ကမ္ဘာ့နောက်ဆုံးနေ့အတွက် ရိက္ခာဂိုဒေါင်..

29/05/2023 11:00 AM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

နော်ဝေနိုင်ငံနဲ့  မြောက်ဝင်ရိုးစွန်းရဲ့ကြား အာတိတ်စက်ဝိုင်းရဲ့အထက် ကျွန်းလေးတစ်ကျွန်းပေါ်က  ရေခဲတောင် တစ်ခုရဲ့ ရင်ခွင်ထဲမှာ လူသားတွေအနာဂတ်အတွက် အသက်တမျှအရေးပါတဲ့ အရင်းအမြစ်တစ်ခုကို ပွေ့ပိုက် ထားပါတယ်။

အဲ့တာတွေက ကျောက်မီးသွေးလည်းမဟုတ်၊ လောင်စာဆီလည်းမဟုတ်သလို တန်ဖိုးကြီးတွင်းထွက်တွေလည်း မဟုတ်ပါဘူး။ ဘာလဲဆိုတော့ မျိုးစေ့တွေပါ။ ဟုတ်ပါတယ်... မျိုးစေ့တွေပါ။

နော်ဝေနိုင်ငံ Svalbard ကျွန်းစုတွေထဲက အကြီးဆုံးကျွန်းဖြစ်တဲ့ Spitsbergen ကျွန်းပေါ်က ဒီ Global Seed Vault လို့ခေါ်တဲ့ မျိုးစေ့ဘဏ်ထဲမှာ သီးနှံမျိုးစေ့မျိုးကွဲပေါင်း 930,000 ကျော်ရဲ့ အစေ့အမှုန်အမွှားလေးတွေ သန်းပေါင်းများစွာ သိမ်းထားတာပါ။ ကမ္ဘာပေါ်မှာရှိတဲ့ စိုက်ပျိုးရေးဇီဝမျိုးစုံမျိုးကွဲတွေကို စုစည်းပေးထားရာ အလွန့်အလွန်အရေးပါတဲ့ ကမ္ဘာ့အကြီးဆုံး လုံခြုံရေးသေတ္တာကြီးလို့ ခေါ်မယ်ဆိုရင်လည်း မမှားပါဘူး။

“သီးနှံမျိုးစေ့မျိုးကွဲပေါင်း 930,000 ကျော်ကစပြီး အညိုရောင်ရှိတဲ့ အမှုန်အမွှားမျိုးစေ့တွေ သန်းချီပြီး ဒီအထဲမှာရှိတယ်။ ဒါဟာလူသား တွေအနာဂတ်မှာ အစားအစာဖူလုံဖို့အတွက် ကမ္ဘာ့အကြီးဆုံး သီးနှံ မျိုးစေ့မျိုးကွဲတွေကို သိမ်းထားတဲ့ ဘေးကင်းလုံခြုံတဲ့ သေတ္တာတစ်ခုပဲ ဖြစ်ပါတယ်။ 

“ ဒီအဆောက်အအုံရဲ့ အတွင်းပိုင်းဟာ နှစ်ပေါင်း ၁၃၀၀၀ ရှိတဲ့ စိုက်ပျိုးရေးသမိုင်းကြီးပဲ ဖြစ်တယ်”  လို့ Svalbard Global Seed Vault  မျိုးစေ့ဘဏ်ကို စီမံရတဲ့ Crop Trust ရဲ့ ဦးဆောင်မိတ်ဖက် ညှိနှိုင်းရေးမှူးတစ်ဦး ဖြစ်သူ Brian Lainoff က ဘဏ်အဆောက်အအုံရဲ့ ကြီးမားတဲ့ စတီးတံခါးတွေကို ဆွဲဖွင့်ရင်း ပြောပြပါတယ်။

ဒီနေရာဟာ ကမ္ဘာ့အကြီးဆုံးနဲ့ လုံခြုံစိတ်ချရမှုအရှိဆုံး မျိုးစေ့သိုလှောင်ရုံဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလမှာ နော်ဝေ အစိုးရက ဖွင့်လှစ်ခဲ့တာပါ။

မျိုးစေ့ဘဏ်ဆိုတာကတော့ မျိုးစေ့တွေ ထိန်းသိမ်းသိုလှောင်ထားတဲ့နေရာပါ။ မျိုးဗီဇ (Gene) ဘဏ်လို့လည်း ခေါ်ကြသေးတဲ့ ဒီမျိုးစေ့ဘဏ်တွေဟာ နိုင်ငံရဲ့ဒေသတွင်းမျိုးတွေကို  ထိန်းသိမ်းပေးတဲ့ နေရာတစ်ခုဖြစ်ပြီး နိုင်ငံ တစ်ခုချင်းစီအလိုက် မျိုးတွေထိန်းကြသလို နိုင်ငံတွေစုပေါင်းပြီးလည်း  ထိန်းသိမ်းကြပါတယ်။ မျိုးစေ့ဘဏ်ကို ထားရတဲ့အဓိကရည်ရွယ်ချက်ကတော့ သီးနှံတွေရဲ့အဆင့်ဆင့်ပြောင်းလဲနေတဲ့ မျိုးဗီဇတွေကြား မူရင်းမျိုးဗီဇတွေ ပျောက်ပျက်မသွားအောင် ထိန်းသိမ်းထားနိုင်ဖို့ပါပဲ။

တခြားနိုင်ငံတွေမှာ ထိန်းရတာကတော့ မိမိနိုင်ငံတွင်း သဘာဝဘေး ဒါမှမဟုတ် လူကြောင့်ဖြစ်တဲ့ ဆုံးရှုံးတာကို ကြုံတွေ့ရတဲ့အခါ ပြန်ပြီးတော့ ရယူနိုင်ဖို့အတွက်ပါ။ အဓိကကတော့ ကိုယ့်ဒေသမျိုးရင်းတွေကို ထိန်းသိမ်း ကာကွယ်ဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ပေါ့။ မြန်မာနိုင်ငံမှာလည်း မျိုးစေ့ ဘဏ်ရှိပါတယ်။ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ထဲက ရေဆင်းရွာမှာပါ။

အဲ့လိုမျိုး မျိုးစေ့ဘဏ်တွေ ကမ္ဘာအနှံ့မှာ ၁၇၀၀ လောက်ရှိတဲ့အထဲကမှ အကြီးဆုံးမျိုးစေ့ဘဏ်ဟာဆိုရင် နော်ဝေ နိုင်ငံမှာရှိတဲ့ ဒီ Svalbard Global Seed Vault  ဆိုတဲ့ ဘဏ်ပဲဖြစ်ပါတယ်။ 

ဒီမျိုးစေ့ဘဏ်ကို ရှာဖွေသွားရောက်ဖို့ဆိုရင်တော့ ခက်ခဲပါလိမ့်မယ်။ ဘာလို့ဆို မျိုးစေ့ဘဏ်နားမှာ ရှိတဲ့ Longyearbyen ဆိုတဲ့ မြို့ကလွဲပြီး ကျန်တဲ့နေရာတွေက အဖြူရောင်အတိနှင်းတွေ ဖုံးလွှမ်းနေ လို့ပဲ ဖြစ်ပါတယ်။ အခပေးလေယာဉ်လိုင်းတွေ ကမ္ဘာ့မြောက်ခြမ်းကို အဝေးဆုံးပျံသန်းနိုင်တဲ့ ဂိတ်ဆုံးနေ ရာလည်းဖြစ်နေတာပါ။

ကမ္ဘာ့တည်နေရာနဲ့ ပြောမယ်ဆိုရင်တော့ ကမ္ဘာကြီးရဲ့ မြောက်ဖက်အတက် အာတိတ်စက်ဝိုင်းကို ကီလို မီတာ ၁၃၀၀ ကျော်ပြီး ရေခဲကျောက်သားတွေထဲမှာတည်ရှိတာပဲ ဖြစ်ပါတယ်။

ဒီကမ္ဘာ့မျိုးစေ့ဘဏ်ကြီးကို ‘ကမ္ဘာနောက်ဆုံးနေ့အတွက် ရိက္ခာဂိုဒေါင်’ လို့လည်း သမုတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာကြီးရဲ့အဆုံးသတ်နေ့ကိုများကြုံလာခဲ့ရရင် ဒါမှမဟုတ် ကမ္ဘာ့ကပ်ဘေးကြီးတစ်ခုခုများကြုံလာခဲ့ရရင် ပြန်လည်ကုစားပေးမယ့်မျိုးစေ့တွေအဖြစ် အသုံးချနိုင်ဖို့ ရည်ရွယ်ထားတာမို့လို့ပါ။ ဒီဇိုင်းပိုင်းကိုလည်း ကမ္ဘာပေါ် က တခြားမျိုးစေ့ ဘဏ်တွေနဲ့ယှဉ်ရင် ဖျက်လိုဖျက်ဆီးအန္တရာယ်တွေ အရမ်းနည်းအောင် ကာကွယ်နိုင်တဲ့ ဒီဇိုင်းမျိုးနဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ 

“ ဒီနေရာက စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ လက်လှမ်းမီဖို့မလွယ်တဲ့ ဝေးလံသီခေါင်တစ်နေရာမှာ ရှိနေတာ။ ဆိုတော့ တခြား နေရာတွေလိုမျိုး ပူပန်နေစရာမလိုဘူး။ လုံခြုံစိတ်ချရတဲ့ နေရာလေးတစ်ခုပေါ့” လို့  မျိုးစေ့ဘဏ်ရဲ့ ပိုင်ဆိုင်ပစ္စည်းပိုင်းဆိုင်ရာမန်နေဂျာ Bente Naeverdal က ရှင်းပြပါတယ်။

ဒီထဲမှာဆိုရင် အိန္ဒိယ၊ ပါကစ္စတန်နဲ့ မက္ကဆီကိုနိုင်ငံတွေက မျိုးစေ့နမူနာတွေ သိမ်းဆည်းထားသလို ကပ်ဘေး မျိုးစုံရင်ဆိုင်နေရတဲ့နိုင်ငံသားတွေနေထိုင်ရာ ဆီးရီးယားနိုင်ငံက မျိုးစေ့တွေလည်းသိုလှောင်ထားပါတယ်။ 

မျိုးစေ့ဘဏ်ဟာဆိုရင် ၁၅၀ မီတာခန့် (ပေ ၄၈၀ ခန့်) လောက်ထိရှည်လျားပြီး တောင်ထဲကိုဖြတ်ပြီး တည်ဆောက်ထားတာပါ။ ရှည်လျားတဲ့လမ်းတစ်လျှောက်ဖြတ်သွားပြီး နောက်ဆုံးအတွင်းပိုင်းမှာတော့ မျိုးစေ့တွေကို သိုလှောင်ထားရာ အခန်းသုံးခန်းရှိပါတယ်။ လက်ရှိမှာတော့ အဲ့ဒီထဲက အလယ်ခန်းတစ်ခန်းထဲမှာပဲ မျိုးစေ့တွေ ထိန်းသိမ်းသိုလှောင်ထားတာဖြစ်တယ်လို့ သိရပါတယ်။ မျိုးစေ့တွေကိုသိမ်းတဲ့ အခန်းတံခါးတွေဟာဆိုရင်လည်း ရေခဲအထူသားတွေနဲ့ပဲ ကာထားတာဖြစ်ပြီး အပူချိန်ကို သုညဒီဂရီ(ရေခဲမှတ်) အောက်မှာပဲ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

 မျိုးစေ့ဘဏ်မှာ မျိုးတွေကို ဘာလို့ထိန်းသိမ်းဖို့လိုလာလဲဆိုတော့ ကမ္ဘာတစ်ဝန်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကစပြီး စိုက်ပျိုးရေးအလေ့အကျင့်တွေက သိသိသာသာကို ပြောင်းလဲလာခဲ့လို့ပါ။ နည်းပညာတွေက အထွက်နှုန်း မြင့်မားစွာရရှိရေးဆိုတာတစ်ခုတည်းအပေါ်  ဦးတည်လာခဲ့ပါတယ်။ 

ဒီအတွက် သီးနှံတွေအထွက်တိုးလာတာမှန်ပေမဲ့ ဒေသမျိုးရင်း ဇီဝမျိုးကွဲတွေကတော့ လျော့ကျကုန်ပါတယ်။ ဘယ်လောက်ထိလဲဆို အခုဆိုရင် လူသားတွေရဲ့ အစာလိုအပ်ချက် ၉၅% လောက်ကို ထောက်ပံ့ပေးထားနိုင်တာက သီးနှံအမျိုးပေါင်း ၃၀ လောက်သာ ကျန်တော့တဲ့အထိပါပဲ။ 

ဥပမာ တရုတ်နိုင်ငံမှာဆိုရင် ၁၉၅၀ ခုနှစ်တွေတုန်းက အသုံးပြုခဲ့တဲ့ စပါးမျိုးတွေရဲ့ ၁၀% လောက်သာ အခုချိန်မှာ အသုံးပြုပါတော့တယ်။ အမေရိကန်နိုင်ငံဆိုရင်လည်း ၁၉၀၀ ခုနှစ်ဝန်းကျင်လောက်တုန်းက ရှိခဲ့တဲ့ သူတို့ရဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်မျိုးကွဲတွေထဲက ၉၀ ရာခိုင်နှုန်းကျော်လောက်က အခုအချိန်မှာ ကုန်ဆုံးပျောက်ပျက်သွားပြီပဲ ဖြစ်ပါတယ်။ 

ဆိုတော့ ဒီလိုအင်အားကြီးနိုင်ငံတွေတောင် မျိုးစေ့တွေ ကုန်ဆုံးပျောက်ကွယ်နေကြတယ်ဆိုရင် ဒို့လိုနိုင်ငံမျိုး ဆိုရင်ရော…?

ဒေသမျိုးတွေကို အသုံးပြုပြီး စပ်မျိုးထုတ်ဖို့ လိုက်ရှာဖူးသူတိုင်း ဒီအခက်အခဲကို သိကြလိမ့်မယ်ထင်ပါတယ်။  

 Ref: https://time.com/doomsday-vault/

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်