ပဲတီစိမ်း စိုက်ပျိုးခြင်း

24/02/2020 17:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပဲတီစိမ်း၏ မူရင်းဒေသမှာ အိန္ဒိယနိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပဲတီစိမ်း၊ ပဲနောက်စိမ်း၊ ပဲတီနက်၊ ပဲနောက်နက် ဟူ၍ အသိများကြပါသည်။ ပဲတီစိမ်းကို အထက်မြန်မာပြည်၌ မကွေး၊ မန္တလေး၊ စစ်ကိုင်း ဒေသများတွင် စိုက်ပျိုးကြပြီး အောက်မြန်မာပြည်၌ ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီဒေသများတွင် အဓိက စိုက်ပျိုးကြပါသည်။ ပဲတီစိမ်း၏ အပင်ပုံစံမှာ ပင်ထောင်ပုံစံဖြစ်ပါသည်။ ပဲတီစိမ်းသည် တစ်ရာသီခံပင်ဖြစ်ပြီး ပင်တည်းဝတ်မှုံကူးသော အပင် အမျိုးအစားလည်းဖြစ်ပါသည်။

ရာသီဥတု နှင့် မြေအမျိုးအစား

ပဲတီစိမ်းသည် ပူနွေးခြောက်သွေ့သော ရာသီဥတုကို နှစ်သက်ပြီး အပူချိန် ၃၀ မှ ၃၆ ဒီဂရီ စင်တီဂရိတ်အတွင်းရှိသော ဒေသများတွင် ကောင်းစွာ စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ ပဲတီစိမ်းသည် နှစ်စဥ်မိုးရေချိန် ၃၀ လက်မမှ ၃၆ လက်မအတွင်းရှိသော ဒေသများတွင် စိုက်ပျိုးနိုင်ပါသည်။ ဆားပေါက်သော မြေများမှ လွဲ၍ ကျန်သောမြေအားလုံးတွင် စိုက်ပျိုးနိုင်ပါသည်။ အထူးသဖြင့် စနယ်မြေစေး၊ လယ်မြေ၊ နုန်းမြေ များတွင် ပို၍စိုက်ပျိုး ဖြစ်ထွန်းနိုင်ပါသည်။ ပဲတီစိမ်းသည် ရေဝပ်ခြင်းကို ကြိုက်နှစ်သက်ခြင်း မရှိပါ။ ပဲတီစိမ်းအတွက် အသင့်တော်ဆုံး မြေချဥ် ငံကိန်းမှာ ၅.၅ နှင့် ၆.၅ အတွင်း ဖြစ်ပါသည်။

မျိုးရွေးချယ်ခြင်းနှင့် မျိုးစေ့နှုန်းထား

ရေဆင်း ၁၁ နှင့် ရေဆင်း ၁၄ မျိုးများ စိုက်ပျိုးရန် သင့်တော်ပြီး အဝါရောင်မိုစိတ် ရောဂါကို ခံနိုင်ရည်ရှိကာ အထွက်နှုန်းလည်း ကောင်းပါသည်။ မျိုးစေ့နှုန်းထား အနေဖြင့် မိုးကြိုနှင့် မိုးနှောင်းတွင် စိုက်ပျိုးပါက ၆ ပြည်မှ ၈ ပြည်အထိ အသုံးပြုကြပြီး မိုးလယ်တွင် စိုက်ပျိုးပါက ၄ ပြည်မှ ၆ ပြည်အထိ အသုံးပြုကြပါသည်။

စိုက်ပျိုးရာသီနှင့် စိုက်နည်းစနစ်

မြန်မာပြည် အထက်ပိုင်း ဒေသများတွင် မိုးကြိုရာသီစိုက်ပျိုးရာ၌ ဖေဖော်ဝါရီ လလယ်မှ မတ်လလယ်အတွင်း လည်းကောင်း၊ မိုးရာသီ စိုက်ပျိုးရာ၌ မေလလယ်မှ သြဂုတ်လလယ်အတွင်း လည်းကောင်း စိုက်ပျိုးကြပါသည်။ မြန်မာပြည် အောက်ပိုင်း ဒေသများတွင် ပဲတီစိမ်းကို စပါး ရိတ်သိမ်းပြီးသောအချိန်၌ သီးထပ်အနေဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာအတွင်း စိုက်ပျိုးကြပါသည်။ ပင်ကြားတန်းကြားအနေဖြင့် မိုးကြိုနှင့် မိုးနှောင်းတွင် စိုက်ပျိုးပါက (၄×၁၂) လက်မ ဖြင့် စိုက်ပျိုးနိုင်ပြီး အပင်ဦးရေ ၁၃၀,၀၀၀ ကျော် ဝင်ဆန့်မည်ဖြစ်ပါသည်။ မိုးရာသီတွင် စိုက်ပျိုးပါက (၄×၁၈) လက်မ ဖြင့်စိုက်ပျိုးနိုင်ပြီး အပင်ဦးရေ ၈၇,၀၀၀ ကျော်ဝင်ဆန့်နိုင်မည် ဖြစ်ပါသည်။ ပဲတီစိမ်းကို ပြောင်း၊ နေကြာ၊ နှမ်း၊ ပဲစင်းငုံ စသည့်သီးနှံများနှင့် သီးညှပ်စိုက်ပျိုး၍ လည်းရပါသည်။ ထယ်ကြောင်းဆွဲကာ မျိုးစေ့ကို မြေကြီးအတွင်း အနက် ၁ လက်မမှ ၁.၅ လက်မ အတွင်း ချစိုက်နိုင်ပါသည်။

မြေပြင်ခြင်းနှင့် မြေသြဇာကျွေးခြင်း

မစိုက်ပျိုးခင် မြေပြင်ရာ၌ ထယ် ၁ စပ်မှ ၂ စပ်ထိုးပြီး ဓားကြမ်းတုံးဖြင့် ထွန်နှစ်စပ် မောင်းပေးရန် လိုအပ်ပါသည်။ မြေပြင်ရာတွင် ၁ ဧကလျှင် နွားချေး တင်း ၁၀၀ မှ တင်း ၁၅၀ အထိ ထည့်ပေးရန်လိုအပ်ပါသည်။ ယူရီးယား မြေသြဇာ ၈ ပြည်၊ တီစူပါ ၂၄ ပြည်၊ ပိုတက် ၁၂ ပြည်နှင့် ကျောက်မှုန့် ပြည် ၂၀ ထည့်ပေးရန် လိုအပ်ပါသည်။

အပင်ပြုစုခြင်း

အပင်သက်တမ်း ၃၀ ရက်သားခန့် ရောက်လျှင် ကြားပေါင်းလိုက် ကိရိယာဖြင့် ပေါင်းနှိမ်နင်းရမည် ဖြစ်ပါသည်။ လိုအပ်ပါက လူ အားဖြင့် လက်ပေါင်းလိုက်ရန် လိုအပ်ပါသည်။ ယူရီယားလက်ချားအရည်နှင့် ပိုတက်စီယမ်ဓာတ် ပါဝင်သော အာဟာရ အရည်များ၊ ငါးအမိုင်နိ အက်စစ်ဖျော်ရည်များ ပက်ဖျန်းပေးခြင်းဖြင့် အပင်ကြီးထွားမှုနှင့် အသီး အပွင့်ဖြစ်ထွန်းမှုကို အားပေးပါသည်။

ပိုးမွှားနှင့် ရောဂါ

အဖျက်ပိုးများအနေဖြင့် ယင်ဖြူ၊ သီးလုံးဖောက်ပိုး၊ ပင်စည်ထိုးယင်၊ ငမြောင်တောင်၊ ပျ၊ ဂျပိုး စသည်တို့ ကျရောက်ဖျက်ဆီး လေ့ရှိပါသည်။ ရောဂါများ အနေဖြင့် အဝါရောင် မိုစိတ်ရောဂါ၊ သံချေးရောဂါ၊ မှည့်ပြောက်စွန်း ရောဂါ၊ ဆာကိုစပိုးရား ရွက်ခြောက် ရောဂါ စသည်တို့ ကျရောက် လေ့ရှိပါသည်။ ၎င်းပိုး ရောဂါများကို ကာကွယ်ရန်အတွက် စိုက်ခင်း ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ပိုး ရောဂါ ဒဏ်ခံနိုင်ရည်ရှိသော မျိုးများဖြင့် အစားထိုးခြင်း စသည်တို့ကို ပြုလုပ်သင့်ပါသည်။ ပိုးများကို နှိမ်နင်းရန်အတွက် ကလိုပိုင်ရီဖော့၊ ဆိုက်ပါ မီသရင် စသည့် ဆေးများ အသုံးပြုနိုင်ပါသည်။ ရောဂါများ နှိမ်နင်းရန်အတွက် ကာဘင်ဒါဇင်၊ မန်ကိုဇက် စသော ဆေးများ အသုံးပြုနိုင်ပါသည်။

ခူးဆွတ်ခြင်း

ပဲတီစိမ်းသည် မျိုးအပေါ် မူတည်ပြီး သက်တမ်း ၆၀ မှ ၈၀ ကြားတွင် ရိတ်သိမ်း ခူးဆွတ်နိုင်ပါသည်။ အများအားဖြင့် ပဲတီစိမ်း အတောင့်များ ၇၅ မှ ၈၅ ရာခိုင်နှုန်းမှာ အနက်ရောင်ပြောင်းပြီး ခြောက်သွေ့ချိန်တွင် ပထမဆုံးအကြိမ် ခူးဆွတ်ကြပါသည်။ ပထမအကြိမ် ခူးဆွတ်ပြီး ၇ ရက်မှ ၁၀ ရက်အကြာတွင် ဒုတိယအကြိမ် ခူးဆွတ်ကြပါသည်။

သိုလှောင်ခြင်း

ခူးဆွတ်ပြီး သီးတောင့်များကို ၂ - ၃ နေလှန်းပြီး နောက် ချွေလှေ့ရမည်ဖြစ်ပါသည်။ မျိုး အဖြစ်ထားမည့် မျိုးစေ့များကို သန့်စင်ပြီး လေလုံပလတ်စတစ် အိတ်များဖြင့် သိုလှောင်ရမည် ဖြစ်ပါသည်။ မျိုးစေ့၏ အစိုဓာတ်ကို ၁၂ ရာခိုင်နှုန်း အထိထားပြီး သိုလှောင်ရမည် ဖြစ်ပါသည်။

ဇင်ထူးနိုင်

ကိုးကားချက်

- FAO (2005) Improved Grain Legume Production Technology Project. Pulses Training

Mannual TCP/ MYA/ 1066 (A), FAO. Myanmar.

- မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း (၁၉၉၆)။ ဆီထွက်သီးနှံ၊ ပဲမျိုးစုံနှင့် အခြားသီးနှံမျိုးများ၏

အရည်အချင်း လက္ခဏာများ

- ဒေါက်တာထွန်းဆိုင်၊ (၂၀၁၂)၊ အခြေခံစိုက်ပျိုးရေးပညာ၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ သစ်တော၊

မွေးမြူရေးနှင့် ရေလုပ်ငန်းပညာရှင်အဖွဲ့ (စာမျက်နှာ ၆၅-၇၀)

- စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနခွဲ (၂၀၁၄)။

လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း(သင်တန်းမှတ်စု) (စာမျက်နှာ ၆၅-၇၀)

- စိုက်ပျိုးရေးဦးစီးဌာန၊ လက်ကမ်းစာစောင်(၂၀၁၂)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်