ကြံစိုက်ပျိုးနည်း

08/12/2017 22:29 PM တွင် Shwe-Yee-linn Shwe-Yee-linn မှ ရေးသား

ကြံသည် ပူနွေး စိုစွတ်သောဒေသနှင့် သမနွေးပိုင်း ဒေသများတွင် ဖြစ်ထွန်းတတ်ပြီး ပုံမှန်အားဖြင့် အပင်မြင့် ၉ပေ နှင့် ၁၅ပေကြား၊ ပင်စည်လုံးပတ်မှာ အချင်း ၂လက်မခန့်ရှိတတ်ပြီး အပင်ခြေတွင် ပင်စည်ပွားများစွာ ထုတ်လုပ်ရန် ဘေးတက်ကဲ့သို့ ပုံစံများစွာ ရှိနေသည့်် နှစ်ရှည်ပင် တစ်မျိုး ဖြစ်သည်။ ပင်စည်သည် ကြံရိုးဖြစ်လာပြီး ကြီးထွားလာသောအခါ အပင်တစ်ပင်လုံး၏ ၇၅ရာခိုင်​နှုန်​းသည် ကြံရိုးသာ ဖြစ်သည်။ ကောင်းစွာ ကြီးထွားလာသော ကြံရိုးတချောင်းတွင် အမျှင်ဓာတ် ၁၁မှ၁၇ရာခိုင်နှုန်း၊ ပျော်ဝင်လွယ်သော သကြားဓာတ် ၁၂မှ၁၆ ရာခိုင်နှုန်း၊ အချိုဓာတ် မဟုတ်သော အခြားပါဝင်မှု ၂မှ၃ ရာခိုင်​နှုန်​းနှင့် ရေဓာတ် ၆၀မှရ၀ ရာခိုင်​နှုန်​းခန့် ပါဝင်သည်။ ကြံစိုက်ပျိုး ထုတ်လုပ်ရာတွင် အထွက်နှုန်း မြင့်မားရန်အတွက် ကြံပင်သည် ရာသီဥတု အနေအထား၊ မြေအမျိူးအစား၊ မြေသြဇာ၊ ရေသွင်းရေထုတ်၊ ပိုးရောဂါ ကာကွယ် နှိမ်နင်းမှု နှင့် ရိတ်သိမ်းချိန် အပေါ်များစွာ မူတည်သည့်အတွက် အကောင်းဆုံး သီးနှံ စီမံခန့်ခွဲမှု စနစ်များကို အလေးထား ပြုလုပ်ပေးရန် လိုအပ်သည်။

ကြံစိုက်ပျိုးခြင်းသည် ကမ္ဘာတွင် အများဆုံး စိုက်ပျိုးကြသော စိုက်ပျိူးရေး စနစ်ကြီးတခုလဲ ဖြစ်သည်။ သို့တစေ ကြံသည် ပိုးမွှားများနှင့် ပေါင်းပင်တို့ကို ခံနိုင်ရည် မရှိသော အပင် အမျိုးအစားလဲ ဖြစ်ပြန်သည်။ ကြံသည် သကြား အဓိက ထုတ်လုပ်ရာ သီးနှံလည်း ဖြစ်သလို အရက် အချဉ်ဖောက်ရာတွင် သုံးသော ကုန်ကြမ်းလဲ ဖြစ်သည်။ ထို့အပြင် တိရိစ္ဆာန်​အစာအတွက်လည်း အသုံးပြုကြပြန်သည်။ ကြံသည် မြက်မျိူးရင်းဝင် အပင်တမျိုး ဖြစ်ပြီး Poaceae မျိုးရင်း အတွင်းရှိ Saccharum မျိူးစိတ်ကွဲတွင် ပါရှိသည်။ ကြံသည် ကမ္ဘာ့ ဝယ်လိုအား များသလို စိုက်ပျိုးသူကိုလည်း အကျိူး အမြတ် အနည်းနှင့်အများပေးနိုင်သော သီးနှံဖြစ်၍ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သင့်သော သီးနှံတစ်ခုပင် ဖြစ်သည်။ ကမ္ဘ့ာ့ကြံ ထုတ်လုပ်မှု့ အများဆုံးနိုင်ငံများထဲတွင် အာရှမှ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ဖိလစ်ပိုင်နှင့်အင်ဒိုနီးရှား နိုင်ငံတို့ ပါဝင်နေသည်။ ဘရာဇီးနိုင်ငံသည် ကမ္ဘာတွင် ထုတ်လုပ်မှု အများဆုံး နိုင်ငံံဖြစ်သည်။

ရာသီဥတု

အပူချိန် ၂၀နှင့် ၄၂ ဒီဂရီ ဆဲလ်ဆီးယပ် တွင်ကောင်းစွာ စိုက်ပျိုး ဖြစ်ထွန်းသည်။ နေရောင် ကြာရှည်စွာ ရရှိခြင်းကို အလွန်တရာ နှစ်သက်သည်။ အကောင်းဆုံး အပင် ဖွံဖြိုးမှု့အတွက် တနှစ်တာ မိုးရေချိန် လက်မ ၇၀ နှင့် ၉၈လက်မကြား ရရှိရန် လိုအပ်သည်။ သွင်းရေ ရရှိနိုင်ပါက တနှစ်ပတ်လုံး စိုက်ပျိုး ဖြစ်ထွန်းနိုင်သော သီးနှံ ဖြစ်သည်။ ဆောင်းတွင်းတွင် ၆မှ ၈ ဒီဂရီ ဆဲလ်ဆီးယပ်ထိ နွေရာသီတွင် ၄၀ မှ ၄၂ဒီဂရီ ဆဲလ်ဆီးယပ် အထိ အပူချိန် အတက်အကျ အနိမ့်အမြင့်ကို ခံနိုင်ရည်ရှိသည်။

မြေဆီလွှာ

ကြံပင်သည် မြေကြီးထဲတွင် အစိုဓာတ် ပမာဏ လုံလောက်စွာ ရှိနေအောင် ထိန်းသိမ်း ထားနိုင်သော မည်သည့်မြေ အမျိုးအစားတွင်မဆို စိုက်ပျိုး ဖြစ်ထွန်းနိုင် ပါသည်။ အာဟာရ ဓာတ်ကြွယ်ဝသော နုန်းမြေ၊ သဲနှုန်းမြေ၊ နုန်းမြေစေးများသည် ကြံပင်၏ အထွက်နှုန်းနှင့် ကြီးထွားမှုအတွက် အကောင်းဆုံး ဖြစ်သည်။ ကြံပင်သည် ရေကြိုက်သော သီးနှံ ဖြစ်သော်လည်း ရေဝပ်ခြင်းကို မနှစ်သက်ပါ။ ကြံပင် စိုက်ပျိုးနိုင်သည့် မြေချဉ်ငံကိန်း (pH) မှာ ၅-၈ ကြား ဖြစ်သည်။ ကြံပင်သည် (၁၂လမှ ၂၀လ)ထိ ကွင်းထဲတွင် ထားရှိရသော သီးနှံတခု ဖြစ်၍ မြေဆီကြွယ်ဝသောမြေသည် အထူး သင့်လျော်သည်။ ကြံပင်ကို ဧက အမြောက်အများစီးပွားဖြစ် စိုက်မည် ဆိုပါက မြေကြီးထဲရှိ အာဟာရဓာတ် ပါဝင်မှု စမ်းသပ် စစ်ဆေးခြင်းကို အရင်ဆုံး ပြုလုပ်သင့်ပါသည်။

မြေပြင်ခြင်း
စိုက်ပျိုးရန် အတွက် မြေပြုပြင်ခြင်းသည် တနှစ်နှင့် တစ်နှစ်အထက် သက်တမ်းရှိသော သီးနှံများ အတွက် အရေးကြီးသော အခန်းကဏ္ဍတခု ဖြစ်သည်။ လယ်ထွန်စက်ဖြင့် နှစ်ကြိမ်မှ သုံးကြိမ်အထိ ကောင်းစွာ ထယ်ထိုး ထွန်မွှေ ပြုလုပ်ပေးရန် လိုအပ်သည်။ ပထမဆုံးအကြိမ် ထယ်ထိုးခြင်းကို ရှေ့တစ်ရာသီ သီးနှံ ရိတ်သိမ်းပြီးသည်နှင့် စတင်ရပါမည်။ ပထမအကြိမ် ထယ်ထိုးရာတွင် မြေကျစ် မြေခဲများ ကောင်းစွာ ကျေပျက်အောင် ပြုလုပ်ရမည်ဖြစ်ပြီး ထယ်ထိုးပြီးပါက သုံးလ မြေလှပ် ထားရပါမည်။ ဒုတိယ အကြိမ် ထယ်ထပ်ထိုးပြီးပါက သုံးကြိမ်နှင့်လေးကြိမ်ထိ ထယ်မွှေခြင်းက ပြုလုပ်ပေးလျျှင် ကောင်းစွာ ထယ်ရေး ညက်သောမြေကို ရရှိပါမည်။ မျိုးစေ့ချရန်အတွက် မြေညှိ ဒလှိမ့်တုံးဆွဲခြင်းဖြင့် မြေကိုညီအောင် ညှိယူနိုင်သည်။ ကောင်းစွာဆွေးမြေ့သည့် မြေဆွေးများကို ထည့်သွင်းနိုင်သည်။

စိုက်ပျိုးခြင်း

 ကြံပင်တွင် ကောင်းကောင်းရင့်မာသော ကြံဆစ် ပိုင်းများကို ဖြတ်တောက်၍ကိုင်းဖြတ် မျိုးပွားခြင်း၊ စိုက်ပျိုးခြင်းနှင့် ပင်ကြား တန်းကြား ကိုင်းဖြတ် မျိုးပွားခြင်းကို ပြုလုပ်ကြသည်။ အရည်အသွေးကောင်း၍ ရောဂါဒဏ် ခံနိုင်ရည်ရှိသော ဆစ်ပိုင်းများကို ရွေးချယ်ခြင်းသည် အထွက်နှုန်း တိုးတက်စေရန် ကနဦး အဆင့် ဖြစ်သည်။ ဖြတ်ပိုင်းများ မဖြတ်မီ ဖြတ်ပိုင်း ဖြတ်ရန်ရွေးထားသော အပင်ကို ရက် အနည်းငယ်စော၍ မျိုးပိုင်းများ အရင်ခုတ်ထားပါ။ ယင်းသို့ပြုလုပ်မှ ဖြတ်ပိုင်း အဆစ်၏ အတက်များမှ အညွှန့်များ ဆက်လက် ကြီးထွားရန် လှုံ့ဆော်ပေးနိုင်မည် ဖြစ်သည်။ ကြံပင်၏ အပေါ်ပိုင်းကို အတက်နှစ်ခုမှ သုံးခုပါ အရှည် ၁၂လက်မ(၁ပေ)ကျော် ဖြတ်ပိုင်းများကို တိုင်းတာ၍ ဖြတ်နိုင်သည်။ ဖြတ်ပိုင်းများကို စိုက်ပျိုးရာတွင် နေရာဒေသအလိုက် နည်းလမ်းများစွာ ရှိကြသော်လည်း လူသိများသော နည်းမှာ ထယ်ကြောင်းပေး၍ စိုက်ပျိုးခြင်း ဖြစ်သည်။ အနက် ၆လက်မမှ ၁၂လက်မတွင် မြောင်းအတွင်း၌ အလျားလိုက်ချ၍သော်လည်းကောင်း ၄၅ ဒီဂရီစောင်း၍သော် လည်းကောင်း ကြံဖြတ်ပိုင်းများကို စိုက်ပျိုးနိုင်သည်။ ကြံဖြတ်ပိုင်းများကို မြေလွှာပါးပါးဖြင့် ဖုံးပါ။ ကြံဖြတ်ပိုင်းများကို စိုက်ခင်းထဲသို့ တိုက်ရိုက်ချ စိုက်ပျိုးနိုင်သလို ပျိုးခြံများတွင် စိုက်ပျိုးပြီး အတက်မှ အရွက်များကြီးထွားလာကာမှ ခြံတွင်းသို့ ရွေ့ပြောင်း စိုက်ပျိုးနိုင်သည်။ ကြံတွင် ကိုင်းဖြတ်များကို တစ်ဧကအတွက် ၆၀၀၀ မှ ၈၀၀၀ ကြား စိုက်ပျိုးကြသည်။ ထယ်ကြောင်းပေး စိုက်ပျိုး စနစ်သည် တချို့သော စိုက်ပျိုးသူများ နှစ်သက်ကြသော တွင်းချ စိုက်ပျိုးစနစ်လောက် အထွက်နှုန်းမများပါ။ တွင်းချ စိုက်ပျိုး စနစ်သည် အထွက်နှစ်ဆကို တွေးမြင်မျှော်မှန်းနိုငိသည်။

ဓာတ္ပံု-www.asiafarming.com

လမိုင်း၊လမက်ထားခြင်း
ရှေ့တရာသီမှ အပင်ကို ခုတ်၍ နောက်တသီး အတွက် ဆက်လက် ကြီးထွား ခွင့်ပြုထားခြင်း ဖြစ်သည်။ ဖြတ်ပိုင်း မဖြတ်ဘဲ စိုက်ခြင်း ဖြစ်သည်။ ကောင်းကျိုးများမှာ မြေပြင်စားရိတ် သက်သာသည်။ ပုံမှန် စိုက်ပျိုးနေကျ ပထမ သီးနှံထက် အထွက်နည်းပြီး စောစော ရင့်သည်။ အစိုဓာတ်နှင့် မြေဆီဓာတ်ကြွင်း သတ္တိ နည်းပါးသည်။ ဆိုးကျိုးမှာ ပိုးမွှားနှင့် ရောဂါကျရောက်မှု မြင့်မားပြီး အလွန်တရာ ဂရုစိုက်မှ တန်ကာကျသည်။ အကြီးမားဆုံး ထိခိုက်မှုမှာ မြေဆီလွှာ ပျက်စီးခြင်း ဖြစ်သည်။

ရေသွင်းရေထုတ်
ကြံသည် ရေ အလွန်သောက်သော သီးနှံ ဖြစ်သည်။ ကြံဖြတ်ပိုင်းမှ အတက်ထွက်ခြင်း၊ ကြီးထွားမှု အတွက် အားယူရခြင်း၊ ကြံပင်မှ ကြံရိုးအဖြစ်သို့ ရင့်မှည့်ခြင်း အပြင် လမိုင်းထားခြင်းတို့ ပါဝင်သော ကြံ၏ သက်တမ်း တလျှောက် ဖြစ်စဉ်များသည် ရေကိုပေါများစွာ အသုံးပြုရသော ဖြစ်စဉ်များ ဖြစ်သည်။ ရေရှားပါးချိန်၊ ရေပြတ်လပ်သည့် အချိန်အခါများတွင်မူ အစက်ချ ရေပေး စနစ်ကဲ့သို့သော ရေ အရင်းအမြစ်ကို ပိုမို ထိရောက်သော အသုံးချ နည်းများဖြင့် စိုက်ပျိုးရန် လိုအပ်သည်။

စိုက်ပျိုးပြီး ၁ ရက်မှ ၃၅ရက် အတွင်း အတက်မှ အညှောင့်ထိုးနေချိန်တွင် ရေကို တစ်ပတ်ခြား တကြိမ်၊ ၃၆ရက်မှ၁၀၀ရက်အတွင်းတွင် ဆယ်ရက်ခြားစီ တကြိမ်၊ ၁၁၀ရက်မှ၂၇၀ရက် အတွင်း တစ်ပတ်ခြားစီ တကြိမ်နှင့် ၂၇၁ရက်မှ ရိတ်သိမ်းချိန်ထိ တိုင်အောင် ဆယ့်ငါးရက်ခြား တကြိမ်ရေသွင်းရေထုတ် ပြုလုပ်ပေးရန် လိုအပ်သည်။ ရေသွင်းရေထုတ် ကြိမ်ရေသည် အပူပိုင်း စိုစွတ်ဒေသတွင် တနှစ်ပတ်လုံး အကြိမ်ရေ (၃၅မှ၄၀)ကြိမ်၊ နွေးသမပိုင်း စိုစွတ်ဒေသတွင် အကြိမ်ရေ( ၈မှ ၁၀) ကြိမ် ပျမ်းမျှ လိုအပ်သည်။

တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းနှင့်မြေဆီသြဇာထည့်သွင်းခြင်း
တစ်ဧက အတွက် မြေဆွေး၂၅အိတ်နဲ့၃၀ အိတ်ကြား(၁တင်းခွဲအိတ်) ထည့်ရမည်။ ဓာတ်မြေသြဇာ ၃မျိုးကို အချိုးကျ ထည့်ပေးရပါမည်။ တစ်ဧကလျှင် ပုလဲ (၅၀)ကီလို အိတ်ကြီး ၂လုံး၊ တီစူပါ အိတ်ကြီး တစ်အိတ်နှင့် ပိုတက် အိတ်ကြီးတအိတ်နှုန်း ထည့်သွင်းရပါမည်။ ကြံပင်ငယ်စဉ်မှ အပင်ပွားချိန်၊ ကြီးချိန်ထိ ပုလဲမြေသြဇာကို ဂရုတစိုက် ကျွေးရပါမည်။ မြေခံတွင် တီစူပါ (ဖော့စဖိတ်) ကျွေးရပါမည်။ တီစူပါသည် ကြံပင်၏ ပွားစည်းမှုနှင့် အမြစ်များ သန်မာစေရန် ဖြစ်ပြီး ပိုတက်မြေသြဇာသည် အစာချက်လုပ်မှု ကောင်းစေရန်နှင့် အပင်ယိုင်လဲမှု မဖြစ်စေရန်၊ တောင့်တင်း သန်မာစေရန် အတွက် ဖြစ်ပါသည်။

ကြားပေါင်းလိုက်ခြင်းနှင့်သီးလှည့်စနစ်စိုက်ပျိုးခြင်း
ကြံစိုက်ပျိုး ထုတ်လုပ်ခြင်းတွင် ပေါင်းနှိမ်ခြင်းသည် ရေအမြဲတစေရှိနေသော မြေဖြစ်ပါက ပေါင်းအလွန်ပေါသည့်အပြင် ကြံပင်အတွက်ကျွေးသော မြေဆီကိုလည်း လုယူ စားသုံးခြင်းကြောင့် ပိုမို ကြီးထွား၍ နှိမ်နင်းရန် အလွန် ခက်သည်။ စိုက်ပျိုးပြီး တလမှတလခွဲအထိ ပေါက်ပြားဖြင့် လက်ပေါင်းလိုက်ခြင်းကို ဂရုတစိုက် ပြုလုပ်ပေးသင့်သည်။ မစိုက်ပျိုးမီ တူးဖိုးဒီ ကဲ့သို့သော ပေါင်းသတ်ဆေးများ သုံးနိုင်သည်။ ပေါင်းသတ်ဆေး အသုံးပြုခြင်းအပြင် ဘက်စုံ ပေါင်းနှိမ်ခြင်း နည်းစနစ်ကို သုံးသင့်သည်။ လက်ပေါင်းလိုက်ခြင်း၊ ကြားပေါင်းလိုက်စက်သုံးခြင်းအပြင် အခြား သက်တမ်းတို ပင်များ စိုက်ပျိုးခြင်းဖြင့် ပေါင်းကို နှိမ်နင်းနိုင်သည်။

သီးလှည့်စနစ်
သီးလှည့် စိုက်ပျိုးခြင်းသည် ပေါင်းနှိမ်နှင်းရန်အတွက် အထောက်အကူုပြုသော နည်းစနစ် ဖြစ်သည်။ စိုက်ပျိုး ရေပေါများစွာ ရရှိနိုင်သော ဒေသများတွင် မိုးရေချိန်လက်မမြင့်သော ဒေသများတွင် ကြံ၏ သီးလှည့် သီးနှံအဖြစ် စပါးကို စိုက်ပျိုးသင့်သည်။ မိုးရေချှိန် လက်မ နိမ့်သော ဒေသများတွင် ဝါကို သီးလှည့်စိုက်နိုင်သည်။ ထို့အပြင် နနွင်း၊ ငှက်ပျော၊ မြေပဲ၊ ပဲပုပ်နှင့် အခြားပဲမျိုးတို့ကို သီးလှည့်အဖြစ် စိုက်ပျိုးနိုင်သည်။ အပိုဝင်ငွေရစေရန် အာလူး၊ ကြက်သွန်နီ တို့ကိုလည်း စိုက်ပျိုးနိုင်သည်။

အထွက်နှုန်းမှာ ရေရရှိမှု၊ မြေဆီလွှာ ထည့်သွင်းနိုင်မှု၊ မြေအမျိုးအစားပေါ် မူတည်ပြီး ၁ ဧကလျှင် တန်ချိန် ၄၀- ၆၀ ကြား ထွက်ရှိ ပါသည်။

Shweyeelinn

ကိုးကား-www.asiafarming.com-sugarcane-cultivation


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်