မဲခေါင်မြစ်ထဲက ဖမ်းမိခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးရေချိုငါးကြီး

28/06/2022 15:30 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ကမ္ဘာ့အကြီးဆုံးရေချိုငါးကြီးကို ရှာဖွေတွေ့ရှိမှုဟာ သဘာဝ ထိခိုက်ပျက်စီးနေတဲ့ မဲခေါင်မြစ်ကြီးအတွက် မျှော်လင့်ချက် ဖြစ်ပေါ်စေပါတယ်။

'ဘိုရာမီ' လို့ အမည်ပေးထားတဲ့ ဧရာမငါးကြီးကို ချိန်ခွင်စကေးပေါ်တင်ကြတော့ အမျိုးသား ၁၂ ယောက်လောက် ဝိုင်းမခဲ့ရပါတယ်။ အလေးချိန် ကီလို ၃၀၀ နီးပါးရှိတဲ့ ဒီငါးလက်ထုံ ငါးမကြီးဟာ ဖမ်းဆီးချိန်တွယ် မိခဲ့ဖူးသမျှ ရေချိုငါးတွေထဲမှာ အကြီးဆုံးပါ။ 

ဒီငါးကြီးကို ကမ္ဘောဒီးယားတံငါသည်တစ်ယောက်က အရှေ့တောင်အာရှရဲ့ အရှည်လျားဆုံးဖြစ်တဲ့ မဲခေါင်မြစ်ထဲမှာ ဇွန်လ ၁၃ ရက်နေ့က ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ ဘိုရာမီဟာ ဒီနယ်မြေထဲမှာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ဖမ်းမိခဲ့တဲ့ ဧရာမငါးကြီးတွေအနက် လေးကောင်မြောက် ဖြစ်ပါတယ်။ ယခုတော့ ငါးကြီးကို ခြေရာခံအမှတ်အသားတွေ ပြုလုပ်ပြီးနောက် ငါးကြီးဟာ ရေထဲကို ပြန်လည်ကူးခတ်သွားခဲ့ပါပြီ။

ဒီလို ဧရာမငါးကြီးတစ်ကောင် ဖမ်းဆီးရမိခြင်းဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတွေအတွက် အားတက်စရာပါပဲ။ တိဘက်ကုန်းပြင်မြင့်ကနေ စတင်မြစ်ဖျားခံလာပြီး တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့ကို ဖြတ်သန်းစီးဆင်းတဲ့ မဲခေါင်မြစ်ဟာ ကမ္ဘာ့အခြားဒေသတွေထက် အမျိုးအစား ပိုစုံလင်တဲ့ ဧရာမရေချိုငါးကြီးတွေ မှီတင်းကျက်စားရာနေရာဖြစ်ပါတယ်။ ဒါပေမဲ့ ငါးကြီးတွေ ဒုက္ခကြုံနေရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း ဧရာမငါးကြီးတွေ အရေအတွက်ဟာ ၉၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

ရေကာတာတွေက ပြဿနာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ မဲခေါင်နဲ့ မြစ်လက်တက်တွေပေါ်မှာ ရေကာတာပေါင်း ၁၄၀ ကျော် ဆောက်လုပ်ထားပြီး ဒေသရဲ့ ပိုတိုးလာတဲ့ လျှစ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေရပါတယ်။ နောက်ထပ်လည်း ရေကာတာပေါင်း ဒါဇင်နဲ့ချီ ဆောက်လက်စ ရှိနေပါတယ်။ ရေကာတာတွေဟာ မြစ်အတွင်းရှိ ရေနဲ့ အာဟာရဓာတ် ပါဝင်မှုနဲ့ အရည်အသွေးကို ပြောင်းလဲစေတယ်။ ငါးတွေ ဒေသပြောင်းရွှေ့ကျက်စားတာကိုလည်း ဟန့်တားပိတ်ဆို့နိုင်ပါတယ်။

 

မိုးလေဝသပုံစံတွေ ပြောင်းလဲလာတာကလည်း တစ်မှောင့်ပါ။ စွတ်စိုတဲ့ရာသီဟာ အရင်တုန်းကထက် တိုးတောင်းလာပြီး ရာသီအဝင်လည်း နောက်ကျလာတယ်လို့ Stimson Centre တွေးခေါ်မြော်မြင်ရေးအဖွဲ့ရဲ့ ပညာရှင် Courtney Weatherby က ပြောပါတယ်။ ၂၀၁၉ နဲ့ ၂၀၂၁ ခုနှစ်အတွင်း မဲခေါင်မြစ်ရေဟာ မှတ်တမ်းမှတ်ရာ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ နှစ် ၆၀ နောက်ပိုင်း အနိမ့်ကျဆုံး ရောက်ရှိခဲ့ပါတယ်။ ရေကာတာတွေ စီမံမှုညံ့ဖျင်းတာ၊ ရာသီဥတုဖောက်ပြန်တာနဲ့ ဒေသမိုးရေချိန်အပေါ် သက်ရောက်တဲ့ အယ်နီညိုရာသီဥတုပုံစံ ဖြစ်ပေါ်တာတွေကလည်း ပြဿနာကို အားပေးခဲ့တယ်လို့ သုံးသပ်ကြပါတယ်။

အခုမိတဲ့ ငါးကြီး ဘိုရာမီဟာ အကောင်ကလည်း ဧရာမ၊ အရှင်လည်းမိထားတာဖြစ်တယ်။ ဒါက ဘာကို ပြသလဲဆိုတော့ မြစ်ရဲ့ အကွက်အကွင်းအချို့ဟာ သဘာဝမပျက်အောင် တောင့်ခံထားနိုင်သေးတယ်၊ ကာကွယ်သင့်ကာကွယ်ထိုက်တယ် ဆိုတာကိုပါ။ 

ငါးမကြီးကို တွေ့ရှိမှုဟာ တံငါသည်နဲ့ သဘာဝပတ်ဝန်းကျင်ချစ်သူတွေကြား ဆက်ဆံရေး တိုးတက်လာတာကိုလည်း ညွှန်းဆိုပြနေပါတယ်။ တကယ်ဆို ဖမ်းမိတဲ့သူဟာ ငါးကြီးကို အစားအစာအဖြစ် ရောင်းပစ်လိုက်လို့ရပါတယ်။ အဲဒီလိုမလုပ်ဘဲ ဒေသတွင်းသဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအဖွဲ့ ဖြစ်တဲ့ Wonders of the Mekong ကို ဆက်သွယ်ခဲ့တယ်။ ဒီအဖွဲ့က တံငါသည်ကို ဒေါ်လာ ၆၀၀ ချီးမြှင့်ပြီး ဘိုရာမီကို အရှင်ရယူခဲ့ပါတယ်။ နောက်မှ ခြေရာခံအမှတ်အသား ပြုလုပ်ပြီး ပြန်လွှတ်ပေးလိုက်တာပါ။ မြစ်ရိုးတစ်လျှောက်က ရွာသားတွေကိုလည်း ငွေကြေးတစ်ချို့ပေးပြီး အမှတ်သညာပြုထားတဲ့ ငါးတွေဆီက အချက်ပြတွေကို ဖမ်းယူတဲ့ ရေဒီယိုစက်တွေကို ဝိုင်းဝန်းထိန်းသိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ပတ်ဝန်းကျင်ချစ်သူတွေဟာ ဘိုရာမီကို ခြေရာခံရာကတစ်ဆင့် မြစ်ရဲ့ ဘယ်အပိုင်းကို အဓိကထား ကာကွယ်ရမလဲ၊ ငါးကြီးတွေ မျိုးစပ်တဲ့နေရာ သားပေါက်တဲ့နေရာတွေက ဘယ်နေရာလဲ သိရှိလာမယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ ဧရာမငါးကြီးတွေဟာ ဧရာမရေကာတာတွေကြောင့် ဘုံပျောက်ကောင်း ပျောက်နိုင်ပါသေးတယ်။ ဘိုရာမီကို ဖမ်းမိတဲ့နေရာနဲ့ သိပ်မကွာတဲ့ မြစ်ညာအထက်နားမှာတင် ရေကာတာသစ်တစ်ခု ဆောက်လုပ်ဖို့ အဆိုပြုထားတာ ရှိနေတာပါ။

ဝေယံဟိန်း (B.Ag)

Ref: What a giant stingray says about the Mekong - The Economist

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်