နွေရာသီမှာ ပန်းလေးတွေကြာရှည်ခံဖို့ စိုက်ပျိူးသူများ လုပ်ဆောင်ရမယ့်အချက်များ

29/02/2024 13:00 PM တွင် အိဟေမာန် အိဟေမာန် မှ ရေးသား

ဒီလိုနွေဦးရာသီလေးမှာ ရာသီဥတုပူလာတဲ့အတွက်ကြောင့် ဖြတ်ပန်းလေးတွေဟာ ဘုရားပန်းအဖြစ် သုံးသုံး၊ ပန်းအလှဆင်တဲ့နေရာမှာသုံးသုံး ကြာရှည်လန်းဆန်းမှုမရှိနိုင်ကြပါဘူး။ ဘုရားပန်းတွေ ရက်ကြာလာတဲ့အခါ အနံ့အသက်ဆိုးလာတာ အိမ်ရှင်မတိုင်း ကြုံဖူးကြမှာပါ။

ဘာတွေကြောင့်များအနံ့တွေ မကောင်း ဖြစ်လာသလဲ?

ဘယ်လိုနည်းတွေနဲ့ ပန်းလေးတွေလန်းဆန်းနေအောင် လုပ်လို့ရသလဲနဲ့

ပန်းလေးတွေရဲ့ကြာရှည်ခံမှုအပေါ်ဘယ်အချက်တွေက အဓိက လွှမ်းမိုးနေကြသလဲဆိုရင် အဲ့ဒီအတွက် အဖြေကတော့ စိုက်ပျိုးနေစဉ် ကာလ၊ ရိတ်သိမ်းစဉ်ကာလနှင့် ရိတ်သိမ်းချိန်လွန်ကာလစတဲ့ အခြေအနေ (၃) မျိုးဖြစ်ပါတယ်။

ပန်းပွင့်လေးလန်းဆန်းလှပကြာရှည်ခံဖို့က သူ့ကိုယူလာတဲ့မိခင်အပင်နဲ့ဆိုင်ပါတယ်။ မိခင်ပင်လေးက အစာအဟာရကောင်းကောင်းလုံလောက်ခဲ့ရဲ့လား? မိခင်ပင်လေးက ရေပုံမှန်ရခဲ့ရဲ့လား? ပိုးမွှားရောဂါ ကာကွယ်ခဲ့ရဲ့လား? စသဖြင့် မရိတ်သိမ်းခင် လုပ်ငန်းများ ( preharvest practices) ကအရေးပါပါတယ်။

အဲ့အချက်တွေအကုန်ပြည့်စုံတယ်ဆိုရင် ရပြီလားလာလို့ဆိုလာရင်လည်း မရသေးဘူးရှင့်။

  • ပထမအချက်အနေနဲ့ ပန်းခူးတော့မယ်ဆိုရင် သူ့ရဲ့အခူးသင့်ဆုံးအချိန်ကိုသိနေရပါမယ်။ နှင်းဆီပန်းအချင်းချင်းတောင် အရောင်ပေါ်မူတည်ပြီး ခူးသင့်တဲ့အချိန်မတူဘူးရှင့်။
  • အနီရောင်နှင်းဆီမှာ ပန်းရဲ့ပွင့်ဖတ် အစိမ်းလေးတွေ ၉၀ ဒီဂရီနားလောက် လန်ကျနေမှခူးရပါမယ်။
  • အဖြူရောင်နှင်းဆီမှာ ပွင့်ဖတ်အစိမ်းလေးတွေ ၉၀ ဒီဂရီအောင်လန်ကျနေမှခူးရမယ် မဟုတ်ရင် ပန်းကမပွင့်လာတော့ပဲ အဖူးအတိုင်းညှိုးသွားတတ်ပါတယ်။
  • အဝါရောင်နှင်းဆီ ပွင့်ဖတ်လေးကတော့ နည်းနည်းအာပီဆို ခူးလို့ရပါတယ်။ သူကပွင့်လွယ်ဆုံးပါပဲ။ ဒါကြောင့်အစောခူးရပါတယ်။

ဒီအချက်တွေကိုတော့ ရိတ်သိမ်းချိန် အညွှန်းကိန်း ( Maturity index) လို့ခေါ်ပါတယ်။

ပန်းလေးတွေရဲ့မျိုးအပေါ်မူတည်ပြီး ခူးဆွတ်သင့်တဲ့ အဆင့်လေးတွေသိဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ပို့ဆောင်ရမယ့် ခရီးအကွာအဝေးကိုလည်းထည့် သွင်းစဉ်းစားပြီး ခရီးဝေးရင် စောခူးသင့်ပြီး ပို့ဆောင်ရမယ့်နေရာကနီးရင်တော့ သူရဲ့မှန်ကန်တဲ့ ခူးဆွတ်ရမယ့် အချိန်အတိုင်းပဲ ခူးသင့်ပါတယ်။

မှန်ကန်တဲ့ခူးရမယ့်အချိန်ကိုသိပြီဆိုရင်တော့ ဒုတိယအနေနဲ့ဂရုစိုက်ရမယ့်အချက်ကတော့ ပန်းလေးတွေကို ဘယ်လိုခူးမှာလဲဆိုတာပါပဲ။ အလွယ်တကူ လက်နဲ့လိမ်ချိုးခူးမလား? ကတ်ကြေးထက်ထက်လေးနဲ့ အပင်မနာအောင်ခူးမလား? တွေးရမယ့်အပိုင်းပါ။

အကောင်းဆုံးကတော့ ပန်းရဲ့ရိုးတံလေးလည်းမထိခိုက်အောင် ကျန်ခဲ့တဲ့အပင်လေးလည်းမနာအောင် ကတ်ကြေးထက်ထက် ဓားထက်ထက်ဖြင့်သာ ခူးသင့်ပါတယ်ရှင်။

ဒါတင်ပဲလားဆိုတော့ တတိယအချက်ရှိသေးတယ်ရှင့်။ ဘယ်အချိန်ခူးမလဲ? ဆိုတာပါပဲ။

မနက် အစောလေး နေအေးချိန် ခူးမလား? နေ့လည်နေပူချိန်ခူးမလား? ညနေနေအေးချိန်ခူးမလား? စသည်ဖြင့် ခူးလာတဲ့ ပန်းလေးတွေကိုလည်း နေရိပ်ထဲ ထားမလား? နေပူထဲထားမလား? ရေစိမ်မလား? စျေးမှာ ရေစိုအဝတ်လေး ပတ်ထားမလား? ရေစိမ်မလား? ရေတောက်မလား? စသဖြင့် ဂရုစိုက်ရမယ့်အချက်တွေ အများကြီး ရှိပါတယ်။

အကောင်းဆုံး ခူးဆွတ်သင့်တဲ့ အချိန်ကတော့ နေအေးနေတဲ့ မနက်ခင်း ညနေခင်းတို့ ဖြစ်ပါတယ်။ မနက်စောစောခူးဆွတ်ခြင်းကိုတော့ ပိုပြီးလုပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပန်းခူးပြီးတာနဲ့ နောက်ပိုင်း လုပ်ငန်းတွေဖြစ်တဲ့ ပန်းရွေးခြင်း၊ ပန်းစည်းခြင်း၊ ပို့ဆောင်ခြင်းတွေလုပ်ရမှာဖြစ်တဲ့အတွက် မနက် အစောခူးခြင်းက ပန်းလေးတွေအတွက် ဈေးကွက်မပို့ခင် လုပ်ဆောင်ရမယ့်လုပ်ငန်းလုပ်ဖို့ အချိန်လုံလောက် စွာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ရိတ်သိမ်းနေစဉ် ကာလတလျှောက် ဒီ အချက် (၃) ချက်ကိုတော့ သေချာဂရုစိုက် ပေးနိုင်မယ်ဆိုရင်ဖြင့် ပန်းလေးတွေ ကြာရှည်ခံနိုင်ဖို့ အများကြီးအထောက်အကူဖြစ် မှာဖြစ်ပါတယ်။

ရိတ်သိမ်းပြီး နောက်ပိုင်းမှာတော့ ပန်းရဲ့အရည်အသွေးပေါ်လွှမ်းမိုးနေတဲ့အချက်တွေ အများကြီး ရှိပါတယ်။ Respiratory substrate လို့ခေါ်တဲ့ သူ့မှာ အစာ (Carbohydrate) ဘယ်လောက်ပါသလဲ? ပန်းအဖူးရဲ့အရွယ်အစား၊ အရွက်အရွယ်အစား၊ ရိုးတံရဲ့တောင့်တင်းမှု ကိုကြည့်ပြီး သိနိုင်ပါတယ်။ အစာနည်းနေရင် သကြားထည့်သုံးလို့ရပါတယ်။ နောက်ပြီး ရေစုပ်ယူနိုင်မှု (Water uptake) ကောင်းအောင် ပန်းရဲ့ရိုးတံအခြေကို ၄၅ ဒီဂရီခန့် ရေစုပ်ယူမယ့်မျက်နှာပြင်ဧရိယာပိုကျယ်အောင် စောင်းဖြတ်သင့်ပါတယ်။

ဖြတ်တဲ့အခါမှာလည်း ပန်းရဲ့ရိုးတံမှာ လေမခိုအောင် ရေအောက်ထဲမှာ စောင်းပြီးဖြတ်သင့်ပါတယ်။ လေခိုနေရင် ပန်းရဲ့ရိုးတံဟာ ရေကိုမစုပ်နိုင်ဘဲ ပန်းလေးဟာကြာရှည်မခံနိုင်တော့ပါဘူး။ ပန်းတွေရဲ့အရွက်မှ ရေဆုံးရှုံးမှု (transpiration) ရှိနိုင်တာကြောင့် ပန်းတွေခူးပြီးတဲ့အခါ အရွက်လေးတွေကို ခြွေပေးဖို့ လိုအပ်ပါတယ်။ ဥပမာ နှင်းဆီပန်းလေးတွေမှာ အပေါ်ဆုံးအရွက် (၃) ရွက်ပဲချန်ထားပေးခြင်းဖြင့် အရွက်များမှ ရေဆုံးရှုံးမှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

နောက်ထပ်ထည့်သွင်းစဉ်းစားရမှာကတော့ ဖြတ်ပန်းတွေရဲ့ အရည်အသွေးတွေကို ထိခိုက်စေတဲ့ ပန်းကွေးမှု (Tropic response)ဖြစ်ပါတယ်။ ဥပမာ သစ္စာပန်းဆို လှဲထားလို့ မရဘူး ထောင်ထားသင့်တယ်။ ကွေးကောက်ကုန်ရင် ပန်းရဲ့အရည်အသွေးကျပြီး ဈေးကောင်းမရ ဖြစ်တတ်လို့ပါ။ 

အခုပြောပြသွားတာကတော့ စိုက်ပျိုးသူများနဲ့ သက်ဆိုင်တာကတော့ စိုက်ပျိုးနေစဉ်ကာလ၊ရိတ်သိမ်းချိန်ကာလတွေမှာ ထည့်သွင်းစဉ်စား လိုက်နာရမယ့် အချက်များဖြစ်ပါတယ်။

ရိတ်သိမ်းချိန်လွန်ကာလကတော့(ပန်းအသုံးပြုသူများနှင်သက်ဆိုင်ပါတယ်)နဲ့ ပတ်သက်ပြီးတော့ အပိုင်း (၂) မှာဆက်လက်ပြောပြသွားပါ့မယ်ရှင်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်