ရေချိုပုစွန်တုပ်၏ သဘောသဘာဝ

20/09/2024 13:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ရေချိုပုစွန်တုပ်ကြီးများကို မြန်မာနိုင်ငံတွင် ရေချိုရေငန်စပ်ဒေသဖြစ်သော မြစ်ဝကျွန်းပေါ်ဒေသများနှင့် ယင်းဒေသများနှင့် နီးစပ်ဆက်သွယ်နေသော ရေချိုမြစ်ချောင်း၊ အင်းအိုင်များတွင် အများအပြားတွေ့ရှိရပါသည်။ ရေချိုပုစွန်တုပ်ကြီးမျိုးစိတ်ပါဝင်လျက်ရှိသော မျိုးစုတွင် မျိုးစိတ်ပေါင်း ၂၀၀ ခန့်ရှိပြီး ကမ္ဘာ့အပူပိုင်းဒေသများတွင် ပျံ့နှံ့ကျက်စားလျက်ရှိပါသည်။ ၄င်းမျိုးစိတ်များအနက် မြန်မာနိုင်ငံတွင် မျိုးစိတ် (၂၅)ခုခန့်ရှိကြောင်း သိရှိရပါသည်။ ၄င်းမျိုးစိတ်များအနက် ရေချိုပုစွန်တုပ်ကြီးသည် အရွယ်အစားကြီးမားပြီး ကြီးထွားမှုကောင်းမွန်သောကြောင့် မွေးမြူရေးလုပ်ငန်းတွင် အသုံးပြုခြင်း ဖြစ်ပါသည်။

ရေချိုပုစွန်တုပ်ကြီးမျိုးရင်း Macrobrachium ကို ကမ္ဘာအရပ်ရပ်ရှိ အပူပိုင်းနှင့် သမပိုင်းဒေသတို့၌ တွေ့ရှိရသည်။ သို့ရာတွင် Macrobrachium မျိုးစိတ်ကိုမူ သီရိလင်္ကာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ တောင်ပိုင်းတရုတ်ပြည်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ သြစတေးလျမြောက်ပိုင်းဒေသတို့၏ ကမ်းရိုးတန်းတလျှောက် အင်း၊ အိုင်၊ ချောင်း၊ မြောင်းတို့၌ သဘာဝအလျောက် တွေ့ရှိရ၏။ သို့ရာတွင် ယခုအခါ စီးပွားရေးအရ အလွန်တွက်ချေကိုက်သော မျိုးစိတ်တစ်မျိုးဖြစ်နေ၍ နိုင်ငံတော်တော်များများ၌ တွင်ကျယ်စွာ မွေးမြူလျက်ရှိကြသည်။

ပုံသဏ္ဌာန်

ရေချိုပုစွန်တုပ်ကြီး၏ ဦးချိုအပေါ်ဘက်တွင် အသွား(၁၁ ခု မှ ၁၄ ခု)အထိ ရှိပြီး အောက်ဘက်တွင်အသွား(၈ ခုမှ ၁၃ ခု)သာ ရှိခြင်းသည် အခြားသော ရေချိုပုစွန်မျိုးစိတ်များနှင့် အဓိကကွာခြားသော အချက် ဖြစ်ပါသည်။ 

ရေချိုပုစွန်တုပ်သည် ခြေ၊ လက်(၅)စုံပါသော အခွံမာရေနေသတ္တဝါ(decapods crustaceans)များဖြစ်ကြပြီး ရှည်လျားသော ဦးမှင်အင်္ဂါ(၂)ခုမှာ ယင်းတို့၏ဦးခေါင်းထိပ်တွင် ရှိကြပါသည်။ ပုစွန်မျိုးစိတ်များမှာ အမြီးရှည်ရှည်နှင့် မျက်လုံးပြူးသည့်ရေသတ္တဝါလည်း ဖြစ်ပေသည်။ တစ်မူထူးခြားသည်မှာ ရေချိုပုစွန်တုပ်၏ သွေးအရောင်မှာ နက်ပြာရောင် ဖြစ်နေပါသည်။

ကမ္ဘာပေါ်တွင် ပုစွန်တုပ်မျိုးစိတ်ပေါင်း ၂၀၀ ခန့်ရှိကြပြီး Macrobrachium Rosenbergii မျိုးစိတ်သည်အကြီးမားဆုံးဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း တွေ့ရှိရပါသည်။ အမြင့်ဆုံးအလျား (၂၉-၃၃) စင်တီမီတာထိ ရှိကြပါသည်။ ပုစွန်တုပ်မှာလည်း ကဏန်းကဲ့သို့ပင် ခြေ၊ လက် (၅) စုံပါပြီး ပထမအစုံကို ‘လက်မ’ဟု ခေါ်သည်။ လက်မ (၁) ဖက်မှာ ကြီး၍ တုံးသောသွားများပါရှိကာ ယင်းလက်မဖြင့် မိမိ၏ အစာကို ကြိတ်ချေကြသည်။ ကျန်လက်မတစ်ဖက်မှာ သေးငယ်၍ ချွန်ထက်သော သွားများပါရှိကာ အစာကို ကိုက်ဖြတ်ရန် အသုံးပြုကြသည်။ ပုစွန်တုပ်များမှာ အစုံစား (omnivorous) များဖြစ်ကြ၍ ခရု၊ ကမာ၊ ရေမှော်၊ ပုစွန်ငယ်စသည်တို့ကို ၄င်းတို့၏ အစာအဖြစ်စားသုံးကြပါသည်။

ရေချိုပုစွန်တုပ်ကြီး၏ ခန္ဓာဗေဒအချက်အလက်များ 

ရေချိုပုစွန်တုပ်သည် နှစ်ပေထိပင် ရှည်တတ်သည်။ အချို့ ပုစွန်တုပ်ကြီးများမှာ ၃၅ ပေါင်အထိပင်အချိန်စီးတတ်သည်။ ကိုယ်ပေါ်တွင် အပြာရောင်ခပ်ပြောင်ပြောင် အခွံမာ ဖုံးအုပ်နေသည်။ အမြီးမူကား ယပ်တောင်သဖွယ် ကားနေသည်။ ကိုယ်ထည်မှာ လုံးနေပြီး အစိတ်အပိုင်း(၆)ခု ဆက်စပ်ထားသကဲ့သို့ ဖြစ်နေသည်။ ဦးခေါင်းထိပ်တွင် ရှည်လျားသော အမှင်အင်္ဂါ ၂ ခုရှိသည်။ 

ပုစွန်တုပ်သည် တသက်လုံး ဤအခွံနှင့်ချည်း နေသွားသည် မဟုတ်ချေ။ မကြာခဏ အခွံလဲသည်။ ပထမ တစ်နှစ်သားအတွင်း ၁၄ ကြိမ်မှ ၁၇ ကြိမ်အထိ အခွံလဲသည်။ နောက်ကြီးသောအခါ တနှစ် တကြိမ် လဲသည်။ ပုစွန်တုပ်သည် အခွံလဲတော့မည်ရှိသောအခါ ကဏန်းကဲ့သို့ပင် လုံခြုံစိတ်ချရသော နေရာကောင်းတစ်ခုကို မရအရ ရှာဖွေစမြဲ ဖြစ်သည်။ သူ၏ ရှည်လျားသော အမှင်အင်္ဂါဖြင့် တွေ့သမျှ အပေါက်များအထဲသို့ ထိုးသွင်းစမ်းသပ်ခြင်းဖြင့် သင့်တော်မည့် အပေါက်၊ သို့မဟုတ် "တွင်း"ကို ရှာဖွေ

သည်။ ထိုးစမ်းကြည့်သော အပေါက်ထဲတွင် မည်သည့်ဘေးအန္တရာယ်မျှ မရှိဟူ၍ စိတ်ချလောက်မှ တွင်းအောင်းခြင်းအမှုကို ပြုလေသည်။တွင်းအောင်းယင်းပင် ပုစွန်တုပ်သည် အပြင်းအထန် တွန့်လိမ်လှုပ်ရှားကာ အရေခွံလဲရသည်။ အရေခွံလဲရသည်မှာ အခွံမာကြီးများကို ကိုယ်ပေါ်မှ ပြုတ်ထွက်သွားအောင် အပြင်းအထန်ကြိုးပမ်းရသည်ဖြစ်ရာ အားကုန်ပင်ပန်းလှသည်ဖြစ်သောကြောင့် ပုစွန်တုပ်သည် အခွံကျွတ်သည့်အခါ ခေတ္တမျှ မလှုပ်မယှက်နိုင်ဘဲ မေ့မြော၍ပင် သွားရှာတတ်သည်။ သို့သော် အသစ်ပေါ်ပေါက်လာသော အရေခွံ အတန်ငယ်မာလာသည်နှင့် တပြိုင်နက် အင်အားတဖန် ပြန်လည်ပြည့်ဝလာလေသည်။ အရေခွံဟောင်းကွာ၍ အခွံသစ် မာကျောလာခြင်းမရှိမီအချိန်တွင် ရန်သူတို့ကို အထူးသတိထား၍ နေကြရသည်။

ပုစွန်တုပ်သည်ရေထဲတွင် ယက်ကာယက်ကာဖြင့် လေးလေးမှန်မှန် သွားလေ့ရှိသည်။ သို့ရာတွင် တစုံတရာ အရေးကြီးသော ကိစ္စကြုံလာလျှင် ရေထဲသို့ လျင်မြန်သော အရှိန်ဖြင့် နောက်ပြန် ပစ်ကူးလေ့ရှိသည်။ တစ်ခါတရံ ခပ်ကျဲကျဲသွား၍ တချက်တချက် ခုန်တတ်သေးသည်။ သွားရာနေရာ၌ တွင်းများတွေ့လျှင် သူ၏လက်မကြီးဖြင့် နှိုက်စမ်းကြည့်တတ်သည်။ ရန်သူကိုတွေ့ပါက လက်မဖြင့် ညှပ်ပစ်လေသည်။

ရွှံ့နွံထူထပ်သော နေရာမျိုးတွင် ပုစွန်တုပ်ကို တွေ့ရခဲသည်။ ယင်းတို့သည် ကျောက်တောင်ထူထပ်ပေါများသော ကမ်းခြေ ရေတိမ်ရာ နေရာများကို အထူးသဖြင့် ကြိုက်နှစ်သက်တတ်သော်လည်း ရေနက်ရာ အရပ်များတွင်လည်းတွေ့ရတတ်သည်။ အတ္တလန္တိတ်သမုဒ္ဒရာဖက်ရှိ အမေရိကန်ကမ်းခြေတလျှောက်တွင် တွေ့ရသော ပုစွန်တုပ်မျိုးသည် ကမ္ဘာပေါ်တွင် အကြီးဆုံးမျိုး ဖြစ်သည်။ ဥရောပတိုက် ကမ်းခြေတလျှောက်တွင် တွေ့ရသော ပုစွန်တုပ်မျိုးမှာမူ အမေရိကန် ပုစွန်ထုပ်လောက် မကြီးချေ။ ပင်လယ်ပုစွန်ထုပ်မျိုးတွင် အာဖရိကတိုက် ဂွတ်ဟုတ်အငူ ကမ်းခြေတွင် တွေ့ရသော ပုစွန်တုပ်မျိုးသည် အငယ်ဆုံးဖြစ်သည်။ နိုင်ငံအရပ်ရပ်ရှိ မြစ်ချောင်းတို့မှဖမ်းယူရရှိသော ရေချိုပုစွန်တုပ်တို့မှာမူ အကြီးဆုံး ၈လက်မခန့်သာ ရှိလေသည်။

ရေချိုပုစွန်တုပ်ကြီး အခွံလဲခြင်းသဘာဝ

ရေချိုပုစွန်တုပ်ကြီးသည် အခြားပုစွန်များ (ပြင်ပအခွံမာရှိသော ပုစွန်သဏ္ဌာန် သတ္တဝါ)များကဲ့သို့ ပင် ကြီးထွားမှုတွင် ပြင်ပအခွံအား အခါအားလျော်စွာ လဲသောအလေ့အထရှိပါသည်။ ဤကဲ့သို့ အခါအားလျော်စွာ အခွံလဲပေးမှသာလျှင် ယင်းတို့၏ ကိုယ်ခန္ဓာအရွယ်အစားနှင့် အလေးချိန် တဖြည်းဖြည်း ကြီးထွားလာနိုင်မည်ဖြစ်သည်။ ယင်းဖြစ်စဥ်ကို ပုံသွင်းခြင်း(Moulting)ဟု ခေါ်သည်။

ပုစွန်များသည် အစုံစားသတ္တ ဝါ (Omnivorous)ဖြစ်ပြီး အစာမဝသည့်အခါတွင်လည်းကောင်း၊ အစာအာဟာရမပြည့်ဝသည့်အခါတွင် လည်းကောင်း အရေခွံလဲခြင်းနှင့်ကြုံကြိုက်လျှင် အချင်းချင်းပြန်စားလေ့ရှိသည်။ အလင်းရောင်ကို ကြိုက်နှစ်သက်သော်လည်း တိုက်ရိုက်အလင်းရောင်ကို မကြိုက်နှစ်ပါ။

ရေချိုပုစွန်တုပ်ကြီးသည် အဓိကအားဖြင့် ကြီးထွားမှုတွင် အဆင့် ၄ ဆင့်ရှိပါသည်။ ၄င်းတို့မှာ ဥ၊ သားလောင်း၊ သားပေါက်နှင့် သက်ကြီးကောင်တို့ပင်ဖြစ်သည်။

မျိုးပွားခြင်း 

ရေချိုပုစွန်တုပ်ကြီးမျိုးဖြစ်သော်လည်း မျိုးပွားရာသီတွင် ရေချိုရေငန်စပ်ရှိရာ မြစ်ဝကျွန်းပေါ်သို့ သွားရောက်၍ မျိုးပွားကြသည်။ ရေချိုပုစွန်ထုပ်ကြီး၏ သက်တမ်း ‌၇ လမှ ၉ လအတွင်း အရွယ်ရောက်ပြီး မိတ်လိုက်ရန် ရှေးဦးစွာ အရေခွံလဲခြင်း ပြုလုပ်ရသည်။

အရွယ်ရောက်သည့် ပုစွန်အထီးနှင့်အမ မိတ်လိုက်ရန်အတွက် အထီး၏အရေခွံမှာ မာကျော၍ အမ၏ အရေခွံမှာ ပျော့ပျောင်းနေရသည်။ ဤကဲ့သို့ အမ၏အရေခွံပျော့ပျောင်းနေစေရန်အတွက် မိတ်မလိုက်မီအချိန်တွင် အမသည် အကြိုမိတ်လိုက်ခြင်းကိုပုံဖော်ခြင်း(Pre-mating moult)ကိုပြုလုပ်သည်။ အထီးနှင့် အမ မိတ်လိုက်သည့်အခါတွင် အမ၏ ကျောခွံ(Carapace) အောက်ပိုင်းရှိ ရင်ဘတ်ပိုင်း(Thoracic Region)တွင်ရှိသည့် သုပ်ပိုးလက်ခံမှု(sperm receptacle)၌ အထီး၏မျိုးရည်ကို ကျောက်ကျောကဲ့သို့ အရည်တစ်မျိုးဖြင့် တွယ်ကပ်စေ၏။ပုစွန်တုပ်ကြီးများသည် သဘာဝအားဖြင့် တစ်နှစ်ပတ်လုံး မိတ်လိုက်သည်။သို့သော် တခါတရံ မိတ်လိုက်မှုမြင့်မားခြင်းကို တွေ့ရသည်။မိတ်လိုက်ပြီး နာရီပိုင်းအနည်း ငယ်အကြာတွင် အမ၏ဥများကို ကျောခွံ(carapace) တွင်းမှ စစ်ထုတ်ပြီး သုက်ရည်နှင့် ရောနှောသန္ဓေ အောင်စေ၍ ဝမ်းဗိုက်အောက်အတွင်းရှိ ဥအိတ်တွင် ကျောက်ကျောကဲ့သို့ အရာဖြင့် တွယ်ကပ်ထားသည်။ သန္ဓေအောင်ပြီးဥများကို  အမသည် ရေယက်များဖြင့် သန့်စင်ပေးသည်။ ၄င်းဥများကို (၁၈)ရက်မှ(၂၁)ရက်ကြာသိုလှောင်ထားပြီး ဥစကပ်ချိန်တွင် လိမ္မော်ရောင်မှ လိမ္မော်ရင့်ရောင်သို့ ပြောင်းလာပြီး၊ ဥပေါက်ကာနီးအချိန်တွင် အညိုရင့်ရောင် ဖြစ်လာသည်။ 

ပုစွန်တုပ်အမ ဥ ဥနှုန်း

ပုစွန်တုပ်အမတစ်ကောင်၏ ဥ ချသော ဥ အရေအတွက်မှာ အရွယ်အစားပေါ်တွင် မူတည်သည်။ အရွယ်ရောက် ဥဆောင်အမတစ်ကောင်လျှင် ဥ(၁၀၀၀၀)မှ (၅၀၀၀၀)အထိ ဥချတတ်ပြီး၊ အကောင်ကြီးများတွင် ဥ(၁၀၀၀၀၀)နီးပါး ဥချတတ်သည်။ ပုစွန်အမသည် ရေယက်များကို လှုပ်ရှားခြင်းဖြင့် ဥများကို ဥချသည်။ ဥပေါက်ပြီး ဥ များ ကုန်ရန် တစ်ရက်မှ နှစ်ရက်ကြာတတ်သည်။ ယင်းဥများကို ဝမ်းဗိုက်ရှိ ရေကူးအင်္ဂါငယ်လေးများတွင် အမြဲကပ်နေအောင် သယ်ဆောင်ထားကြပါသည်။ ပုစွန်တုပ်ဝမ်းဗိုက်ရှိ ရေကူးအင်္ဂါငယ်များမှာ ပုစွန်တုပ်များရေကူးရာတွင် ၄င်းတို့လှော်တက်များသဖွယ် အသုံးပြုကြပါသည်။

ပုစွန်တုပ်အမမှာ ဥများကို (၁၁) လမျှကြာအောင် ၄င်းတို့ရေကူးအင်္ဂါငယ်များတွင် သယ်ဆောင်ထားစုပြီးနောက် ပုစွန်တုပ်ကလေးများ ပေါက်ဖွားလာကြပါသည်။ အများအားဖြင့် နွေဦးရာသီတွင် ပုစွန်တုပ်လေးများ ဥမှပေါက်လေ့ရှိကြပါသည်။ ပေါက်ခါစတွင် ပုစွန်တုပ်ကလေးများမှာ ၁ လက်မ ၄ ပုံ၁ ပုံခန့်သာ အရှည်ရှိကြပါသည်။ ဦးခေါင်းကြီး၍ အမြီးငယ်သည်။ ထိုမှစ၍ ပုစွန်တုပ်ကလေးများသည် အသက်ကြီးလာသည်နှင့်အမျှ တဖြည်းဖြည့် အရွယ်ကြီးလာပြီး အလေးချိန်လည်း စီးလာကြပါသည်။

ပုစွန်သားလောင်း၏သဘာဝ

ပုစွန်သားလောင်းသည် မျှောလှေး (planktonic) ဖြစ်၍ ရေစီးနှင့် မျောပါရာတွင် အကြီးသည် အပေါ်ပိုင်းတွင်နေသည်။ သားလောင်းများအသက်ရှင်ရန်အတွက် ရေငန်လိုအပ်သဖြင့် ရေချိုတွင်ပေါက်သောသားလောင်းများ ရေငန်သို့ ရက်အနည်းငယ်အတွင်း မရောက်ရှိပါက သေဆုံးကြရသည်။ သားလောင်းများ အသက်ရှင် ကြီးထွားနိုင်ရေးတွင် ရေအငန်နှုန်း 8 ppt မှ 15 ppt အတွင်း ယင်းအငန်နှုန်းဘောင်ပြင်ပသို့ ရောက်လျှင် ခံနိုင်မှုမရှိချေ။

ပုစွန်များသည် ကိုယ်ခန္ဓာကြီးထွားစေရန် အရေခွံလဲခြင်း ပြုလုပ်ရပြီး၊ သား လောင်းဘဝမှ သားပေါက်ဘဝပြောင်းလဲရန် အရေခွံလဲနှုန်း မြင့်မားသည်။ သက်ကြီးကောင်ဘဝတွင် အရေခွံလဲနှုန်း နည်းပါးသည်။ သားလောင်းဘဝမှ သားပေါက်ဘဝသို့ ပြောင်းလဲရန် သားလောင်းမွေးကန် (Hatchery) အတွင်း ရက်(၃၀)မှ (၅၀)ရက်အထိ ကြာတတ်သည်။ ရေအခြေအနေ၊ အပူချိန်နှင့် အာဟာရပေါ်မူတည်ပြီး သားပေါက်မှု နှေးခြင်း ၊ မြန်ခြင်း ရှိတတ်သည်။

သဘာဝတွင် အသက်ရှင်နှုန်းမှာ (၀.၁)ရာခိုင်နှုန်းသာရှိပြီး သားပေါက်ဖြစ်စတွင် ပျမ်းမျှ အလေးချိန် (၀.၀၁)ဂရမ်ရှိသည်။ ပျမ်းမျှအရွယ်အစားမှာ (၀.၆) စင်တီမီတာအရွယ် ရှိပါသည်။ အငန်နှုန်းရုတ်တရက်ပြောင်းလဲမှုကို ခံနိုင်သော်လည်း အပူချိန်ရုတ်တရက်ပြောင်းလဲမှု (Temperatuer Shock) လုံးဝခံနိုင်ခြေမရှိပါ။

အစာစားခြင်း အလေ့အထ

ပုစွန်သားလောင်းများသည် အစာကို ဆက်တိုက်စားသောက်ကြသည်။ သဘာဝတွင် အဓိကအားဖြင့် အကောင်မျှောလှေး(zooplankton)၊ သေးငယ်သည့် တုပ်ပြားကောင်၊သန်ကောင်များ(worms)နှင့် ရေနေကျောရိုးမဲ့သတ္တဝါများ၏ သားလောင်းများကို စားသောက်ကြသည်။

သားလောင်းအဆင့် ၁၁ ဆင့် ကူးပြောင်းကြီးထွားပြီး သားပေါက်အဆင့်သို့ ကူးပြောင်း၍ သက်ကြီး​ကောင်ကဲ့သို့ပင် အောက်ခြေတွင် တွားသွားသောအလေ့အထရှိလာသည်။ ရေချိုပုစွန်တုပ်ကြီး သားပေါက်သည် အငန်နှုန်း(saliny)ပြောင်းလဲမှုဒဏ်ကို ကြံ့ခိုင်နိုင်ရည်ရှိသည်။သားပေါက်များသည် ရေငန်မှရေချိုသို့ ဆန်တက်လာခြင်းကို သားပေါက်ဖြစ်သည့်နေ့မှ တစ်ပတ်မှ နှစ်ပတ်အရွယ်ရောက်သည်တွင် စတင်၍ ရေစီးကြမ်းသောဒီရေကို ဆန်တက်နိုင်ခြင်း၊ ကမ်းနံဘေးရှိ ကျောက်ဆောင်၊ ကျောက်ခဲများတွင် တွယ်၍တွားသွားခြင်းဖြင့် ရေချိုဘက်သို့ ကူးပြောင်းလာကြသည်။ စွတ်စို၍ စိုထိုင်းမှုများသည့် ရာသီဥတုအခြေအနေတွင် ပုစွန်များသည် ကုန်းပေါ်သို့ဖြတ်တက်လာကြ၍ လှုပ်ရှားမှုရှိကြသည်။

သက်ကြီးကောင်ပုစွန်များသည် အစုံစားသတ္တဝါဖြစ်၍ ၄င်းတို့သည် ရေနေအင်းဆက်ပိုးများ၊ ၄င်းတို့၏ သားလောင်းများ၊ ရေညှိရေမှော်၊ အစေ့အဆံ၊ အသီး၊ ကျောရိုးမဲ့ရေသတ္တဝါငယ်လေးများနှင့် အခွံမာရေသတ္တဝါများကို စားသောက်ကြသည်။ ထို့ပြင် ၄င်းတို့သည် အချင်းချင်း စားသောက်သည့် အလေ့အထလည်း ရှိကြသည်။ 

အထီး၊ အမ ခွဲခြားနည်း

ရေချိုပုစွန်တုပ်ကြီး အထီးများသည် ကြီးထွားမှုပိုမိုကောင်းမွန်သောကြောင့် အသက်တူအမများထက် ၂ ဆ မှ ၃ ဆ အထိ ပို၍ကြီးထွားနိုင်ပါသည်။ အထီးနှင့် အမများ၏ ကွဲပြားသော လက္ခဏာများအနက် အထီး၏ဒုတိယလမ်းလျှောက်ခြေထောက်သည် အမမှာထက် ပို၍ရှည်လျားခြင်း၊ အထီးများ၏ ပဥ္စမလမ်းလျှောက်ခြေထောက် ၂ ခုသည် အရင်း၌ ပူးကပ်နေသော်လည်း အမများ၏ ၄င်းခြေထောက်၂ ခု ကြား၌ ကွက်လပ်ဖြစ်နေခြင်းတို့မှာ သိသာထင်ရှားသော လက္ခဏာများ ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်