၁။ မူရင်းဒေသ
မလေးရှားနှင့် အင်ဒိုနီးရှားမှာ မူရင်းဒေသဖြစ်သည်။ ကြက်မောက်ပင်ကို အင်္ဂလိပ် အမည် RAMBUTAN, ရုက္ခဗေဒ အမည်မှာ Naphelium lappacum ၊ မျိုးရင်းအမည်မှာ SAPINDACEAE ဟူ၍ ခေါ်ဝေါ်ကြသည်။
၂။ လိင်အမျိုးအစား သုံးမျိုးရှိပါသည်။
၁။ အဖိုပွင့်များသာပွင့်သော အဖိုပင်များ။
အစေ့စိုက်အပင်များ၏ ၄၀-၆၀ ရာခိုင်နှုန်းမှာ အဖိုပင်များဖြစ်သည်။
၂။ လိင်စုံပင်တွင် ပန်းပွင့်များသည် အမပွင့်သကဲ့သို့ ဆောင်ရွက်သောအပင်များ။
၃။ လိင်စုံပင်တွင် တချို့သောပန်းပွင့်များသည် အမပန်းပွင့်၏တာဝန်များကို ဆောင်ရွက်ပြီး အချို့သော ပန်းပွင်းများသည် အဖိုပွင့် တာဝန်များကို ဆောင်ရွက်သောအပင်များ။
ဤအမျိုးအစားသည် အများဆုံးတွေ့ရပြီး အဖိုပွင့် ရာခိုင်နှုန်းနည်းပါးသည်။
၃။ စိုက်ပျိုးရန်ထောက်ခံသော မျိုးများ
ကြက်မောက်မျိုးများကို အသားနှင့်အစေ့ကိုခွာ၍ ရနိုင် မရနိုင်ပေါ်မူတည်ပြီး အကြမ်းအားဖြင့် အစေ့ကျွတ်ကပ်နှင့် အစေ့မကပ် မျိုးဟူ၍ ခွဲခြားနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ကန်ကလေး ၁၊ ကန်ကလေး ၂ မျိုးများသည် စိုက်ပျိုးရန် သင့်တော်သော မျိုးများ ဖြစ်သည်။
၄။ မျိုးရွေးချယ်ရာတွင် အရးကြီးသောအချက်များ
၁။ အထွက်နှုန်းကောင်းရမည်။
၂။ အသီးအရွယ်အစားကြီးရမည်။ (တစ်လုံး ၃၄ ဂရမ်ထက်ပိုရမည်။)
၃။ အသီးအရသာ ချိုရမည်။
၄။ အသားကိုဖယ်ထုတ်သောအခါ အစေ့ခွံကပပါမှု နည်းနိုင်သမျှနည်းရမည်။
၅။ အသီး စွဲဆောင်မှုရှိရမည်။
၆။ နှစ်စဉ်ပုံမှန် သီးပွင့်ရမည်။
၅။ ရာသီဉတု
အများအားဖြင့် အီကွေတာ၏ တောင်နှင့်မြောက် လတ္တီတွဒ် ၁၂ ဒီဂရီ အတွင်း စိုက်ပျိုးကြသည်။ အပူချိန် ၂၂-၃၀ ဒီဂရီ စင်တီဂရိတ်အတွင်း ရှိပြီး ပင်လယ်ရေမျက်နှာပြင်မှ မီတာ ၇၀၀ အတွင်းသည် အသင့်တော်ဆုံးဖြစ်ပါသည်။ မိုးများသည့် ဒေသတွင် နှစ်စဉ်မိုးရေချိန် ၂၀၀၀-၅၀၀၀ မီလီမီတာ ရလျှင် ပိုမိုကောင်းမွန်ပြီး မိုးရွာသွန်းမှုမှာ တစ်နှစ်ပတ်လုံး ညီညာစွာ ရွာသွန်းရန်လိုပါသည်။ မိုးမရွာသည့် နွေရာသီကာလတွင် ပန်းပွင့်သည်မှ အသီးဆွတ်ခူးသည်အထိ ရေပေးသွင်းရန်လိုပါသည်။
အပူချိန် ၁၀ ဒီဂရီ စင်တီဂရိတ်ထက်နိမ့်လျှင် အပင်ကြီးထွားမှုကို ထိခိုက်စေပြီး အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ် ထက်မြင့်ပါက အပင်ကြီးထွားမှုကို ရပ်တန့်စေပါသည်။ ပန်းပွင့်ဖူးဖြစ်ပေါ်ရန်အတွက် ခြောက်သွေ့သောကာလ အနည်းဆုံး တစ်လ လိုအပ်ပါသည်။
၆။ မြေအမျိုးအစားများ
မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သည်။ သို့ရာတွင် သစ်ဆွေးဓာတ်ကြွယ်ဝသော ရေစီးစိမ့်မှု ကောင်းသည့် မြေသြဇာထက်သန်သော သဲဆန်သည့်နုန်းမြေတွင် အပင်ကြီးထွားမှုနှင့် အသီးသီးရန်အတွက် အသင့်တော်ဆုံးဖြစ်သည်။ သဘာဝနှင့်ဓာတ်မြေသြဇာများ လုံလောက်စွာထည့်ပေးနိုင်လျှင် ဂဝံမြေနီတွင် စိုက်ပျိုးနိုင်သည်။ မြေချဉ်ငံဓာတ် ၄.၅ - ၆.၅ သည် သင့်တော်ပါသည်။ သံဓာတ်နှင့် သွပ်ဓာတ်ချို့တဲ့မှုကို များစွာတွေ့ရလေ့ရှိပြီး အရွက်များဝါခြင်း၊ အရွက်အရောင်ပျက်ခြင်း (အရွက်အရောင်မူမှန်မဟုတ်ခြင်း) များဖြစ် လာပါသည်။ ရေစီးစိမ့်မှုကောင်းရန်လိုပြီး မြေအောက်ရေမျက်နှာပြင်သည် ယေဘူယျအားဖြင့် မြေမျက်နှာပြင်မှ သုံးမီတာ လေးမီတာထက် မနည်းသင့်ပါ။
၇။ ပင်ကြားတန်းကြားနှင့် စိုက်စနစ်
အကွာအဝေး ၁၀-၁၂ မီတာ x ၁၀-၁၂ မီတာ (၃၂-၃၉ လက်မ × ၃၂-၃၉ လက်မ) ဖြင့် စတုရန်းပုံ စိုက်ပျိုးစနစ်မှာအသုံးများသောစနစ် ဖြစ်သည်။ တစ်ချို့နိုင်ငံများတွင် အထူးပြု ငါးပွင့်ဆိုင်စိုက်စနစ် (စတုရန်းပုံ စိုက်စနစ် အလယ်တွင် တစ်ပင်စိုက်ခြင်း) ကို အသုံးပြုကြသည်။ အလယ်ခေါင်တွင် စိုက်ထားသောအပင်ကို စိုက်ပြီး ၈-၁၀နှစ်ကြာလျှင် ခုတ်လိုက်ပါသည်။ Rongrien R-9, R156 ကဲ့သို့သောအပင်ကြီးမျိုးများကို ၁၀ x ၁၂ မီတာ (၃၂-၃၉ လက်မ)ခြားစိုက်ပါသည်။ စိုက်ကျင်းမှာ တစ်မီတာ (၃ လက်မ) ပတ်လည်တူးပါသည်။ အပေါ်ယံမြေကို ကောင်းစွာဆွေးမြေ့သော သစ်ဆွေးမြေသြဇာနှင့်ရောရာတွင် သစ်ဆွေးမြေသြဇာနှစ်ဆကို အပေါ်ယံမြေတစ်ဆ နှင့် ရောပြီး ကျောက်မှုန့် ၁-၂ ကီလိုဂရမ် (၆၀ ကျပ်သား-၁ ပိဿာ ၂၀ ကျပ်သား)ထည့်မွှေပါ။ ဓာတ်မြေသြဇာထည့်ပါက ၁၅း၁၅း၁၅ ဓာတ်မြေသြဇာ ၂၀၀-၃၀၀ ဂရမ် (၁၂-၁၈ ကျပ်သား) ဖြည့်စွက်ပြီး သစ်ဆွေးမြေသြဇာနှင့် အပေါ်ယံမြေအချိုးကို ၃း၁ တိုးပေးပါ။
မြေကြီးကိုဓာတ်ခွဲရာတွင် မဂ္ဂနီစီယမ်ချို့တဲ့နေပါက ဒိုလိုမိုဒ်ကျောက်မှုန့် ၂၀၀ ဂရမ် (၁၂ ကျပ်သား) ကို တစ်ကျင်းနှုန်းထည့်ပါ။ စိုက်ပျိုးစဉ်အမြစ်မပျက်စီးသင့်ပါ။ အမြစ်ပျက်စီးခြင်းသည် စိုက်ခင်းတည်ထောင်ရာတွင် ပျက်စီးခြင်းအကြောင်းတစ်ခုဖြစ်သည်။ အပင်စိုက်ပျိုးချိန်တွင် ၁.၅ မီတာ (၅ ပေ )အရှည် ငုတ်တိုင်စိုက်ပေးပါ။
၈။ အရိပ်ပေးခြင်းနှင့် လေကာပေးခြင်း
စိုက်ပျိုးပြီးပထမ ၆-၈ လ အထိ အရိပ်ပေးရန်လို၏။ အုန်းလက်၊ သက်ကယ်ကို အရိပ်ပေးရန်သုံးနိုင်ပါသည်။ လေကာကောင်းစွာပြုလုပ်ပေးခြင်း သို့မဟုတ် တစ်ပင်ချင်းအား လေတိုက်ခြင်းမှ ကာကွယ်ပေးခြင်းဖြင့် ဆုံးရှုံးမှုနှင့် ပျက်စီးမှုကို ရှောင်ရှားနိုင်သည်။
၉။ အပင်ပုံသွင်းပေးခြင်း
အပင်၏အကိုင်းများကို အစောပိုင်းတွင် ပုံသွင်းပေးရန်လိုအပ်ပါသည်။ အပင်ပုံသွင်းပေးခြင်းဖြင့် အပင်များသည် သစ်ကိုင်းခွကျယ်သော အပင်များဖြစ်လာပြီးအကွာအဝေးညီညာစွာရှိမည် ဖြစ်ပါသည်။ (သစ်ကိုင်းခွ = ပင်စည်မနှင့် ဘေးထွက်ကိုင်းကြားရှိ ခွ)
ထိုင်းနိုင်ငံတွင် အထူးသဖြင့် Rongrien မျိုးပြားတွင် Modified Leader နည်းစနစ်ဖြင့် အပင်ကိုပုံသွင်းပါသည်။ ဤနည်းဖြင့် ပထမနှစ်၌ အပင်ထိပ်ဖျားပိုင်း မဖြတ်မီ ပင်မအညွန့်ကို ၇၀ စင်တီမီတာအထိ ကြီးထွားစေပါသည်။ ဤအဆင့်တွင် သန်စွမ်းပြီး ထောင့်ကျယ်သော wide angle ဘေးကိုင်း သုံးကိုင်း လေးကိုင်းကို ဖွိ့ဖြိုးကြီးထွားအောင် ထားရှိပါသည်။ ဤအကိုင်းများသည် အပင်၏ ပင်မကိုင်းကြီးများ ဖြစ်လာပြီး ဒုတိယနှစ်တွင် ၎င်းကိုင်းအကြီးများကို ဖြတ်ပေးခြင်းဖြင့် ဒုတိယဘေးကိုင်းများ ထွက်လာစေမည်ဖြစ် ပါသည်။ နောက်ပိုင်းတွင် ရေတက်များနှင့် ကိုင်းသေကိုင်းခြောက်များကို နှစ်စဉ်ဖြတ်ပေးရန်သာလိုပါသည်။
၁၀။ ဓာတ်မြေသြဇာ အသုံးပြုပုံ
အောက်ပါထောက်ခံနှုန်းထားများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ပါသည်။
ကြီးထွားမှုအဆင့် အမျိုးအစားနှင့် ဓာတ်မြေသြဇာပေါင်းစပ်ပုံ
၁။ ပန်းမပွင့်မီ NPK 8 : 24:24 (or) 10:52:17 (or)15:30:15
၂။ ပန်းပွင့်ချိန် NPK ca 12:12:17:2+လိုအပ်လျှင် အနည်းလို အာဟာရထည့်ရန်
၃။ အသီးတင်ပြီး NPK 1:1:1+အနည်းလို အာဟာရများနှင့် သဘာဝမြေသြဇာ
၄။ အသီးတင်ပြီး NPK ca 12:12:17-2 (or) 8:24:24:24 ၉ ပတ်အကြာ
၅။ ရိတ်သိမ်းပြီးချိန် (NPK 15:15:15+ယူရီးယား သို့မဟုတ် NH2SO4 နှင့် သဘာဝမြေသြဇာ)
သုံးနှစ်သားရှိအပင်မှ အသီးသီးချိန်တွင် NPK တစ်နှစ်လျှင် ၀.၅ ကီလိုနှုန်း (၃၀ ကျပ်သား) လိုအပ်ပါသည်။
အသီးအများ ဆုံးထွက်သည့်အချိန်တွင် အပင်တစ်ပင်တစ်နှစ်လျှင် ဓာတ်မြေသြဇာ ၅ ကီလိုနှုန်း (၈ ပိဿာ) ထည့်ပေးရန်ဖြစ်သည်။ ဓာတ်မြေသြဇာကို အပင်ခြေနှင့်ကပ်မထည့်ဘဲ Drip cycle (အပင်၏အနားစွန်းမှ ရေစက်ချသည့်အဝိုင်း = canopy) အတိုင်း ဓာတ်မြေသြဇာများ ကို ထည့်ပေးရန်ဖြစ်သည်။ အနည်းလို အာဟာရချို့တဲ့မှုများ ဖြစ်ပေါ်လေ့ရှိသည်။
မဂ္ဂနီစီယမ်ချို့တဲ့မှု (အရွက်မွှားများ အရွယ်အစားသေးငယ်လာခြင်း၊ ရွက်ကြောစိမ်းများကြား အရောင်ပျက်ခြင်း၊ အရွက်ကြွေခြင်း၊ ပန်းပွင့်နည်းခြင်း၊ အမြစ်ဖွံ့ဖြိုးမှုနည်းခြင်း) အတွက် MgSo4 ၁-၂% ကို အရွက်ပေါ်ဖျန်းပေးခြင်း၊ ဒိုလိုမိုဒ်ကျောက်မှုန့်ကို အပင်ခြေတွင် ထည့်ပေးခြင်းများပြုလုပ်ပါ။ ကယ်ဆီယမ်ချို့တဲ့မှု (အပင်ခြောက်လာခြင်း၊ အရွက်ကြီးထွားမှုလျော့သွားခြင်း၊ အပင်ကြီးထွားပိုင်းများ ရပ်တန့်ခြင်း၊ ထိခိုက်ခြင်း) အတွက် မဖောက်ထုံး သို့မဟုတ် ဒိုလိုမိုဒ် ကျောက်မှုန့်ကို အပင်မစိုက်ပျိုးမီကတည်းက ထည့်ပေးပါက ပိုမိုထိရောက်မှုရှိပါသည်။ သို့ရာတွင် ထုံးပါသောပစ္စည်းများကို အပင်ငယ်များသို့ ထည့်ပေးရာတွင် အနည်းဆုံးအရေအတွက်သာ ထည့်ပေးရန်ဖြစ်သည်။ သွပ်ဓာတ်ချို့တဲ့မှုကို တွေ့ရခဲသည်။ သို့ရာတွင် ဇင့်ဆာလဖိတ် ၂ ရာခိုင်နှုန်း ပြင်းအားဖြင့် တစ်နှစ်လေးကြိမ် ဖျန်းပေးပါ။
၁၁။ ရေပေးသွင်းခြင်း
ယေဘူယျအားဖြင့် ခြောက်သွေ့သောကာလတွင် ရေသွင်းခြင်းကို နှစ်ရက် သုံးရက် တစ်ကြိမ်ဖြင့် ပန်းပွင့်ရန် သန္ဓေတည်ခြင်း စတင်ဖြစ်ပေါ်သည့်အချိန်မှလွဲ၍ ပြုလုပ်ပေးရန်ဖြစ်သည်။
သန္ဓေတည်ခြင်း စတင်ဖြစ်ပေါ်သည့်အချိန် ပြီးဆုံးသည်နှင့် အပင်များမှာ ရေအသင့်အတင့် လိုအပ်ပါသည်။ ပန်းပွင့်စဉ်အတွင်း မိုးသည်းထန်စွာရွာသွန်းပါက အသီးတင်မှုနည်းပါးသွားပါသည်။ ဝတ်မှုန်ကူး အင်းဆက်များ လှုပ်ရှားမှုနည်းသွားခြင်းကြောင့် ဖြစ်နိုင်ပါသည်။
ထိုင်းနိုင်ငံအရှေ့ပိုင်းတွင် ပန်းပွင့်ရန် သန္ဓေတည်ခြင်း စတင်ဖြစ်ပေါ်သည့် အချိန်အတွင်း ရေကိုထိန်းချုပ်ပေးခြင်းဖြင့် ပန်းပွင့်ချိန်စောအောင် ပြုလုပ်နိုင်ပါသည်။ အဓိကသီးထွက်ချိန်မှာ မေ၊ ဇွန် ဖြစ်ပြီး အသီးစောပေါ်ခြင်းနှင့် နောက်ကျပေါ်ခြင်းက စျေးပိုရစေပါသည်။ သဲဆန်သောနုန်းမြေတွင် စိုက်ပျိုးသော မြေထုပ်စည်းအပင်များနှင့် အပင်ကြီးများကို ရေထိန်းချုပ်ပေးခြင်းဖြင့် ပန်းပွင့်အောင်ဆောင်ရွက်ရာတွင် အခြေအနေများစွာပေးပါသည်။ ရေရှားပါးသောနေရာများတွင် အစက်ချရေသွင်းပေးခြင်းက သင့်လျော်ပါသည်။ တစ်ပင်အတွက် အစက်ချပေါင်း နှစ်ခု သို့မဟုတ် နှစ်ခုထက်ပို၍ လိုအပ်ပါသည်။
၁၂။ အပင်ကြီးထွားမှု ထိန်းညှိပေးသော ဓာတ်ပစ္စည်းများအသုံးပြုခြင်း(Plant Growth Regulator များအသုံးပြုခြင်း)
Paclobutrazol ၇၀၀-၁၀၀၀ ppm ဖျန်းပေးခြင်းဖြင့် အချိန်စော၍ ပန်းပွင့်အောင်ပြုလုပ်နိုင်ပါသည်။ သို့ရာတွင် Paclobutrazol ဖျန်းပြီး ခန့်မှန်း နှစ်လအကြာတွင် Thiourea သို့မဟုတ် KNO3 ဖျန်းပေးပါက ပိုမိုထိရောက်မှုရှိပါသည်။ Paclobutrazol နှုန်းထားဖြင့် ဖျန်းက ကြီးထွားမှု ပုံမမှန်ဖြစ်စေပါသည်။
Ethephon 150-200 ppm ဖျန်းပေးခြင်းဖြင့် ပန်းပွင့်ချိန် ၁၀-၁၃ ရက်ခန့် စောစေပါသည်။ မှည့်နေသောအသီးကို NAA ဖျန်းပေးခြင်းဖြင့် အသီးဆွတ်ခူးချိန်ကို နောက်ကျစေနိုင်သော်လည်း မဆွတ်ခူးရသေးသော အသီးအတွင်းရှိ အစေ့မှ အပင်ပေါက်လာစေနိုင်ပါသည်။
NAA 200 ppm ကို GA 20 ppm နှင့် ရောဖျန်းခြင်းဖြင့် အသီးတင်မှုများလာသည်ကို တွေ့ရှိရပါသည်။ အသီးတင်မှုကောင်းရန်အတွက် ပန်းပွင့်များ အရေအတွက် တစ်ဝက်ခန့် ပွင့်အာချိန်တွင် ဖျန်းရန်ဖြစ်ပါသည်။ အသီးကြွေမှုနှောင့်နှေးစေရန် (အသီးညှာခိုင်ရန်) အသီးတင်ပြီးတစ်လအကြာတွင် ဖျန်းရန်ဖြစ်သည်။
၁၃။ ရိတ်သိမ်း ဆွတ်ခူးခြင်း
အသီးအရောင်ဖြစ်ပေါ်တိုးတက်မှုမှာ အလင်းရောင်ရရှိမှု အလင်းပြင်းအားတို့နှင့် ဆက်စပ်မှုရှိနေပြီး အသီးခွံအနီရောင်ဖြစ်ပေါ်မှု့မှာ Anthocyanin ထုတ်လုပ်မှုအပေါ် အဓိကမှီတည်နေပါသည်။ အသီးအဆံချောင်ခြင်း (Poor fruit filling)၊ အချဉ်ဓာတ်များခြင်း၊ အရသာမရှိခြင်းတို့မှာ ခြောက်သွေ့သော အခြေအနေများကြောင့်ဖြစ်ပြီး အသီးကြီးထွားဖွံ့ဖြိုးမှု့၏ နောက်ပိုင်းကာလများတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် အသီးအက်ကွဲမှု့ကို ဖြစ်စေပါသည်။
ထိုင်းနိုင်ငံတွင် အသီးကို ပုံမှန်အားဖြင့် ပန်းပွင့်စုံပြီး ၉၀-၁၀၀ ရက်တွင်လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ပန်းပွင့်စုံပြီးနောက် ၉၀-၁၀၀ ရက်တွင် လည်းကောင်း၊ မလေးရှားတွင် ၁၀၀-၁၃၀ ရက် တွင် လည်းကောင်းအသီးဆွတ်ခူးရိတ်သိမ်းပါသည်။ အသီးအရောင် စတင်ဖြစ်ပေါ်ပြီး ၁၆-၁၈ ရက်တွင် စျေးကွက်သို့ တင်ပို့နိုင်ပြီဖြစ်ပါသည်။ အပင်တစ်ပင်တွင်ရှိ အသီးအားလုံး ရင့်မှည့်လာရန်အတွက် ရက် ၃၀ ခန့်လိုအပ်ပါသည်။ မလေးရှားနှင့် အင်ဒိုနီးရှားတွင် အသီးများကို အခိုင်လိုက် ရောင်းချပြီး ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံ တွင် အသီးတစ်လုံးချင်းရောင်းချပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် အသီးဆွတ်ခူးခြင်းကို ၅-၇ ရက်ခြားဆောင်ရွက်ပါသည်။
၁၄။ ရိတ်သိမ်းချိန်တွင် ဆောင်ရွက်ရန်များ
အသီးထုတ်ပိုးရန်အတွက် အသုံးများသော ထည့်စရာ၊ ထုတ်ပိုးစရာမှာ ဝါးခြင်းတောင်းဖြစ်သည်။ နိုင်ငံခြားပို့ရန်အတွက် ၅ ကီလိုဂရမ်ဆန့် (၃၀ ပိဿာ) ဖိုင်ဘာကတ်ထူပုံးတွင် အသီးများထည့်ပြီး ၁၃ ဒီဂရီ စင်တီဂရိတ်တွင် မပို့မီ ရက်အတော်ကြာထားရှိ သိုလှောင်ထားနိုင်ပါသည်။ အသီးထုတ်ပိုးရာတွင် အသီးများကြားတွင် အစိုဓာတ်ထိန်းပေးသည့် ကြားခံပစ္စည်းများ ထည့်သွင်းထုတ်ပိုးခြင်းဖြင့် အသီးများလတ်လတ်ဆက်ဆက် ရှိနေစေပါသည်။
ကိုးကား-သစ်သီး ဝလံ စိုက်ပျိုးနည်း