ဥယျာဉ်ခြံအတွင်း ထည့်သွင်းစိုက်ပျိုးသင့်သော ဆေးဖက်ဝင် အရွက်စားဂန္ဓမာပန်း

10/09/2021 18:15 PM တွင် အေးပွင့်ဖြူ အေးပွင့်ဖြူ မှ ရေးသား

    စာဖတ်သူများအနေဖြင့် ဂန္ဓမာပန်းဆိုရင် အရောင်အသွေးစုံလင်လှပတဲ့ ဂန္ဓမာပန်းတွေကို ပြေးမြင်မိကြမှာပါ။ အခုရေးသားဖော်ပြမယ့် Garland crysanthemum ကတော့ တစ်နှစ်ခံအရွက်စား ဂန္ဓမာပန်းဖြစ်ပြီး ဂျပန်နိုင်ငံမှာတော့ Shingiku၊ တရုတ်နိုင်ငံမှာတော့ Tung Ho လို့ခေါ်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အရွက်စားဂန္ဓမာကို တောင်အော် သို့မဟုတ် ဖတ်ချီဖိုးအမည်ဖြင့် သိရှိကြပြီး အတို့အမြှုပ်၊ ချဥ်ရည်၊ ဟော့ပေါ့ စသည်တို့မှာ အသုံးများပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်၍ အရသာရှိပြီး အိမ်မှာစိုက်ပျိုးရန်အလွယ်ကူဆုံး ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။  Garland crysanthemumက တခြား ဂန္ဓာမျိုးကွဲတွေနဲ့ဆင်တူပြီး အဝါရောင်ပန်းပွင့်လေးတွေ ပွင့်ပါတယ်။ အမြင့် ၃ ပေအထိကြီးထွားနိုင်ပြီး အရွက်နဲ့ပင်စည်တွေကို  အပင်အမြင့် ၁၂ လက်မထက်မကျော်စေဘဲ အပင်ငယ်စဉ်မှာ ခူးယူကြပါတယ်။ အရွက်စားဂန္ဓမာ၂ မျိုးရှိပြီး အရွက်ထူပြီး ပြန့်ကားသောမျိုးနှင့် သေးသွယ်၍ နူးညံ့သောမျိုးဖြစ်ပါတယ်။ သူ့ရဲ့သိပ္ပံနာမည်ကတော့ Glebionis coronaria ဖြစ်ပြီး ဂန္ဓမာ၊ မေမြို့မျိုးရင်းဖြစ်ပါတယ်။ မူရင်းဒေသကတော့ မြေထဲပင်လယ်ဒေသဖြစ်ပြီး အရှေ့အာရှဘက်မှာ ကျယ်ကျယ်ပြန့်ပြန် စိုက်ပျိုးကြပါတယ်။ Glebionis coronaria ကို အရွက်စား ဟင်းသီးဟင်းရွက်အဖြစ် စားသုံးကြပါတယ်။ 

အရွက်စားဂန္ဓမာ၏ အသုံးဝင်မှုများ

    အရွက်စားဂန္ဓမာက ဆေးဖက်ဝင်လှပါတယ်။ အရွက်စားဂန္ဓမာပင်က chlorogenic acid၊ carotene၊ iron၊ calcium၊ flavonoids၊ အင်တီအောက်စီဒင့်၊ ဗိုက်တာမင်များစွာနှင့် ပိုတက်စီယမ်ကြွယ်ဝပါတယ်။  အရွက်နှင့်ပန်းပွင့်ကို ဂန္ဓမာပန်းလက်ဖက်ခြောက်ပြုလုပ်ရန် အသုံးပြုပြီး ကိုယ်အလေးချိန်လျော့နည်းစေပြီး ကျောက်ကပ်၊ အဆုတ်၊ နှလုံးသွေးကြောနှင့် ပတ်သက်သော ရောဂါများကို ကာကွယ်ပေးပါတယ်။ နုသောပင်စည်၊ အရွက်များကို မချက်ပြုတ်ဘဲ အစိမ်းလည်း စားသုံးနိုင်ပါတယ်။ အရွက်စားဂန္ဓမာတွင် dioxin အဆိပ်တစ်မျိုးတွေ့ရသော်လည်း စားသုံးပေးခြင်းဖြင့် ခေါင်းကိုက် ခေါင်းမူးခြင်းကို သက်သာစေခြင်းအပြင် အမျိုးသမီးများတွင် အရေပြားချိုင့်ခြင်း၊ ဗိုက်ဖောင်းကာခြင်း၊ အရိုးဆုံးရှုံးခြင်းပြဿနာများကို ကာကွယ်ပေးနိုင်ပါတယ်။ အရွက်စားဂန္ဓမာသည် မုန်ညင်းရွက်ကဲ့သို့အရသာရှိပြီး ကြွတ်ရွ၍ ကိုရီးယား၊ တရုတ်နှင့် ဂျပန်ဟင်းလျားတွေချက်ပြုတ်ရာမှာ အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုကြပါတယ်။ စွပ်ပြုတ်၊  ဟော့ပေါ့၊ မွှေကြော်များတွင် အနံ့အရသာအတွက် အသုံးပြုကြပါတယ်။ အရွက်နဲ့ ပင်စည်သည်တမူထူးခြားသောအရသာရှိပြီး အနည်းငယ်ခါးသက်၍  အနံ့ကစူးရှရှရှိပါတယ်။ သူ့ကို အလှစိုက်ပန်းပင်အနေနဲ့လည်း စိုက်ပျိုးကြပါတယ်။ 

စိုက်ပျိုးခြင်း

    အရွက်စားဂန္ဓမာသည် အေးမြသောရာသီဥတုကို ကြိုက်နှစ်သက်သောအပင်ဖြစ်ပြီး စိုက်ပျိုးရန် လွယ်ကူပါတယ်။ ၎င်း၏အစေ့များသည် သေးငယ်ပြီး စိုက်ပျိုးရန်လွယ်ကူသောကြောင့် အညှောက်ဖောက်ရန်မလိုပဲ တိုက်ရိုက်အစေ့ချ စိုက်ပျိုးနိုင်ပါတယ်။

စိုက်ပျိုးမြေ

    အရွက်စားဂန္ဓမာက နေရောင်ကိုကြိုက်တဲ့အပင်ဖြစ်ပြီး ပူနွေးတဲ့လတွေမှာတော့ မွန်းလွဲပိုင်းမှာ အရိပ်ပေးရန် လိုအပ်ပါတယ်။ သူက ရေသွင်းရေထုတ်ကောင်းတဲ့ ​ဘယ်မြေမှာမဆို စိုက်ပျိုးနိုင်ပါတယ်။ အရမ်းခြောက်သွေ့သောအနေအထားကိုတော့  မကြိုက်နှစ်သက်ပါဘူး။ အတော်အသင့် ခြောက်သွေ့သောမြေ၊ စိုစွတ်သောမြေ၊ မြေချဥ်ငံကိန်း ၅.၃ မှ ၇.၃ ထိ စိုက်ပျိုးနိုင်ပါတယ်။ မြေဆီဩဇာကြွယ်ဝပြီး လေဝင်လေထွက်ကောင်း၍ စိုစွတ်သောမြေမှာစိုက်လျှင် အရွက်က ပို၍နူးညံပြီး အရသာပိုကောင်းပါတယ်။ ရာသီဥတုအခြေအနေတော်တော်များများမှာသင့်တော်ပြီး ကြီးမြန်တဲ့အပင်ဖြစ်ပါတယ်။ ရေသွင်းရေထုတ်ကောင်းရန်အတွက်  မြေကြီးထဲသို့ မြေဆွေးရော၍ ပြုပြင်ပေးသင့်ပါတယ်။ 

အပူချိန်

    အရွက်စားဂန္ဓမာကိုစိုက်ပျိုးရန် အကောင်းဆုံးအချိန်ကတော့ နွေဦးရာသီအစောပိုင်းနှင့် ဆောင်းရာသီအစောပိုင်းဖြစ်ပါတယ်။ အသင့်တော်ဆုံး အပူချိန်ကတော့ ၁၆°C - ၂၁°C ဖြစ်ပါတယ်။ အပူချိန် ၃၀°C ထိ ခံနိုင်ရည်ရှိသော်လည်း  အရမ်းပူတဲ့ရာသီမှာစိုက်ရင်တော့ အမျှင်ဓာတ်များလာခြင်း၊ ပိုခါးပြီး အရသာပျက်စေပါတယ်။

ပင်ကြားတန်းကြားအကွာအဝေး

    အစေ့များကို ၆ လက်မအကွာစိုက်၍ ရေလောင်းပေးပါ။ ၇ ရက်ကြာပြီနောက် အပင်ပေါက်လေးတွေကို စတင်တွေ့မြင်ရမှာဖြစ်ပါတယ်။ အကြီးမြန်တဲ့အပင်ဖြစ်ပြီး  အစေ့အညှောက်ပေါက်ပြီးနောက် ၁ လအကြာမှာ ၈ လက်မအထိ အပင်အမြင့်ရောက်နိုင်ပါတယ်။ အစေ့အနက် ၃ မီလီမီတာဖြင့်စိုက်ပျိုးပါ။ အပေါ်ယံမြေပါးပါးလေးသာအုပ်ပေးပါ။ 

ရေသွင်းခြင်း၊ မြေဩဇာကျွေးခြင်း

    ခြောက်သွေ့မှုကို ခံနိုင်ရည်မဲ့သောကြောင့် အပင်ကို ပုံမှန်ရေလောင်းပေးပါ။ အရွက်ကြီးထွားမှုကို အားပေးရန် ၁ လ ၁ ကြိမ် နိုက်ထရိုဂျင်အခြေခံသော မြေဩဇာအရည်ကိုဖျန်းပေးပါ။

အပင်ပြုစုစောင့်ရှောက်ခြင်း

    စိုက်ချိန်မှန်စိုက်ပျိုးပါက တစ်နှစ်လျှင် နှစ်ကြိမ်စိုက်ပျိုးနိုင်ပါတယ်။ ပိုးနဲ့ ရောဂါကျရောက်မှု မရှိသလောက်နည်းပါတယ်။ အခြားဟင်းသီးဟင်းရွက်များတွင် ဖလံ၊ ပျ၊ မွှားပင်ကူအန္တရာယ်မှ ကာကွယ်ရန် ပိုးပြေးစေသောအပင်အဖြစ်  အရွက်စားဂန္ဓမာကို စိုက်ပျိုးနိုင်ပါတယ်။ အရွက်ကို အဓိကစားသုံးသောကြောင့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး အသုံးပြုခြင်းရှောင်ရှားပါ။ စိုက်ခင်းတွင် လက်ပေါင်းလိုက်ပေးပါ။ ခရု၊ ပက်ကျိများ ဆိုးရွားစွာဖျက်ဆီးတတ်သဖြင့် ခရု၊ ပက်ကျိများကို လက်ဖြင့်ကောက်ယူဖျက်ဆီးပါ။

ခူးဆွတ်ခြင်း

    အရွက်စားဂန္ဓမာကို အစေ့အညှောက်ပေါက်ပြီးနောက် ၄ - ၇ ပတ်အတွင်း ခူးဆွတ်နိုင်သည်။ ကတ်ကြေးဖြင့် အပင်၏အလယ်ဗဟိုမှ ပင်စည်နုများကို ညှပ်ဖြတ်ပါ။ ဤနည်းသည် နောက်ထပ်အရွက်နုများထွက်လာစေရန် အားပေးပါတယ်။ အရွက်ခူးသောကာလ ရှည်ကြာရန် ပန်းပွင့်များ၊အဖူးများထွက်လာပါက ညှပ်ထုတ်ပစ်ပါ။ ပန်းပွင့်သည်နှင့်အမျှ ပင်စည်ရှည်ထွက်လာ၍ မာပြီး ခါးလာပါတယ်။ 

စားသုံးခြင်း

    အရွက်စားဂန္ဓမာသည် ခူးပြီးနောက် ချက်ချင်းစားသုံးခြင်းသည် အကောင်းဆုံးဖြစ်ပါတယ်။ ခူးပြီးနောက် အရွက်နှင့် ပင်စည်သည်  ညှိုးလွယ်ပြီး ကြွတ်ရွမှု၊ အနံ့အရသာဆုံးရှံးစေပါတယ်။ ချက်ချင်းမစားသုံးပါက  ရေခဲသေတ္တာထဲတွင် ၂ ရက်အထိ သိမ်းထားနိုင်ပါတယ်။ အရွက်စားဂန္ဓမာမှ ကျန်းမာရေးအကျိုးကျေးဇူး ပြည့်ပြည့်ဝဝရရှိရန် အချိန်အနည်းငယ်သာ ချက်ပြုတ်ပေးသင့်ပါတယ်။ 

ဘေးထွက်ဆိုးကျိုး

    တချို့သည် အရွက်စားဂန္ဓမာကို စားသုံးတဲ့အခါမှာ အစာအိမ်အောင့်ခြင်းကဲ့သို့  ဘေးထွက်ဆိုးကျိုး ခံစားရနိုင်ပါတယ်။ 

Reference

https://www.healwithfood.org/health-benefits/garland-chrysanthemum-leaves.php#ixzz75NBTGoas

https://www.diversivore.com/ingredient-pages/garland-chrysanthemum/

https://laidbackgardener.blog/2021/01/23/garland-chrysanthemum-ornamental-or-vegetable/

https://www.evergreenseeds.com/garland-chrysanthemum/


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်