အစားအသောက်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းသည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်စေရန် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (GAP-Good Agricultural Practices) စနစ်ဖြင့် စိုက်ပျိုးကြစေလိုကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
GAP စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဆိုသည်မှာ မစိုက်ပျိုးခင် မြေပြုပြင်ချိန်မှစ၍ စိုက်ပျိုးထုတ်လုပ်ပြီးနောက် စားသုံးသူလက်ဝယ် ရောက်ရှိသည့်အချိန်အထိ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် အဆိပ်အတောက်များကို အနည်းဆုံးဖြစ်စေရန် လိုက်နာရမည့် နည်းလမ်းများကို စုစည်းထားသည့် စံလုပ်ထုံးလုပ်နည်း လမ်းညွှန်မှုများဖြစ်သည်။
GAP စနစ်သည် အစားအစာများစားသုံးရာတွင် ဘေးအန္တရာယ်များ ကင်းရှင်းပြီး စိတ်ချယုံကြည်မှုရရှိစေရန်၊ သီးနှံများ၏ အရည်အသွေး ထိခိုက်ပျက်စီးဆုံးရှုံးမှုအား ထိန်းသိမ်းကာကွယ်နိုင်စေရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးနည်းစနစ် ထူထောင်လာနိုင်စေရန်၊ လုပ်သားများ၏ ကျန်းမာရေး၊ လူမှုဘ၀ သာယာဝပြောရေး အလေးထားဆောင်ရွက်နိုင်စေရန် စသည့် အဓိကရည်ရွယ်ချက် (၄) ချက် ပါဝင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပိုးသတ်ဆေးအကြွင်းအကျန်တွေနဲ့ ဓာတ်မြေသြဇာတအားသုံးတာတွေကြောင့် ခူးဆွတ်ပြီးချိန်မှာ တာရှည်မခံတာတွေဖြစ်တတ်တယ်။ ဓာတ်မြေသြဇာသုံးတဲ့အခါ မှတ်ပုံတင်ထားတဲ့တံဆိပ်ကိုသာ သုံးပါ။ လိုအပ်တဲ့ပမာဏသာ စနစ်တကျသုံးပါ။ ရေသွင်းတဲ့အခါ၊ သီးနှံတွေခူးပြီး ဆေးကြောတဲ့အခါ သုံးတဲ့ရေနဲ့ အသုံးအဆောင်ပစ္စည်းတွေအားလုံး သန့်ရှင်းဖို့လိုတယ်။ GAP လျှောက်မယ်ဆိုရင် တောင်သူတွေအနေနဲ့ ကုန်ကျစရိတ်များများစားစားမရှိပါဘူး။ ဘာတွေကုန်ကျမလဲဆိုရင် စိုက်ပျိုးမယ့်မြေမှာပါဝင်တဲ့ မာကျူရီ၊ ခရိုမီယမ်၊ ခဲဓာတ်၊ အာဆင်းနစ်ဓာတ် စတဲ့ (Heavy Metal)တွေ ပါလားဆိုတာကို ဓာတ်ခွဲစစ်ရတယ်။ သီးနှံခူးဆွတ်ခါနီးရင် သီးနှံနမူနာယူပြီး ပိုးသတ်ဆေးအကြွင်းအကျန် ရှိမရှိ ဓာတ်ခွဲစစ်ရတယ်။ GAP စနစ်နဲ့ ဘာသီးနှံစိုက်စိုက် မြေနမူနာနဲ့ရေနမူနာ စစ်ဆေးခရယ်၊ သီးနှံထဲ ပိုးသတ်ဆေးအကြွင်းအကျန် ရှိမရှိ စစ်ဆေးခရယ်လောက်ပဲ ကုန်ကျတာပါ။
ဟု စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်သည့်အတွက် အာဆီယံ GAP သတ်မှတ်ချက်များအရ ချမှတ်ထားသည့် မြန်မာ GAP ၌ အစားအစာအန္တရာယ်ကင်းရှင်းရေးကဏ္ဍ (Food Safety Module) ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ (Environmental Management Module) ၊ သီးနှံများ၏ အရည်အသွေးကဏ္ဍ (Produce Quality Module) ၊ လုပ်သားများကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လူမှုဘ၀ သာယာရေးကဏ္ဍ (Workers, Health, Safety and Welfare Module) စသည့် ကဏ္ဍများ ပါဝင်သည်။
အထက်ပါ အခြေခံကဏ္ဍ (၄) ခုကို ခွဲခြမ်းစိတ်ဖြာထုတ်ပြန်ထားသည့် အချက် ၂၂၆ ချက်အတိုင်း လိုက်နာဆောင်ရွက်မှု ရှိမရှိ စစ်ဆေး၍ GAP အသိအမှတ်ပြုလက်မှတ်များကို ထုတ်ပေးနေခြင်းဖြစ်ကြောင်း သက်ဆိုင်ရာပညာရှင်များထံမှ သိရသည်။
GAP စနစ်ဖြင့် စိုက်ပျိုးပါက စိုက်ပျိုးမည့်မြေနေရာ ရွေးချယ်ခြင်း၊ ခြေဖျက်ရန်ခက်ခဲသည့် ဓာတ်သတ္တုများ ပါဝင်မှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ ရေစစ်ဆေးခြင်း၊ မျိုးစေ့/ပျိုးပင်၊ မြေသြဇာနှင့် မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံး ဓာတုဆေးများနှင့် အခြားဓာတုပစ္စည်းများ ရွေးချယ်ခြင်း၊ အပင်ပြုစုစောင့်ရှောက်ခြင်း၊ စိုက်ပျိုးရေးနှင့် အခြားဆက်စပ်ပစ္စည်းကိရိယာများ၊ ရိတ်သိမ်းခြင်းနှင့် ထွက်ကုန်ပြုပြင်ခြင်း၊ သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း၊ အဆောက်အဦများ ဆောက်လုပ်ထားခြင်း၊ တိရစ္ဆာန်နှင့် ဖျက်ပိုးများ ထိန်းချုပ်ခြင်း၊ အထောက်အထားနှင့် မှတ်တမ်းများကို စနစ်တကျထားရှိခြင်း၊ နောက်ကြောင်းပြန် စစ်ဆေးခြင်းနှင့် ပြန်လည်သိမ်းဆည်းခြင်း၊ လိုအပ်သော GAP အသိပညာရရှိစေရန် ပို့ချပေးသည့် သင်တန်းတက်ခြင်း၊ ဆောင်ရွက်ကျင့်သုံးမှုများကို ပြန်လည်သုံးသပ်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းခြင်းနှင့် လုပ်သားများဘ၀ သာယာဝပြောရေး စသည့်အချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးရှိ ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်း (ထုံးဘို) မှ သိရသည်။
GAP စနစ်ကို စိတ်ပါဝင်စား၍ စိုက်ပျိုးလိုသည့် တောင်သူများအနေဖြင့် မိမိတို့နေထိုင်ရာမြို့နယ်အလိုက် စိုက်ပျိုးရေးဦးစီးဌာနရုံးများ၌ GAP လျှောက်ထားရာတွင် ဖြည့်စွက်ရမည့် လျှောက်လွှာများ အလွယ်တကူထုတ်ယူနိုင်ပြီး အခမဲ့ လျှောက်ထားနိုင်ကြောင်း သိရသည်။