖြတ်ယူ၍ ပျိုးအိတ်၊ ပျိုးအိုး အတွင်းသို့ ပြောင်းစိုက်ရမည် (ပုံ-၈)။

    ·         ပျိုးအိတ်၊ ပျိုးအိုးများအား အရိပ်ကျဲစင်အောက်တွင် ထားပေးသင့်သည်။ အကယ်၍ အရွက်ပမာဏများနေလျှင် ထွက်လာသည့် အမြစ်ပမာဏနှင့် အရွက်ပမာဏကို ထိန်းညှိရန် အရွက်အချို့ကို ခြွေလျှော့ပေးရမည် (မြေထုပ်အား အပင်မှ မဖြတ်ယူမီ တပတ်ခန့်က ကိုင်းအခတ်လက်ရှိ အရွက်ပမာဏကို ကြိုတင်လျော့ချပေးထားလျှင်လည်း အကောင်းဆုံးဖြစ်သည်)။ ရေကိုလည်း လိုအပ်သလို လောင်းပေးရမည်။

 

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

2015-5-12 (5:30 PM)

ကျမ်းကိုး

၁။ Air Layering for Difficult-To-Root Plants (Everett E. Janne)

၂။ Plant Propagation(Alan Toogood, American Horticultural Society)

၃။ Plant Propagation: Principles and Practices(4th edition) (Hartmann and Kester)

၄။ Step-by-step Guide to Plant Propagation

၅။ ပုံများ အင်တာနက်စာမျက်နှာတစ်ချို့မှ ကူးယူပြီး ပြင်ဆင်ထားပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်