လိမ္မော်အကြောင်းသိကောင်းစရာနှင့် စိုက်ပျိုးနည်းစနစ်

13/09/2018 10:34 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လိမ္မော်စိုက်ပျိုးရေး မိတ်ဆက်

လိမ္မော်သည် နိုင်ငံအများစုတွင် ငှက်ပျောနှင့် ပန်းသီးပြီးနောက် အများဆုံး စိုက်ပျိုးကြသော ရှောက်မျိုးရင်းဝင် အပင်တစ်မျိုးဖြစ်သည်။ အဓိက စီးပွားဖြစ်စိုက်ပျိုးသော ရှောက်မျိုးရင်းဝင် မျိုးစိတ်များမှာ mandarin (ခွံပွလိမ္မော်)၊ sweet orange (ကမ္ဗ္ဗလာခွံကျစ် လိမ္မော်)နှင့် acid lime တို့ဖြစ်ကြသည်။ ဤဆောင်းပါးတွင်sweet oranges/ mandarin oranges စိုက်ပျိုးခြင်းကိုဖော်ပြမည်ဖြစ်သည်။

လိမ္မော်သီးတွင် ဗီတာမင် စီ၊ အေ၊ ဘီနှင့် ဖော့စဖရပ်ဓာတ်များ ကြွယ်ဝသည်။ လိမ္မော်သီးကို အစိမ်းလိုက် စားသုံးနိုင်သကဲ့သို့ ဖျော်ရည်၊ သဘာဝ လိမ္မော်ဆီ၊ အရသာ ထည့်သွင်း လိမ္မော် အနှစ်ရည်နှင့် ယို အဖြစ်လည်း စားသုံးနိုင်သည်။ လိမ္မော်သည် အဆီ၊ ဆစ်ထရစ် အက်ဆစ် နှင့် အလှကုန် ပစ္စည်းများ အတွက်လည်း အဓိက အရင်းအမြစ်တစ်ခု ဖြစ်သည်။ အဆိုပါ ထုတ်ကုန်များသည် နိုင်ငံတကာဈေးကွက်တွင် အလွန်ကောင်းမွန်သော ထုတ်ကုန် တန်ဖိုးရှိကြသည်။

လိမ္မော်ပင်သည် “Rutaceae” family ဝင်ဖြစ်ပြီး “ရှောက်” မျိုးရင်း ဖြစ်သည်။ အာရှတိုက် အနှံ့အပြားနှင့် ကမ္ဘာ့ အခြား နေရာများတွင် sweet orange အမျိုးအစား အမျိုးမျိုးကို စိုက်ပျိုးကြသည်။ သို့ရာတွင် စိုက်ပျိုးမှု အများဆုံးသော အမျိုးအစားများမှ တစ်မျိုးမှာ “Valencia” orange ဖြစ်သည်။ ထိုမျိုး (မျိုးကွဲ) သည် စပိန်နိုင်ငံမှ ဆင်းသက်လာပြီး အာဖရိကတိုက်နှင့် ဩစတေးလျတိုက် တို့တွင်လည်း စိုက်ပျိုးကြသည်။ Mandarin Orange သည် အခြားမျိုးကွဲ တစ်မျိုးဖြစ်ပြီး အိန္ဒိယ၌ အလွန် ထင်ရှားသည်။

“ကမ္ဗဗလာခွံကျစ် လိမ္မော်(sweet orange)”သည် ယနေ့ ခေတ်ကာလတွင် ကမ္ဘာပေါ်၌ အများဆုံး စားသုံးလျက် ရှိကြသော အမျိုးအစားဖြစ်သည်။ စင်စစ်အားဖြင့် sweet orange ကို အာရှတိုက်တွင် စတင် စိုက်ပျိုးခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင် ကမ္ဘာ အနှံ့အပြား၌ စိုက်ပျိုးနေပြီဖြစ်သည်။ လိမ္မော်သီးသည် လုံးဝန်း၍ လိမ္မော်ရောင်ရှိသော အသီးဖြစ်ပြီး ၁၀ မီတာ(၃၃ပေခန့်) အမြင့်ထိမြင့်နိုင်သော အပင်များတွင် သီးကြသည်။ လိမ္မော်ပင်တွင် အစိမ်းရင့်ရောင် တောက်ပသော အရွက်များနှင့် ပွင့်ဖတ် ငါးဖတ်ပါသော အဖြူရောင် ပန်းပွင့်ငယ်များ ရှိကြသည်။ လိမ္မော်ပင် အရွက်သည် အလွန်မွှေးသော ရနံ့ရှိပြီး ပျားများကို ဆွဲဆောင်နိုင်သည်။ လိမ္မော်ကို အိုးများ၊ ပုံးများဖြင့် အိမ်အနောက်ဖက်တွင်ပင် စိုက်ပျိုးနိုင်သည်။ စီးပွားဖြစ် လိမ္မော်စိုက်ပျိုးရေးသည် မှန်ကန်သော နည်းလမ်းများကို အသုံးပြုပါက လွန်စွာ အောင်မြင်ပြီး အမြတ်အစွန်းများစွာ ရရှိနိုင်သည်။ လိမ္မော်ပင်များသည် ဖျက်ပိုးနှင့် ရောဂါအမျိုးမျိုး ကျရောက်နိုင်သောကြောင့် ထိုအပင်များအတွက် ဖျက်ပိုးနှင့် ရောဂါကာကွယ်ရေးမှာ လွန်စွာ အရေးကြီးသည်။

orange_flower

ဓာတ်ပုံ- လိမ္မော် ပန်းပွင့်

လိမ္မော်စိုက်ပျိုး ထုတ်လုပ်သော ထိပ်တန်း ၁၀ နိုင်ငံမှာ အောက်ပါအတိုင်းဖြစ်ကြသည်။

ဘရာဇီး၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ အိန္ဒိယ၊ မက္ကဆီကို၊ စပိန်၊ အီဂျစ်၊ တူရကီ၊ အီတလီ၊ တောင်အာဖရိက နိုင်ငံတို့ ဖြစ်သည်။

မှတ်ရန် - အာရှတိုက်တွင် အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံပြီးနောက် ဒုတိယမြောက် အကြီးဆုံးသော လိမ္မော် ထုတ်လုပ်သူဖြစ်သည်။ 

လိမ္မော်သီး၏ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

orange-juice

• လိမ္မော်သီးသည် ကောင်းမွန်သော ဗီတာမင် စီ ရင်းမြစ်ဖြစ်သည်။

• လိမ္မော်သီးသည် အရေပြားကျန်းမာရေးအတွက် ကောင်းမွန်သည်။

• လိမ္မော်သီးသည် မျက်စိကျန်းမာရေးအတွက် ကောင်းမွန်သည်။

• လိမ္မော်သီးသည် ကင်ဆာကို ကာကွယ်ပေးသည်။

• လိမ္မော်သီးသည် သွေးဖိအားမြင့်ခြင်းကို ထိန်းညှိပေးသည်။

• လိမ္မော်သီးသည် နှလုံးကျန်းမာရေး အတွက် ကောင်းမွန်သည်။

• လိမ္မော်သီးသည် ကိုလက်စထရောကို လျော့ကျစေသည်။

• လိမ္မော်သီးသည် အသည်းကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးသည်။

• လိမ္မော်သီးသည် ဝမ်းချုပ်ခြင်းကို သက်သာစေသည်။

• လိမ္မော်သီးသည် ကျန်းမာသော ခန္ဓာကိုယ်တစ်ရှူးများကို မြှင့်တင်ပေးသည်။

• လိမ္မော်သီးသည် အရိုးနှင့် သွားကျန်းမာရေးတို့အတွက် ကောင်းမွန်သည်။

• လိမ္မော်သီးသည် ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးသည်။

• လိမ္မော်သီးသည် အစာချေခြင်းအတွက် ကောင်းမွန်သည်။

• လိမ္မော်သီးသည် ရောဂါများကို တိုက်ခိုက်ရာတွင် ကူညီပေးသည်။

• လိမ္မော်သီးသည် ကျောက်ကပ်ကျန်းမာရေးအတွက် ကောင်းမွန်သည်။

လိမ္မော်စိုက်ပျိုးရေးအတွက် လိုအပ်သော ရာသီဥတု

လိမ္မော်ကို အပူပိုင်းနှင့် သမပိုင်း ရာသီဥတုများရှိသော အမြင့် ၁၅၀၀ မီတာ (ပျှမ်းမျ ပင်လယ် ရေမျက်နှာပြင်အထက်) အထိရှိသည့် နေရာများ၌ စိုက်ပျိုးနိုင်ကြသည်။ သို့သော် မြေဆီလွှာအပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ် ရှိသော ခြောက်သွေ့သော ရာသီဥတုသည် အပင်၏ အမြစ်ကြီးထွားမှုအတွက် ကောင်းမွန်သည်။ သီးနှံကြီးထွားမှု အကောင်းဆုံးဖြစ်ရန်ဆိုပါက ခြောက်သွေ့ပြီး ၇၅ စင်တီမီတာ မှ ၂၅၀ စင်တီမီတာ အတွင်းရှိသောမိုးရေချိန် နည်းပါးသည့် နွေရာသီသည် အသင့်တော်ဆုံး အခြေအနေဖြစ်သည်။ လိမ္မော်သီးနှံသည် ဆီးနှင်းခဲသော အခြေအနေများနှင့် စိုစွတ်သော အခြေအနေများတွင် အလွန် ထိခိုက်လွယ်ပြီး ရောဂါပျံ့နှံ့နိုင်သည်။ လိမ္မော်စိုက်ပျိုးရေးအတွက် အခြားအခက်အခဲ တစ်ခုမှာ ပူပြင်းသောနွေရာသီတွင် လေပူကြောင့် အရွက်များနှင့် အသီးကင်းများ ကြွေကျနိုင်ခြင်း ဖြစ်သည်။ သီးနှံအထွက်နှုန်း ကောင်းမွန်ရန်အတွက် သီးနှံကြီးထွားစဉ် ကာလတလျှောက်၌ ကောင်းမွန်သော အပူချိန်ကို ထိန်းသိမ်းထားရန်လိုအပ်သည်။

လိမ္မော်စိုက်ပျိုးရေးအတွက် လိုအပ်သော မြေဆီလွှာ

လိမ္မော်ကို နုန်းမြေ၊ သဲနုန်းမြေမှ နုန်းမြေ၊ သဲနီမြေ နှင့် အနက်ရောင်ရွှံ့စေး စသော မြေဆီလွှာ အမျိုးမျိုးတွင် စိုက်ပျိုးနိုင်သည်။ သို့ရာတွင် မြေဆီလွှာ ဓာတ်ပြုမှု၊ မြေဆီလွှာ စိုက်ပျိုး ဖြစ်ထွန်းနိုင်မှု၊ စီးဆင်းမှု၊ ဖောက်ထုံးနှင့် ဆားပါဝင်မှု စသည်ကဲ့သို့ မြေဆီလွှာ ဂုဏ်သတ္တိများသည် လိမ္မော်စိုက်ပျိုးမည့် မြေအတွက် အရေးပါသော အကြောင်းအချက်များ ဖြစ်ကြသည်။ နက်ရှိုင်းပြီး ကောင်းစွာ စီးဆင်းသော မြေမွ နုန်းဆန်သည့်မြေများသည် လိမ္မော် စိုက်ပျိုးရေး အတွက် အကောင်းဆုံးဖြစ်ကြသည်။ လိမ္မော် စိုက်ပျိုးရေး အတွက် အကောင်းဆုံးမြေဆီလွှာ မြေချဉ်ငန်ဓါတ် (pH) တန်ဖိုးမှာ ၆.၀ မှ ၇.၅ ကြားဖြစ်သည်။ အကယ်၍ သီးနှံကို အကြီးစား သို့မဟုတ် စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်မည်ဟု ရည်ရွယ်ပါက မြေဆီလွှာ၏ သင့်တော်မှုနှင့် စိုက်ပျိုးဖြစ်ထွန်းနိုင်မှုတို့ကို သိရှိနိုင်ရန် မြေဆီလွှာ စမ်းသပ်ချက် လုပ်ဆောင်သင့်သည်။

မြေနေရာရွေးချယ်ခြင်းနှင့် မြေယာပြင်ဆင်ခြင်း

လိမ္မော် စိုက်ပျိုးရေးအတွက် မြေနေရာရွေးချယ်ခြင်းနှင့် မြေယာပြင်ဆင်ခြင်းတို့သည် လွန်စွာ အရေးပါသည်။ အကယ်၍ စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်ရန် ရည်ရွယ်ပါက ဈေးများနှင့် နီးရန်နှင့် သယ်ယူ ပို့ဆောင်ရေး လွယ်ကူမှုရှိစေရန် သေချာပါစေ။ နွေရာသီ လေပူများ တိုက်သောကြောင့် အပွင့်နှင့် အသီးကြွေခြင်းများ ဖြစ်လေ့ရှိသည်။ ထို့ကြောင့် လေပြင်း တိုက်ခတ်နိုင်ခြေရှိပါက ဘေးတစ်ဖက် တစ်ချက်တွင် လေကာပင်များ စိုက်ပျိုးထားသင့်သည်။ ယူကလစ်ပင်၊ သပြေပင်နှင့် ပိုးစာပင် တို့ကို လေကာပင်အဖြစ် စိုက်ပျိုးနိုင်သည်။

မြေယာပြင်ဆင်ရာတွင် ထွန်စက်ကို အသုံးပြု၍ မြေကြီးကို အပြန်ပြန် အလှန်လှန် ထယ်ထိုးကာ မြေခဲရွှံ့ခဲများကို ချေမွပြီး မြေညှိပေးသင့်သည်။ ယခင် စိုက်ပျိုးသော သီးနှံ၏ ပေါင်းမြက်များ အားလုံးကို သေချာစွာ ဖယ်ရှားပါ။

စိုက်ပျိုးရာသီချိန်

အရှေ့တောင် အာရှတွင် လိမ္မော်ပျိုးပင်များကို မိုးရာသီ (ဇူလိုင်လမှ ဩဂုတ်လ) စတင်ပြီးနောက်တွင် ပင်မစိုက်ခင်းသို့ ရွှေ့ပြောင်း စိုက်ပျိုးကြသည်။ အဖူးကူးခြင်းကို ‘တီပုံစံအဖူးမြှပ်ခြင်း’ သို့မဟုတ် သပ်လျှာထိုး အဖူးမြှုပ်ခြင်းကို အသုံးပြု၍ ဆောင်ရွက်သင့်သည်။

မျိုးပွားခြင်း၊ စိုက်ပျိုးခြင်းနှင့် နေရာခြားခြင်း

လိမ္မော်ပင်များကို မျိုးစေ့ဖြင့် မျိုးပွားခြင်းနှင့် တီ-ပုံစံ အဖူးမြှုပ်ခြင်းဖြင့် ပင်ပိုင်းမျိုးပွားခြင်း စသည်တို့ဖြင့် မျိုးပွားနိုင်သည်။ သို့ရာတွင် အဖူးမြှုပ်ထားသော အပင်များသည် လျင်မြန်စွာ ကြီးထွားမှုနှင့် အထွက်နှုန်း မြင့်မားမှု တို့အတွက် အကောင်းမွန်ဆုံး ဖြစ်ကြသည်။ အပင် စိုက်ပျိုးပါက တွင်းများ၏ အရွယ်အစားသည် အလျား၊ အနံ၊ အနက် (၂ပေခွဲ) ရှိရမည်ဖြစ်ပြီး (၂၃ပေ) ပတ်လည် ခြား၍ တူးသင့်ကာ တွင်းများကို အပေါ်ယံမြေဆီလွှာနှင့် ကောင်းစွာဆွေးမြေ့ထားသော လယ်ယာထွက် စွန့်ပစ်မြေဩဇာ (FYM) တို့ဖြင့် ဖြည့်ထားသင့်သည်။

ဖူးမြှုပ်ထားသော အပင်များကို တွင်းများ၏ အလယ်ဗဟိုတွင် ထား၍စိုက်ပြီး တိုင်စိုက်ထားသင့်သည်။ များသောအားဖြင့် အပင်နေရာအကွာ အဝေး သည် မျိုး၊ မြေဆီလွှာ အမျိုးအစားနှင့် လုပ်ဆောင်သော နည်းလမ်းတို့ အပေါ်တွင် မူတည်သည်။ သိပ်သည်းမှုမြင့်သော စိုက်ပျိုးခြင်းအတွက် အပင်နေရာအကွာ အဝေးသည် နည်းမည် ဖြစ်သည်။ ပုံမှန်အားဖြင့် အပင်နေရာ အကွာအဝေးကို ၁ ဧကလျှင် အပင် ၁၂၀ အဖြစ် သက်မှတ်ထားသည်။ အပင်များကို စိုက်ခင်းအတွင်းသို့ ပြောင်းရွှေ့စိုက်ပျိုး ပြီးသည်နှင့် ရေသွင်းခြင်းကို ဆောင်ရွက်သင့်သည်။

ရေသွင်းခြင်း

ရှောက်မျိုးရင်းဝင် အပင်များသည် ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှု မြန်ခြင်း တို့ကြောင့် အခြားသစ်သီးပင်များထက် ရေကို ပိုလိုအပ်ကြသည်။ ထို့ကြောင့် ရေသွင်းခြင်းသည် လိမ္မော်စိုက်ပျိုးရေးတွင် အလွန်အရေးပါသော အဆင့်ဖြစ်သည်။ ရေသွင်းခြင်းသည် မြေဆီလွှာ အမျိုးအစား၊ ရာသီဥတု အခြေအနေနှင့် အပင် သက်တမ်း စသည့် အကြောင်းအချက်များအပေါ်တွင် မူတည်သည်။ လိမ္မော်ပင်များသည် ရေဝပ်ခြင်းကို ခံနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ပင်စည်များ ရေဝပ်ခြင်းကို ရှောင်ရှားသင့်သည်။ အပင်ရွှေ့ပြောင်း စိုက်ပျိုးပြီးနောက် လိမ္မော်ခြံကို ရေသွင်းပါ။ အရွယ်ရောက်ပြီးသော လိမ္မော်ပင်တစ်ပင်သည် တစ်နှစ်လျှင် ၂၀ မှ ၂၅ ကြိမ် ရေသွင်းရန် လိုအပ်သည်။

အစက်ချရေသွင်းခြင်းသည် အကျိုးကျေးဇူးများစွာ ရရှိသောကြောင့် အသုံးပြုသင့်သည်။ အစက်ချရေသွင်းခြင်း၏ အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်း ဖြစ်ကြသည်။

• ရေသွင်းခြင်း ရေပမာဏကို ထိန်းချုပ်ထားပြီး လိုအပ်သော ပမာဏကိုသာ ပေးသွင်းနိုင်သည်။

• အစက်ချရေသွင်းခြင်းသည် အပင်၏ အမြစ်စနစ်သို့ ရေရောက်ရှိစေနိုင်သည်။

• စနစ်တကျ ရေလောင်းခြင်းဖြစ်သောကြောင့် ၎င်းသည် သီးနှံပင်၏ ကြီးထွားမှု၊ အရည်အသွေးနှင့် အထွက်နှုန်းတို့ကို တိုးတက်စေသည်။

• စိုက်ခင်းတစ်ခုလုံး ရေသွင်းခြင်း နှင့် နှိုင်းယှဉ်ပါက ရေလေလွင့်ဆုံးရှုံးမှု ၆၀% ခန့် လျော့ကျသည်။

• ရေကို အမြစ်စနစ်သို့ ထည့်သွင်းခြင်းကြောင့် အမြစ်များသို့ ဖြည့်သွင်းထားသော မြေဩဇာများ ကို ထိရောက်စွာ အသုံးချနိုင်သည်။

• စိုက်ခင်းတစ်ခုလုံး ရေသွင်းခြင်းနှင့် နှိုင်းယှဉ်ပါက ၎င်းသည် မြေဆီလွှာ တိုက်စားမှုနှင့် အာဟာရဓာတ် ဆုံးရှုံးမှု တို့ လျော့နည်းသည်။

• မြေညှိခြင်း လုပ်ငန်းများ ဆောင်ရွက်ရခြင်း နည်းပါးသောကြောင့် လုပ်အားလိုအပ်ချက်ကို လျော့ကျစေသည်။

• အစက်ချရေသွင်းခြင်းသည် ပေါင်းမြက်များ၊ ဖျက်ပိုးများနှင့် ရောဂါများကို လျော့ကျစေရန် ကူညီပေးသည်။

• အစက်ချရေသွင်းခြင်းဖြင့် သီးနှံများကို မည်သည့် အချိန်တွင်မဆို စိုက်ပျိုးနိုင်သည်။

စွန့်ပစ်မြေဩဇာများနှင့် ဓာတ်မြေဩဇာများ အသုံးပြုခြင်း

လိမ္မော်ပင်များသည် စွန့်ပစ်မြေဩဇာများနှင့် ဓာတ်မြေဩဇာများကို ကောင်းစွာ တုံ့ပြန်နိုင်ကြပြီး ထိုအာဟာရဓာတ်များကို မှန်ကန်သော အဆင့်များ၌ ထည့်သွင်းပါက အထွက်နှုန်း ကောင်းမွန်လာမည် ဖြစ်သည်။ အောက်ပါ ဇယားကွက်သည် လိမ္မော် စိုက်ပျိုးရေးတွင် လိုအပ်သော နိုက်ထရိုဂျင် ၊ ဖော့စဖိတ် ၊ ပိုတက်စီယမ် အာဟာရဓာတ်များကို ဖော်ပြသည်။

ထိုအာဟာရဓာတ်များကို မည်သို့ ထည့်သွင်းရမည်နည်း။ အကြံပြုထားသော နိုက်ထရိုဂျင်(N) ထည့်သွင်းရန် ပမာဏ၏ သုံးပုံတစ်ပုံကိုကောင်းမွန်စွာဆွေးမြေ့ထားသော လယ်ယာထွက်မြေဩဇာများ(FYM)တို့ ကဲ့သို့ အော်ဂဲနစ်ပစ္စည်းများဖြင့် ထည့်သွင်း အသုံးပြုသင့်သည်။

အနည်းလို အာဟာရများ- မြေဆီလွှာ စမ်းသပ်ချက် ရလဒ်များ အပေါ်တွင် အခြေခံ၍ အနည်းလို အာဟာရချို့တဲ့မှုများကို ပြန်လည် ဖြည့်တင်းသင့်သည်။ သွပ်ဓာတ်၊ကြေးနီဓာတ်၊ မန်ဂနီဓာတ်၊ သံဓာတ်၊ ဘိုရွန်ဓာတ် နှင့်မော်လဒီနန် စသည့် အနည်းလို အာဟာရများသည် အပင်များ၏ အကောင်းဆုံး ကြီးထွားမှု အတွက် လိုအပ်သည်။ အဆိုပါ အနည်းလို အာဟာရများ ထည့်သွင်းခြင်းကို အရွက်ဖျန်းခြင်းမှ တဆင့် ပြုလုပ်သင့်သည်။

ပင်ကြားတန်းကြား ကြားလုပ်ဆောင်ရမည့်လုပ်ငန်းများ

ပင်ကြားတန်းကြား ကြား လုပ်ဆောင်ရမည့် လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ခြင်းသည် သီးနှံ အထွက်နှုန်း မြင့််မားရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။ ၎င်း၏ အစိတ်အပိုင်းတစ်ရပ် အနေဖြင့်ပေါင်းမြက်များ ကြီးထွားမှုကိုမြေဖုံးခြင်းဖြင့် ထိန်းချုပ်သင့်သည်။ အပင်တန်းများ အကြားပေါင်းမြက်များကို ဖယ်ရှားရန်အတွက် ပုံမှန် ထယ်ထိုးသင့်သည်။ မြေဆီလွှာလေဝင်လေထွက်ကောင်းမွန်ရန်နှင့် ဓာတ်မြေဩဇာ စုပ်ယူနိုင်ရန်တို့အတွက် အပင်ခြေပတ်လည်ကို တူးဆွပေးသင့်သည်။ ပေါင်းမြက်များကို ထိန်းချုပ်ရာတွင် ဓာတုပေါင်းသတ်ဆေးများသည်လည်း ထိရောက်မှုရှိသည်။

မြေဖုံးခြင်း

မြေဖုံးခြင်း သည်မြေဆီလွှာ အစိုဓာတ်ကို ထိန်းသိမ်းရန် နှင့်မြေဆီလွှာ တိုက်စားခြင်းကို ထိန်းချုပ်ရန်တို့အတွက် အရေးကြီးသော အခြားလုပ်ဆောင်ချက် တစ်ခုဖြစ်သည်။ ထို့အပြင်မြေဖုံးခြင်း သည်ပေါင်းမြက် ကြီးထွားမှုကို ထိန်းချုပ်ရန် နှင့်အော်ဂဲနစ်ပစ္စည်း အဖြစ်ပြောင်းလဲရန် ကူညီပေးသည်။ ၎င်းသည်ရေငွေ့ပျံခြင်းကိုလျှော့ချပေးခြင်းဖြင့်ရေသွင်းရသည့် အကြိမ်ရေကိုလျော့ကျစေသည်။ ၇လက်မမှ ၈လက်မ အထူရှိသော စပါးခွံ သို့မဟုတ် သစ်ရွက်ခြောက်များကဲ့သို့မြေဖုံး ပစ္စည်းများကို အပင်ခြေ ပတ်လည်တွင် အသုံးပြုနိုင်သည်။ 

သီးညှပ်စိုက်ပျိုးခြင်း

လိမ္မော် စိုက်ပျိုးသူများသည် သီးညှပ် စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေ ရရှိနိုင်သည်။ အသီးမသီးမီ အဆင့်(ပထမသုံးနှစ် ကာလအတွင်း) တွင် ပဲမျိုးရင်းဝင် အပင်များနှင့် မည်သည့်ဟင်းသီးဟင်းရွက်သီးနှံကိုမဆိုကြားညှပ် သီးနှံအဖြစ်စိုက်ပျိုးနိုင်သည်။ သို့ရာတွင် ကြားညှပ်သီးနှံသည် လိမ္မော်ပင်အတွက် ဖြည့်သွင်းထားသော အာဟာရဓာတ်များကို ယှဉ်ပြိုင်ရယူခြင်း မရှိစေရန် သတိပြုဆောင်ရွက်ပါ။ ကြားညှပ် သီးနှံများ စိုက်ပျိုးပါက လိမ္မော်ခြံ ထိန်းသိမ်းခြင်းနှင့်အတူ ဂရုစိုက်စောင့်ရှောက်မှု၊ မြေဩဇာနှင့်ရေသွင်းခြင်း တို့ကိုပိုမို လိုအပ်မည် ဖြစ်သည်။ 

အပင်လေ့ကျင့်ပေးခြင်းနှင့်ကိုင်းချိုင်ခြင်း

အပင်လေ့ကျင့်ပေးခြင်းနှင့် ကိုင်းချိုင်ခြင်းသည် လွန်စွာ အရေးကြီးပြီး အသီး၏ အရည်အသွေးနှင့် သီးနှံ အထွက်နှုန်းတို့အပေါ် တိုက်ရိုက် အကျိုး သက်ရောက်သည်။အပင်ကို စနစ်တစ်ခုတည်း အဖြစ်လေ့ကျင့်ပေးရမည်ဖြစ်ပြီး အဖူးပေါင်းစည်းမှတ်အောက်ဘက်ပိုင်း မှပေါ်ထွက်လာသော မည်သည့် အညှောင့်ကိုမဆို ပုံမှန်ခြွေချရမည်ဖြစ်သည်။ ပင်စည် သန်မာစေရန် အတွက်မြေမျက်နှာပြင်၏ ၁ပေခွဲ- ၂ပေတွင် အစောပိုင်း အဆင့်၌ပေါ်ထွက်လာသော အညှောင့်များ အားလုံးကို ဖယ်ရှားပစ်ရမည်။ အပင်၏ အလယ်ဗဟိုကို ဖွင့်လျက်ထားရှိရမည်။ အကိုင်းများသည် ဘက်ပေါင်းစုံ သို့ကောင်းစွာ ပြန့်ကားသင့်သည်။ ကန့်လန့် ဖြတ်ထွက်နေသော ကိုင်းခြောက်များနှင့်ဘေးထွက် အတက်များကိုစောလျင်စွာ ဖယ်ရှားရမည်။ အသီးသီးနေသော အပင်များသည် ကိုင်းချိုင်ခြင်းကို အနည်းငယ်သာ လိုအပ်ခြင်း သို့မဟုတ် လုံးဝ မလိုအပ်ပါ။ အသီး မသီးသေးသော အပင်များကို ကိုင်းချိုင်ခြင်း အားဆောင်းရာသီ အအေးဆုံး အချိန်ကိုရှောင်၍ကျန် မည်သည့် အချိန်တွင် မဆိုဆောင်ရွက်နိုင်သည်။

ဖျက်ပိုးများနှင့်ရောဂါများ

လိမ္မော်ခြံအတွင်း ဖျက်ပိုးများနှင့်ရောဂါများ ထိန်းချုပ်ရန်မှာ လိမ္မော်ပင်များ၏ ကြီးထွားမှု ကာလ တလျှောက်လုံးအတွက် လွန်စွာ အရေးကြီးသည်။

လိမ္မော် စိုက်ပျိုးရေးတွင်တွေ့ရသော ဖျက်ပိုးများ- လိမ္မော် စိုက်ပျိုးရေးတွင် အဓိကတွေ့ရှိရသော ဖျက်ပိုးများမှာ ယင်မဲကောင်၊ ရှောက်မျိုးနွယ် ရွက်ထွင်းပိုး၊ သစ်ခေါက်စားဖလံ၊ ဒက်ပိုးတု၊ ပျပိုး၊ လှေးပိုးများ၊ သီးထိုး ယင်ကောင်နှင့် မွှားပင့်ကူတို့ ဖြစ်ကြသည်။ ထိုဖျက်ပိုးများသည် သီးနှံ အရည်အသွေးနှင့် သီးနှံ အထွက်နှုန်းတို့ကို ကျဆင်းစေသည်။

လိမ္မော် စိုက်ပျိုးရေးတွင်တွေ့ရသောရောဂါများ- လိမ္မော် စိုက်ပျိုးရေးတွင် အဓိကတွေ့ရှိရသောရောဂါများမှာ ကိုင်းဖျားခြောက်ရောဂါ၊ အပင်စေးထွက်ရောဂါ၊ ပင်ခြေရိရောဂါနှင့်အမြစ်နှင့် ပင်ခြေပုပ်ရောဂါတို့ ဖြစ်ကြသည်။ ရောဂါ ဖြစ်ပွားသော အပင်များအား ရီဒိုမေး (Ridomil)၊ ဘာဗင်စတင် (Bavistin)၊ ဘီနိုမိုင်း (Benomyl) စသည် တို့ကိုရောဂါ အမျိုးအစားပေါ် မူတည်၍ ဖျန်းပေးသင့်သည်။

မှတ်ရန်- ဖျက်ပိုးများနှင့်ရောဂါများ၏ လက္ခဏာများ၊ ၎င်းတို့ကိုထိန်းချုပ်ပုံများစသည်တို့နှင့် ပတ်သက်၍ သင်၏ဒေသဆိုင်ရာ စိုက်ပျိုးရေး ဌာနများနှင့် ဆက်သွယ်ပါ။ ၎င်းတို့သည် လိမ္မော် စိုက်ပျိုးရေးရှိ ဖျက်ပိုး ထိန်းချုပ်ဖြေရှင်းရန် အကောင်းဆုံး အရင်းအမြစ် ဖြစ်သည်။

ခူးဆွတ်ခြင်း

လိမ္မော်သီး ခူးဆွတ်ခြင်းသည် မျိုးအပေါ် မူတည်ပြီး ၄နှစ်မြောက် သို့မဟုတ် ၅နှစ်မြောက်မှ စတင်သည်။ လိမ္မော်ပင်၏ စီးပွားရေးအရ သက်တမ်းသည် နှစ်၂၀မှ၂၅အထိ ရှိနိုင်သည်။ တစ်နှစ်အတွင်း ခူးဆွတ်ချိန်၂ကြိမ်မှ ၃ကြိမ် အထိ ဖြစ်နိုင်သည်။ (နွေရာသီ၊ မိုးရာသီ နှင့်ဆောင်းရာသီ)။ ပုံမှန်အားဖြင့် လိမ္မော်သည် ၉လမှ ၁၂လ အတွင်း၌ ရင့်မှည့်နိုင်သည်။ လိမ္မော်သီးများကို အပြည့်အဝမှည့်ပြီး မှန်ကန်သော အရွယ်အစား၊ ဆွဲဆောင်မှုရှိသော အရောင်နှင့် လက်သင့်ခံနိုင်သောသကြား၊ အက်ဆစ် အချိုးရရှိချိန်၌ ရိတ်သိမ်းသင့်သည်။ ရင့်မှည့်ပြီးသော အသီးများကို နှစ်ကြိမ်မှ သုံးကြိမ်ခွဲ၍ ရိတ်သိမ်းနိုင်သည်။

ရိတ်သိမ်းပြီးချိန်

လိမ္မော်သီးများ (sweet နှင့်mandarin) ကို ရင့်မှည့်စေရန်နှင့် အရောင်ထွက်စေရန်တို့အတွက် အီသရယ်နှင့် ပြုလုပ်နိုင်သည်။ ၂၅ဒီဂရီ စင်တီ ဂရိတ်အောက်လျော့နည်းသော အပူချိန်တွင် အီသရယ် အနည်းငယ်ဖြင့် အရောင်ပြောင်းလဲစေနိုင်သည်။ လိမ္မော်သီးများကို ပုံးများအတွင်း ထုတ်ပိုးခြင်း မပြုမီရေဆေးခြင်း၊ စီခြင်းနှင့် အတန်းအစားခွဲခြင်းတို့ကို ပြုလုပ်သင့်သည်။

အထွက်နှုန်း

လိမ္မော်သီး အထွက်နှုန်းသည် လစိုက်ပျိုးသည့် မျိုး(မျိုးကွဲ)၊ မြေဆီလွှာ အမျိုးအစား၊ ရာသီဥတု အခြေအနေနှင့် သီးနှံခြံ စီမံခန့်ခွဲမှု နည်းလမ်းများ စသည့် အကြောင်းအချက်များစွာပေါ်တွင်မူတည်သည်။ ပျှမ်းမျှအားဖြင့်၁ ဧကလျှင် ပိဿ ၆၀၀၀- ၇၀၀၀ ကြား အထိ ရရှိနိုင်သည်။ တစ်ပင်ချင်း ရိတ်သိမ်းရမည်ဆိုပါက ၄နှစ်မြောက်မှ ၅နှစ်မြောက် အတွင်းတွင် တစ်ပင်လျှင် အသီး၄၀မှ ၄၅လုံး အထိမျှော်မှန်းနိုင်ပြီး သီးနှံအထွက်နှုန်းသည် ၈နှစ်မြောက်တွင် တည်ငြိမ်သွားသည်။ တည်ငြိမ်မှု ရရှိပြီးနောက် အပင်တစ်ပင်လျှင် အသီး၄၅၀ မှ၅၀၀ အထိထွက် ရှိနိုင်သည်။

ဈေးကွက်တင်ပို့ရောင်းချခြင်း

လိမ္မော်သီးသည် သဘာဝ အခြေအနေအတိုင်း ကြာရှည်စွာ အထားခံသောကြောင့်ဝေးလံသောဒေသများသို့ဈေးကွက် တင်ပို့ရောင်းချနိုင်သည်။ လိမ္မော်သီးကိုဒေသတွင်းရှိဈေးများသို့တင်ပို့နိုင်ပြီး သီးနှံ ပြန်လည်ရောင်းချသူများသည် လယ်ယာများမှ တဆင့်လည်း အမြောက်အမြား ဝယ်ယူနိုင်သည်။ စီးပွားဖြစ်ရောင်းချရန် အတွက်သီးနှံကုန်ချော ထုတ်လုပ်သည့်နေရာများ သို့မဟုတ် ပြင်ပ ပို့ကုန်ပွဲစားများနှင့် ဆက်သွယ်ပါ။ လိမ္မော်သီး၏ဈေးကွက် တန်ဖိုးသည် ရာသီချိန်နှင့် အသီးအရည်အသွေးတို့အပေါ် မူတည်သည်။ လိမ္မော်သီးဈေးနှုန်းသည် တစ်ရာသီမှ တစ်ရာသီ ကွာခြားသည်။

 

အောင်ခိုင်စိုး (InnoRay) 

sorce- www.asiafarming.com


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်