စိုက်ပျိုးခြင်း
နွေဦးပေါက်တွင် ရေထုတ်ကောင်းသောမြေ၌ အပင်ခွဲ၍ စိုက်ပျိုးရသည်။ ခွဲ၍စိုက်သောအပင်ဖြစ်စေ၊ ပျိုးပင်ပေါက်ကိုဖြစ်စေ ၈-၁၂ လက်မခြား စိုက်ပျိုးရသည်။ သီးသန့်မျိုးကိုလိုအပ်လျှင် အပင်ခွဲ၍ စိုက်ပျိုးခြင်းသည် အကောင်းဆုံးဖြစ်သည်။ သို့မဟုတ် အခန်းထဲတွင် အစေ့ကို ပျိုးထောင်၍ ဖြစ်စေ၊ အစေ့ကို တိုက်ရိုက်မြေချ၍ဖြစ်စေ စိုက်ပျိုးနိုင်သည်။
မြေအစိုဓာတ်ကို ထိန်းသိမ်းထားနိုင်ရန် ရေလိုသလို ပေးရသည်။ သို့ရာတွင် ရေပေး မများစေရချေ။ ပေါင်းမြက်ကို လက်နှင့်နှုတ်ရသည်။ ပန်းပွင့်ပြီးလျှင် အပွင့်များကို ဖြတ်တောက်ပေးခြင်းဖြင့် အရွက်များ ပိုမိုအားပြည့်လာသည်။ နှစ်အတန်ကြာလာလျှင် အပင်သန်မာမှု လျော့နည်းသည်။ ထို့ကြောင့် အပင်သစ်နှင့် အစားထိုးစိုက်ပျိုးရသည်။ အပင်အုံမှခွဲ၍ စိုက်ပျိုးခြင်း၊ ကိုင်းဖြတ်အပင်ကို စိုက်ပျိုးခြင်းနှင့် အကိုင်းကိုမြေမြှုပ်၍ မျိုးပွားပင်ကို စိုက်ပျိုးခြင်းပြုလုပ်နိုင်သည်။ အပင်နုလွန်းသဖြင့် အိုးနှင့်စိုက်ပျိုးခြင်းက ပိုမိုအဆင်ပြေသည်။
ရိတ်သိမ်းခြင်း
အကိုင်းမှ အရွက်များကိုခူး၍ လတ်လတ်ဆတ်ဆတ် စားသုံးနိုင်သည်။ ရိုးတံလက်တစ်ဆုပ်စာကိုခူး၍ စည်းပြီး အေးသော လေဝင်လေထွက်ကောင်းသည့်နေရာတွင် ဇောက်ထိုးချိတ်ဆွဲထားခြင်းဖြင့် အခြောက်ခံနိုင်သည်။ အရွက်များ ခြောက်သွေ့သောအခါ ရိုးတံမှခူး၍ ချေပြီး လေလုံဘူးတွင် ထည့်ထားပါက ၂ နှစ်အထိ အထားခံသည်။
ဟင်းခတ်အမွှေးအကြိုင်တို့၏ အရွက်နှင့် အပွင့်တို့သည် ကြွပ်ရွနေလျှင် ခြောက်ပြီဖြစ်သည်။ အပင်ပေါ်တွင် ခြောက်နေသော အရွက်များကို အသာအယာခူးယူ၍ စက္ကူအခြောက်ပေါ်တွင် တင်ထားပြီးမှသာ သိုလှောင်ရသည်။
ပိုးမွှားရောဂါ
ရေပေးများခြင်းနှင့် ရေထုတ်နှေးခြင်းဖြင့် အမြစ်ပုပ်ရောဂါ ဖြစ်စေနိုင်သည်။
ဒေါက်တာချစ်၏ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ စာအုပ် အတွဲ(၂) မှကောက်နုတ်ဖော်ပြသည်