“ဆန်းသစ်နည်းပညာတွေနဲ့ စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ပေးနေတဲ့ ကမ္ဘောဒီးယား အမျိုးသမီးများ"

08/03/2022 16:00 PM တွင် ရဲဟိန်းလတ် ရဲဟိန်းလတ် မှ ရေးသား

ယင်နက်ပိုးလောက်ကောင်တွေ၊ တီကောင်တွေ၊ အွန်လိုင်းမားကက်တွေသုံးပြီး နိုင်ငံ့စိုက် ပျိုးရေးကဏ္ဍကို မြှင့်တင်ပေးခဲ့ကြတဲ့ ကမ္ဘောဒီးယားအမျိုးသမီးသုံးဦးအကြောင်း

=====================================================

 

ကမ္ဘောဒီးယားနိုင်ငံစီးပွားရေးရဲ့ အဓိကထောက်တိုင်တစ်ခုဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍဟာ နိုင်ငံ့အဓိကထုတ်ကုန်ရဲ့ ၂၂ ရာခိုင်နှုန်းဖြစ်ပြီး လူဦးရေ (၃) သိန်းလောက်ကို အလုပ်ပေးထားတယ်လို့ အမေရိကန်သံရုံးရဲ့ အဆိုအရသိရပါတယ်။

 

ဒါပေမဲ့ နိုင်ငံရဲ့ ဟင်းသီးဟင်းရွက်နှင့် သစ်သီးလိုအပ်ချက်ရဲ့ ၇၀ ရာခိုင်နှုန်း လောက်ကိုပဲ ပြည်တွင်းမှာ ထုတ်လုပ်နိုင်တာဖြစ်ပါတယ်။ ကျန်လိုအပ်တာကိုတော့ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ကနေ တင်သွင်းကြရတာပါ။

 

ဒီတော့ စိုက်ပျိုးရေး ကဏ္ဍဟာ တိုးတက်ဖို့လိုနေပြီး ဒီအတွက် ကမ္ဘောဒီးယားအမျိုးသမီးတချို့က တီထွင်ဆန်းသစ်မှုတွေနဲ့ ပါဝင်ဖြည့်ဆည်းမှုတွေ ပြုလုပ်နေပါတယ်။

 

Ruy Reach (ရိုင်ရိချ်) (သို့) ယင်များရဲ့ဘုရင်

 

ရိုင်ရိချ်ဆိုတဲ့အဖွဲ့ကို ဆန်းသစ်တီထွင်စိတ်ရှိတဲ့ ဟားဟန်ဆိုဖီအာရီ ဆိုတဲ့ ကမ္ဘောဒီးယား ကောင်မလေးတစ်ဦးနဲ့ တခြားကောင်လေးတစ်ဦးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးရည်ရွယ်ချက်နဲ့ တည်ထောင်ထားတာပါ။

သုတေသနအခြေခံတွေ့ရှိချက်တွေအရ Black Soldier Fly (BSF) တွေဟာ မြို့တော်ရဲ့ စွန့်ပစ် အစား အသောက် ညစ်ညမ်းမှုတွေကို လျှော့ချပေးရုံသာမက ပိုးလောက်ကောင်တွေကို ကြက်၊ ဘဲခြံများ၊ ငါးမွေးကန်များနှင့် ရေသတ္တဝါမွေးမြူနေရေးမှာပါ ပရိုတင်းဓါတ်မြှင့်မားတဲ့ တိရိစ္ဆာန်အစာအဖြစ် အသုံးပြုလို့ရလို့ စီးပွားရေးအကျိုးအမြတ်တွေပါ ရနိုင်ပါတယ်။  Ruy Reach (ရိုင်ရိချ်) ရဲ့အဓိပ္ပာယ်ကိုက ခမာဘာသာစကားအရ “ယင်များ၏ဘုရင်” ပါတဲ့..။

 

ဟားဟန်ဆိုဖီအာရီ က တာကီအိုပြည်နယ်ကဖြစ်ကာ ဖနွမ်းပင်တော်ဝင်တက္ကသိုလ်မှ ရူပဗေဒဘာသာနဲ့ ဘွဲ့ရခဲ့သူဖြစ်ပါတယ်။ ဘွဲ့ရပြီး စွမ်းအင်ကဏ္ဍမှာ (၃) နှစ်လောက် အလုပ်လုပ်ကိုင်ပြီးနောက် သူဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်ဖို့ အကြောင်းအရာအသစ်တွေကို လေ့လာဖို့ စိတ်ဆန္ဒရှိလာခဲ့ပါတယ်။ သူကတီထွင်မှုနှင့် စဉ်ဆက်မပြတ်လေ့လာမှုကို ယုံကြည်သူပါ။

 

ဟန်ဆိုဖီအာရီဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်တွေမှာ ပါဝင်ရင်း စွန့်ဦးတီထွင် လုပ်ငန်းရှင်ဖြစ်ဖို့ သင်တန်းတွေတိုင်းကိုပါ လေ့လာတက်ရောက်ပြီးနောက် သူဟာ အဖွဲ့အစည်းဆိုင်ရာ အလုပ်အကိုင်တွေမှာ စိတ်ဝင်စားမှုရှိကြောင်း သူ့ကိုယ်သူသိရှိလာခဲ့ပါတယ်။

 

အဲ့ဒီနောက် (၂၀၁၉) ဇူလိုင်လမှာတော့ သုတေသနပြုလုပ်နေကြတဲ့ အမေရိကန်ကျောင်းသားအဖွဲ့ တစ်ခုသို့ ဆက်သွယ်ဝင်ရောက်ခဲ့ပါတယ်။

 

သိပ်မကြာခင် သူတို့ဘာသိလာလဲဆိုတော့ အမှိုက်အလေအလွင့်တွေထဲမှာ ပလပ်စတစ်အိတ်တွေ ပုလင်းတွေကိုပဲ ပြန်လည်သုံးစွဲနိုင်တယ်လို့ လူအများစုက သိထားကြပြီး အစားအသောက် အလေအလွင့်တွေကလည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပြီး ပြန်လည်သုံးစွဲတာမျိုး ပြုလုပ်ဖို့ လိုအပ်တာကိုတော့ အများကမေ့နေကြတယ်ဆိုတာပါပဲ။

 

" Ruy Reach (ရိုင်ရိချ်) ရဲ့အဓိကစိတ်ကူးကတော့ အစားသောက်နဲ့ အော်ဂဲနစ် အလေအလွင့်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ဖြစ်ပါတယ်။ ဒုတိယအနေနဲ့က တိရစ္ဆာန်တွေကို ငါးအမှုန့်တွေကျွေးမယ့်အစား ပိုးလောက်ကောင်တွေ ကျွေးဖို့ဖြစ်ပါတယ်။ ပိုးလောက်ကောင်တွေက ငါးအမှုန့်တွေထက် အရည် အသွေးပိုကောင်းပြီး ခံနိုင်ရည်မြင့်ဖို့လည်း ပိုပြီး အကျိုးပြုပါတယ်။ တခြားတစ်ခုကတော့ ပိုးလောက်ကောင်တွေရဲ့ မစင်တွေကနေ မြေဩဇာပြုလုပ်နိုင်တာပဲ" လို့ ဟန်ဆိုဖီအာရီက ဆိုပါတယ်။

 

ငါးအသေးလေးတွေဟာ ရေအရင်းမြစ်ထဲမှာတော့ အားအနည်းဆုံးဖြစ်ပါတယ်။ သူတို့ကို လူတွေစားသုံးဖို့နဲ့ တိရစ္ဆာန်တွေကျွေးတဲ့ ငါးအမှုန့်ပြုလုပ်ဖို့ အလွန်အကျွံ ဖမ်းဆီးခံနေရပြီဖြစ်ပါတယ်။ ဒါကြောင့် သူနဲ့သူ့အဖွဲ့က ငါးအသေးလေးတွေကို မသုံးဘဲ တိရစ္ဆာန်တွေကို အစာကျွေးဖို့ နည်းလမ်းရှာတဲ့အခါမှာ Black Soldier Fly တွေရဲ့ ပိုးလောက်ကောင်အရွယ်တွေနဲ့ အစားထိုးနိုင်တာ သွားတွေ့တာပါ။

 

BSF ဟာ အကျိုးကျေးဇူးမျိုးစုံရတာကြောင့် လူကြိုက်များမှုတော့ ရရှိလာပြီဖြစ်ပါတယ်။ စွန့်ပစ် အညစ်အကြေးတွေကနေ ပရိုတင်းမြှင့်အစာတွေဖြစ်လာသလို အိမ်တွင်းယင်ကောင်တွေရဲ့ မျိုးပွား မယ့် နေရာဧရိယာတွေကိုလည်း လျှော့ချပေးပါတယ်။

 

BSF တွေဟာ အကျိုးအရှိဆုံး ယင်ကောင်တွေလို့ သတ်မှတ်ထားပြီး ဖျက်ပိုးမဟုတ်တဲ့အကောင်လို့ ယူဆထားပါတယ်။

 

 သူတို့ကအကောင်းဆုံး မြေဩဇာဖြစ်သလို စွန့်ပစ်အညစ်အကြေးတွေကို ထိန်းချုပ်နိုင်မှုမှာပါ အကောင်းဆုံးပါ။ အခြားပိုးကောင်တွေထက် ပိုကောင်းတာက သူတို့မှာက အညစ်အကြေးတွေကနေ အာဟာရအဖြစ်ပြောင်းလဲရာမှာ အသားဓာတ် ၄၂% ၊ ကျန်းမာစေသောအဆီ ၃၅% ပါရှိတဲ့အထိ ပြောင်းလဲနိုင်စွမ်းရှိတာပါ။ ဒါတွေကို ကြက်၊ ဝက်နှင့် ငါး စတဲ့ တိရစ္ဆာန်တွေကို ကျွေးတဲ့ အစာအဖြစ် သုံးတာပါ။

 

ကမ္ဘောဒီးယားရှိ UNDP ကတော့ စွန့်ပစ်အညစ်အကြေးတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ပြန်လည်သုံးစွဲလို့ ရပါတယ်တဲ့။ ဥပမာ အော်ဂဲနစ် ၅၅ % ၊ ပလတ်စတစ် ၂၁% နဲ့ အဝတ်အထည် ၁၃% အဖြစ်ပေါ့။

 

ဟန်ဆိုဖီအာရီဟာ သူ့ရဲ့ အင်ဂျင်နီယာအလုပ်ကထွက်ပြီးနောက် အချိန်ပြည့် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာခဲ့ပါတယ်။ စိုက်ပျိုးရေးဆိုင်ရာ ဆန်းသစ်တီထွင် စီးပွားရေးလုပ်ငန်းစတင်ရာမှာ သူဟာ စိန်ခေါ်မှုတွေနဲ့ ကြုံခဲ့ရတာပါ။ ဒါပေမဲ့ သူကတော့ သူ့ရဲ့ပန်းတိုင်ကို ရေရှည်မျှော်လင့်ထားပြီး အခြားအမျိုးသမီးများကိုလည်း သူတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ လှုံ့ဆော်ခဲ့ပါတယ်။

 

“သူတို့ဘာလုပ်ချင်တယ်ဆိုတာ သိသူတွေအတွက် အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍဟာ အနာဂါတ်မှာ နည်းပညာတွေနဲ့အတူ အလားအလာကောင်းတွေ တိုးပွားလာမှာ ဖြစ်ပါတယ်။ ပုံမှန်တော့ အားလုံးအတွက် ပထမခြေလှမ်းက အတားအဆီးတွေရှိမှာပါပဲ။ ကျွန်မတို့မှာ ကျွမ်းကျင်မှုတွေရှိတာ ယုံကြည်ရပါမယ်။ အကယ်၍များ ရှင်တို့ တခုခုကို ရရှိဖို့ကြိုးစားနေတာကို တစုံတစ်ယောက်က ကြားဖြတ်ရပ်တန့်ခဲ့ရင်တောင်မှ မရပ်ပစ်လိုက်ပါနဲ့။ ကျွန်မကတော့ အမျိုးသမီးတွေဟာ ဒီကဏ္ဍမှာ ပိုကောင်းအောင်လုပ်ဖို့ ကျွမ်းကျင်မှုများစွာ ရှိတယ်လို့ ယုံကြည်နေပါတယ်" လို့ သူက ဆိုပါတယ်။

 

JUNLEN (ဂျန်လန် ) တီကောင်သုံး ရေရှည်တည်တံ့ခိုင်မြဲတဲ့စိုက်ပျိုးရေး

 

SOK Sothearoth,  ဂျန်လန်ရဲ့ တည်ထောင်သူက ဆွခ်ဆော့တာရို့ဆိုတဲ့ ကမ္ဘောဒီးယား အမျိုးသမီးပါ။ အော်ဂဲနစ်အညစ်အကြေးတွေကနေ အရည်အသွေးမြှင့် တီကျစ်မြေဇာတွေအဖြစ် လုပ်ပေးဖို့ ထိရောက်တဲ့နည်းလမ်းတွေကို သုံးပြီး စွန့်ပစ်အညစ်အကြေးတွေကို စီမံခန့်ခွဲဖြေရှင်းပေးတာဖြစ်ပါတယ်။ ဒီဆန်းသစ်တဲ့အတွေးကို ကမ္ဘောဒီးယား ကမ္ဘောဒီးယားအတွက် မိတ်ဆက်ပေးတာ ဂျန်လန်က ပထမဆုံးပါပဲ။

 

“ကျွန်မတို့က လယ်သမားတွေကို သင်တန်းပေး၊ တီထွင်ဉာဏ်စွမ်းရှိတဲ့ လယ်သမားတွေကို ရင်းနှီးမြှုပ်နှံပေးပြီး သူတို့နဲ့ စာချုပ်ချုပ်အလုပ်လုပ်ကြပါတယ်”လို့ ဆွခ်ဆော့တာရို့က ပြောပြပါတယ်။

 

ကာလ(၆)လကနေ တစ်နှစ်ထိ နည်းပညာပြောင်းလဲဖို့၊ မြေဇာထုတ်လုပ်နိုင်ဖို့အတွက် အချိန်ပေးဖို့ လယ်သမားတွေကို သူမက တွန်းအားပေးပါတယ်။ အခုလတ်တလောမှာ ဂျန်လန်နှင့် လက်တွဲလုပ်ကိုင်နေတဲ့ လယ်သမားမိသားစု (၁၀)စု ရှိတယ်လို့သိရပါတယ်။

 

“ကျွန်မတို့က လယ်သမားတစ်ယောက်ကိုပဲ နည်းပညာပေးပြီးတော့ အခြားသူတွေကို ဆွဲဆောင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လယ်သမားတစ်ယောက်ကို ဆွဲဆောင်နိုင်ရင် သူတို့ဝင်ငွေတွေပါရမယ်။ အခြားလယ်သမားတွေကလည်း စိတ်ဝင်စားလာပါတော့တယ်” လို့ ဆော့တာရို့က ဆိုပါတယ်။

 

ဂျန်လန်အဖွဲ့ဝင်တွေအနေနဲ့ တစ်နှစ်ကို အများဆုံးအနေနဲ့ တီကျစ်မြေဩဇာ (၁၀)တန်လောက် ထုတ်လုပ်တယ်လို့ သိရပါတယ်။

 

တီကျစ်မြေဩဇာဟာ သဘာဝမြေဩဇာအဖြစ် အသိအမှတ်ပြုခံရပြီး သူက မြေနဲ့အစိုဓါတ်ကို ထိန်းသိမ်းပေးပြီး မြေကြီးကို အာဟာရဖြည့်စေပါတယ်။ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်၊ အန္တရာယ်မပေးပါဘူး၊ မြေထဲက ဇီဝမျိုးစုံမျိုးကွဲကို မြင့်တက်စေပြီး အဏုဇီဝပိုးတွေကို တိုးပွားစေ ပါတယ်။ အပင်ရောဂါတွေကို ကာကွယ်ပေးပြီး အပင်ကြီးထားဖို့ အားပေးပါတယ်။

 

ဂျန်လန်ကို (၂၀၁၈) ခုနှစ်အတွင်းမှာ ခမာမွစ်စလင်လယ်သမားအဖွဲ့အစည်းတွေရှိတဲ့ ခန်ပေါင်ချန်နန်းပြည်နယ်ထဲမှာ LY (လိုင်) လို့ခေါ်တဲ့ လယ်သမားတစ်ဦးနဲ့အတူ တီကျစ်မြေဩဇာ ထုတ်လုပ်ရင်း စတင်ခဲ့တာပါ။ အဲ့ဒီကစပြီး ဂျန်လန်ဟာ တပိုင်တနိုင် လယ်သမားတွေကို နည်းပညာတွေ၊ ဈေးကွက် ကွန်ရက်တွေလိုမျိုး ဖြည့်ဆည်းပေးခဲ့ကာ သူတို့ရဲ့မိသားစုတွေရဲ့ဝင်ငွေနဲ့ ကလေးတွေရဲ့ ပညာရေး ပိုတိုးတက်ဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။

 

အသေးစားစိုက်ပျိုးရေးလုပ်ငန်းတွေကို နည်းပညာ ထောက်ပံ့ပေးနိုင်ဖို့ သုတေသနပြုနေရင်း ဂျန်လန်ကိုလုပ်ဆောင်ဖို့ စိတ်ကူးရတာလို့ အသက် (၂၆) နှစ်ရှိပြီဖြစ်တဲ့ ဆော့ခရို့က ဆိုပါတယ်။

 

အင်တာနက်မှာ Googling လုပ်ရင်း တီကောင်တွေရဲ့တန်ဖိုးကို သူ သိလာပါတယ်။ အဲ့ဒီနောက်သူဟာ ကိုယ်တိုင်တီကောင်မွေးကြည့်ပြီး လယ်သမားတစ်ဦးဆီမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အခြားလယ်သမားတွေကိုပါ ဆက်ပြီးတော့ တီကျစ်မြေဩဇာလုပ်နည်းတွေကို သင်ပြခဲ့တာဖြစ်ပါတယ်။

 

ဝင်ငွေအလယ်အလတ်မိသားစုမှ ကြီးပြင်းလာခဲ့တာဖြစ်တာကြောင့် သူဟာအမှီအခိုကင်းပြီး မိမိကိုယ်ကိုရပ်တည်နိုင်ဖို့ လေ့လာပြီးသားဖြစ်နေခဲ့ပါတယ်။ (၁၀)တန်းအရွယ်မှာကတည်းက သူဟာ လူထုလုပ်ငန်းဆောင်ရွက်မှုတွေမှာ ပါဝင်ပြီး သူတကယ်ကြိုက်နှစ်သက်တာ ဘာလဲဆိုတာကို ကိုယ့်ဖာသာကိုယ် ဖော်ထုတ်ခဲ့ပါတယ်။ သူ့ကလူ့အဖွဲ့စည်းတွေကို ထောက်ပံ့ပေးနိုင်ဖို့ စိုက်ပျိုးရေးကဏ္ဍကို လေ့လာဖို့ရွေးချယ်ခဲ့ပါတယ်။ ဂျန်လန်မှာတောင် သူကဦးဆောင်ပြီး အလုပ်ကြိုးစားလုပ်ကိုင်ခဲ့ပါတယ်။

“လူတွေက သူတို့ဘာကိုသေသေချာချာပြုလုပ်ချင်သလဲဆိုတာသိရင် အဲ့ဒါကိုပဲလုပ်ပါ။ မိသားစုရဲ့တောင်းဆိုချက်၊ အဖွဲ့အစည်းရဲ့တောင်းဆိုချက်တွေကို တွေးမနေသင့်ပါဘူး။ အရေးကြီးတာက သင်ကိုယ်တိုင် တကယ်ဘာလိုချင်လဲ၊ သင်ဘာဖြစ်ချင်သလဲနဲ့ သင်လာကျွမ်းကျင်သလဲဆိုတာကို ရိုးသားစွာ အလေးထားဖို့ဖြစ်ပါတယ်”

 

FAO ရဲ့ စာရင်းဇယားများအရတော့ ကမ္ဘောဒီးယားရဲ့ မြေဩဇာ လိုအပ်ချက်ဟာ(၂၀၀၅) ခုနှစ်မှာ (၃၈၆၉၃) တန်ကနေ (၂၀၁၈) ခုနှစ်မှာ (၁၃၄၀၅၃) တန်အထိ တိုးလာခဲ့ပါတယ်။ ကမ္ဘောဒီးယားဟာ ဓါတ်မြေဩဇာအားလုံးကို ပြည်ပကနေ တင်သွင်းရတာဖြစ်ပါတယ်။ ဓါတ်မြေဩဇာလိုအပ်မှုကလည်း တစ်ဟတ်တာကို (၂၀၀၅) ခုနှစ်မှာ (၁၀) ကီလိုဂရမ်ကနေ (၂၀၁၈) ခုနှစ်မှာ (၃၃) ကီလိုဂရမ်ထိ ဖြစ်လာခဲ့ပါတယ်။

 

ဓါတ်မြေဩဇာအပြင် အော်ဂဲနစ်မြေဩဇာတွေကိုလည်း လူတွေသုံးကြပါသေးတယ်။ ကမ္ဘောဒီးယားက မြေဩဇာတင်သွင်းမှုဟာ (၂၀၁၆) မှာ (၈၅၀၀၀၀) တန်ကနေ (၂၀၁၉) ခုနှစ်မှာ (၁၁၄၉၆၁၅) တန်အထိ တိုးလာခဲ့ပါတယ်။

 

Ko Ko Pon (ကိုကိုပွန်) Online ပေါ်ကစိုက်ပျိုးရေးထွက်ကုန်များ

 

Neng Sokneang, နန်ဆွစ်နန် (၃၀) နှစ်ဟာ ကိုကိုပွန်ရဲ့ တည်ထောင်သူ အမျိုးသမီး ဖြစ်ပါတယ်။ စိုက်ပျိုးရေးထွက်ကုန်တွေရဲ့ အီလက်ထရောနစ် ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။

 

ဆွစ်နန်ဟာ ဖနွမ်းပင်တော်ဝင်တက္ကသိုလ်ကနေ ကွန်ပျူတာသိပ္ပံဘွဲ့ရခဲ့သူဖြစ်ပြီး HRE စင်တာမှာ သူ့ရဲ့ပညာသင်ထောက်ပံ့မှုနဲ့ လာရောက်သင်ကြားမှုတွေပြုလုပ်ဖို့ ဆွဲဆောင်ထားပါတယ်။

 

သူက Digital platform ကို အသုံးချပြီး ကမ္ဘောဒီးယားလူငယ်တွေကို ဇိမ်ခံဖျော်ဖြေရေးနေရာတွေ ကို လျှော့ဈေးတွေနဲ့ရှာဖွေဖို့၊ ဒီအပလီကေးရှင်းကနေ လယ်သမားတွေရဲ့ ထုတ်ကုန်တွေကို အခုလို လူကိုယ်တိုင် ရောင်းချဖို့မဖြစ်နိုင်တဲ့အချိန်မျိုးမှာ ရောင်းထွက်နိုင်ဖို့ စီစဉ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

သူက အမျိုးသမီးလယ်သမားတွေကို အထူးသဖြင့် ပါဝင်စေပြီး သူတို့ရဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးတွေကို ပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချနိုင်စေဖို့၊ နိုင်ငံတကာထိ ရောင်းချပြီးကျယ်ပြန့်သွားစေဖို့ ကူညီနိုင်ခဲ့ပါတယ်။

 

ပထမကတော့ ကိုကိုပွန်က လူငယ်လူစုအကြား ဆက်သွယ်ဖို့ သုံးစွဲဖို့ပဲဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ကိုဗစ်-၁၉ ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ခမာလယ်သမားတွေဟာ သူတို့ရဲ့ထုတ်ကုန်တွေကို ဝယ်သူတွေဆီရောင်းချဖို့ အများကြီးအခက်ကြုံနေရတာကို သိရှိလာတော့ ကူညီပေးဖို့ လုပ်ခဲ့တာပါ။

 

“ဒါကြောင့်ပဲ (၂၀၂၀) အစပိုင်းမှာ ကျွန်မတို့က ဖောက်သည်တွေရဲ့တောင်းဆိုမှုဖြစ်တဲ့ ပြည်တွင်းထုတ်ကုန်တွေကို ရောင်းဖို့နဲ့ ပြည်ပထွက်ကုန်တွေကို ဈေးကွက်မြှင့်တင်ဖို့ ကူညီခဲ့ပါတယ်” လို့ ဆွစ်နန်ကပြောပြပါတယ်။

 

စတင်ကတည်းက ကိုကိုပွန်ဟာ လယ်သမားတွေက သူတို့ရဲ့စိုက်ပျိုးရေးထုတ်ကုန်တွေကို အီတလီ၊ ဒူဘိုင်း၊ ဥရောပ၊ USA နဲ့ ဂျပန်နိုင်ငံတွေလို တခြားနိုင်ငံတွေဆီရောင်းချဖို့ ကူညီပေးခဲ့ပါတယ်။

 

ဒီအပလီကေးရှင်းကနေတဆင့် သရက်သီးခြောက်၊ သီဟိုဠ်စေ့၊ ငရုတ်ကောင်းနှင့် ပုရစ်မှုန့်တွေရောင်းချနိုင်ခဲ့ပါတယ်။

 

နည်းပညာ အပလီကေးရှင်းတွေက ဘယ်လောက်အထိ အကျိုးအမြတ်များစွာပေးကြောင်း ၊ အထူးသဖြင့် ကမ္ဘောဒီးယားလယ်သမားတွေအတွက် ဘယ်လိုအကျိုးရှိကြောင့် ဆွစ်နန်က ဖော်ထုတ် တင်ပြနိုင်ခဲ့ပါတယ်။

 

“ပထမဆုံးတော့ ရောင်းသူကော ဝယ်သူကော အချိန်ကုန်သက်သာစေပါတယ်၊ ဒုတိယကတော့ နိုင်ငံ့ထုတ်ကုန်တွေကို အားပေးမြှင့်တင်ပေးခြင်းဖြင့် လူဝင်မှုကြီးကြပ်ရေးကို ဖြတ်နေရတာတွေ လျှော့ချနိုင်ခဲ့ပါတယ်။ အဲ့တာက ဘာဖြစ်စေလဲဆိုတော့ လယ်သမားတွေ ဝင်ငွေပိုရပြီး သူတို့ကလေးတွေရဲ့ပညာရေးကို အထောက်အပံ့ဖြစ်စေခဲ့ပါတယ်၊ ဒါ့အပြင် မိန်းမတွေ၊ မသန်စွမ်းမိန်းမတွေတောင်မှ အိမ်ကနေအလုပ်လုပ်လို့ရနေတော့ မိသားစုကို အကူညီဖြစ်စေခဲ့ပါတယ်” လို့ ဆွစ်နန်က ဆိုပါတယ်။

 

ဒီလိုပြည်တွင်းဖြစ် အက်ပလီကေးရှင်းတစ်ခုကို ဖန်တီးနိုင်တာဟာ ကမ္ဘောဒီးယားရဲ့ ဂုဏ်ဒြပ်လည်း ဖြစ်တယ်လို့ ဆွစ်နန်က ဆိုပါတယ်။ ဒါ့အပြင် နည်းပညာနယ်ထဲမှာ အမျိုးသမီးတွေရဲ့စွမ်းရည်နဲ့ ပါဝင်နိုင်စွမ်းကို ပြသနိုင်တာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

 

“ကျွန်မကတော့ ကမ္ဘောဒီးယားအမျိုးသမီးတွေကို သူတို့ဖာသာသူတို့ အခွင့်အလမ်းတွေ ဘယ်လိုရနိုင်သလဲဆိုတာ သိစေချင်ပါတယ်။ တခါတရံမှာ သူတို့မှာက အိမ်အတွက်အများကြီး စွန့်လွှတ်အနစ်နာခံကြရပါတယ်။ သူတို့မှာက အိမ်အလုပ်တွေနဲ့ မအားလပ်တော့ သူတို့ရဲ့စိတ်ကူးအိပ်မက်တွေဟာ အရေးမကြီးဘူးဆိုပြီး စွန့်လွှတ်လိုက်ကြတာပါပဲ” လို့ ဆွစ်နန်က ပြောပါတယ်။

 

နည်းပညာနယ်ပယ်ထဲမှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ တန်းတူဖြစ်တယ်လို့ ခံယူထားလို့ အမျိုးသမီးတွေနည်းပညာနယ်ထဲ ပါဝင်ကြဖို့ ဆွစ်နန်က လှုံ့ဆော်ချင်ပါတယ်။ အထူးသဖြင့် အခုနှစ်မှာ အထက်တန်းအောင်လာကြမယ့် မိန်းကလေးတွေကို နည်းပညာကဏ္ဍမှာ ပိုမိုလေ့လာသင်ယူလာဖို့ မြင်တွေ့လိုနေပါတယ်။

 

ref; https://kiripost.com/stories/female-innovators-are-transforming-cambodian-agriculture

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်