မြူဆိုင်းတာရယ်၊ လေထုညစ်ညမ်းတာရယ် တိမ်အနိမ့်ဖြစ်တာရယ် ဒီ ၃ မျိုးကို လေလုံးမကွဲသေးတဲ့သူတွေများနေသေးတာကြောင့် ရှင်းပြပေးပါမယ်။
📝 "မြူဆိုင်းခြင်း" ဆိုသည်မှာ လေထုအတွင်းမှ ရေခိုးရေငွေ့များက သေးငယ်လွန်းလှသော ရေစက်လေးများအဖြစ်ပြောင်းလဲကာ မြူဆိုင်းခြင်း ဟု ခေါ်သော မိုးလေဝသအခြေအနေတစ်ခုဖြစ်လာသည်။ များသောအားဖြင့် နံနက်အစောပိုင်း ၄ နာရီ ခန့်မှ စတင်ဖြစ်ပေါ်ပြီး၊ မြူထုထူထပ်သည့်(Thick Fog)ဖြစ်ပေါ်သည့်အခါ နံနက် ၈ နာရီ ၉ နာရီခန့်အထိ ဆက်လက်ဖြစ်ပေါ်နေတတ်သည်။
မြူဆိုင်းသည့်အခြေအနေဖြစ်ပေါ်ရန်
📝 လေထုအပူချိန်ကျဆင်းပြီး အေးမြလာရန်လိုသည်။ လေထုအပူချိန်သည် ငွေ့ရည်ဖွဲ့အမှတ်(Dew-Point)သို့ ရောက်ရှိလာရန်လည်းလိုအပ်သည်။ လေထုအပူချိန် Dew Point အပူချိန်သို့ရောက်ရှိသည့်အခါ ရေခိုးရေငွေ့များအသွင်ကို ဆက်လက်၍ထိန်းသိမ်းထားနိုင်စွမ်းလျော့ကျပြီး ရေမှုန်လေးများအဖြစ်ပြောင်းလဲလာသည်။ ဤအခြေအနေတွင် လေထုစိုထိုင်းဆ(Humidity)သည်လည်း မြင့်မားလာသည်။
📝 ညဘက်အပူချိန်ကျဆင်းကာ အေးမြသည့် အပူချိန်ဖြစ်ပေါ်ပြီးနောက် နံနက်အစောပိုင်းနေရောင်ခြည်ကြောင့် အနည်းငယ်ပူနွေးလာသည့်အခါ လေထုစိုထိုင်းဆ humidity မြင့်တက်ပြီး ရေခိုးရေငွေ့များကို ပိုမိုထိန်းသိမ်းထားနိုင်သော်လည်း အေးမြသည့် မြေပြင်နှင့်လေထုလွှာတို့ကြောင့် ရေမှုန်များအဖြစ်ပြောင်းလဲသွားပြီး မြူဆိုင်းခြင်းဖြစ်ပေါ်သည်။
📝 မြူဆိုင်းသည့်အခါ လေထုအတွင်းရေမှုန်များပါဝင်နေသဖြင့် အဝေးမြင်စွမ်း(Visibility)လည်းကျဆင်းလာသည်။
မြူဆိုင်းခြင်း(Fog Weather)ကို အင်္ဂလိပ်ဘာသာတွင် ဤသို့ ဝေါဟာရခွဲခြားသတ်မှတ်ထားပြီးမြန်မာလိုအနီးစပ်ဆုံးဘာသာပြန်ထားပါသည်။
🌨 Radiation Fog: ညအချိန်တွင်တွေ့မြင်ရပြီး မြေပြင်အပူချိန်ကျဆင်းသည့်အခါ မြေပြင်နှင့်နီးကပ်သည့်လေထုအတွင်းမှ ရေခိုးရေငွေ့များ ရေမှုန်လေးများအဖြစ်ပြောင်းလဲကာ မြူဆိုင်းခြင်းဖြစ်ပေါ်သည်။
🌨 Advection Fog: ရေခိုးရေငွေ့ကြွယ်ဝသည့် လေထုသည် အဆောက်အဦ၊ သစ်ပင်၊ ကန်ရေပြင် စသည့် အေးမြသည့်မျက်နှာပြင်တခုအပေါ်ဖြတ်သန်းသည့်အခါ ရေမှုန်လေးများအဖြစ်ပြောင်းလဲပြီး မြူဆိုင်းလာခြင်းဖြစ်သည်။
🌨 Upslope Fog: ရေခိုးရေငွေ့ကြွယ်ဝသည့်လေထုသည် ကုန်းစောင်း/ကုန်းမြင့်တခုသို့ တိုးဝင်တိုက်ခတ်သည့်အခါ လေထုအမြင့်သို့ရွေ့လျားလေ အေးလေဖြစ်လာပြီး ပါဝင်သည့် ရေခိုးရေငွေ့များ ရေမှုန်များအဖြစ်ပြောင်းလဲကာ မြူဆိုင်းခြင်းဖြစ်လာသည်။
🌨 Evaporation Fog: ပူနွေးသောရေပြင်ပေါ်သို့ အေးမြသည့်လေထုဖြတ်သန်းတိုက်ခတ်သည့်အခါ ရေပြင်မှ ရေခိုးရေငွေ့ အငွေ့ပျံပြီးနောက် ငွေ့ရည်ဖွဲ့အမှတ်(Dew-point) နှင့်တိုက်ဆိုင်သည့်အခါ ကန်ရေပြင်ပေါ်ကပ်၍ မြူဆိုင်းခြင်းဖြစ်ပေါ်သည်။
🌨 Topography Fog: တောင်ကြားဒေသများသည် လေထုအအေးလွှာကို ထိန်းသိမ်းထားနိုင်ပြီး မြူဆိုင်းသည့်အခြေအနေကို မြင့်မားလာစေသည်။ နံနက်အစောပိုင်းနှင့် ညနေပိုင်းအေးလာသည့်အခါ တောင်ကြား/ချိုင့်ဝှမ်းဒေသများပေါ်တွင် မြူဆိုင်းခြင်းဖြစ်ပေါ်သည်။
📝 တိမ်အနိမ့်(Low Clouds)များဖြစ်ပေါ်ခြင်းနှင့် မြူဆိုင်းခြင်းဘယ်လို ကွာခြားသလဲ?
တောင်ပေါ်ဒေသများတွင် နေထိုင်သူတို့ ဆောင်းရာသီနှင့်နွေဦးကာလအတွင်း တောင်ပေါ်သို့တက်သွားပြီးနောက် ပင်လယ်သဖွယ်ဖြစ်ပေါ်လျက်ရှိသည့် တိမ်ထုအလွှာကြီးကို မိမိရောက်ရှိနေသည့် အမြင့်ပေအောက်တွင် တွေရတတ်သည်။ ဤသည်ကို မြန်မာတို့က "တိမ်ပင်လယ်"ဟု တင်စားခေါ်ဝေါ်ကြ၏။
📝 တိမ်အနိမ့်-low clouds သည် များသောအားဖြင့် အမြင့် မီတာ ၂၀၀၀(ပေ ၆၅၀၀)အောက်၊ မြေပြင်နှင့်အလွန်နီးကပ်သည်အထိ ဖြစ်ပေါ်လေ့ရှိသည်။ ဤအမြင့်ပေတွင် ဖြစ်ပေါ်တတ်သည့် တိမ်အမျိုးအစားများကို Stratus, Straocumulus နှင့် Nimbostratus တိမ်များဟုခေါ်ကြသည်။ တိမ်အနိမ့်ဖြစ်ပေါ်သည့်အခါ မြေပြင်နှင့်အလွန်နီးကပ်သောအခါတွင် မြူဆိုင်းခြင်း(Fog)နှင့်ရောထွေးသွားတတ်လေသည်။
တိမ်အနိမ့်ဖြစ်ပေါ်ခြင်းနှင့် မြူဆိုင်းခြင်းတို့အား အောက်ပါအတိုင်းနှိုင်းယှဉ်ကြည့်နိုင်သည်။
📝 တိမ်အနိမ့်ဖြစ်ပေါ်ခြင်းသည် အမြင့်ပေ ၆၅၀၀ မှ မြေပြင်အထိဖြစ်ပေါ်နိုင်ပြီး မြူဆိုင်းခြင်းသည့် မြေပြင်အနီးကပ်၍ဖြစ်ပေါ်သည်။
📝 တိမ်အနိမ့်များသည် မြင်စွမ်းကျဆင်းခြင်း ပြောင်းလဲမှုရှိသော်လည်းများသောအားဖြင့် ကောင်းသည်၊ "မြူဆိုင်းခြင်း"တွင် အဝေးမြင်စွမ်း ၁ ကီလိုမီတာထက်လျော့နည်းပြီး အများအားဖြင့် အဝေးမြင်စွမ်းမကောင်းပေ။
📝 တိမ်အနိမ့်များကို Stratus, Stratocumulus တိမ်များအဖြစ်သတ်မှတ်ခေါ်ဝေါ်သော်လည်း၊ မြူဆိုင်းခြင်း ကို Radiation, Advection(Advection is the process by which an air mass moves horizontally, carrying heat, moisture, or other properties with it.)ဟု အဓိပ္ပာယ်ဖွင့်ထားသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ

Aqua ဘူစတာ

Aqua ကယ်လဆီယမ်
