မွေးမြူရေးအစာ ကုန်ကျစရိတ်လျှော့ချနိုင်မယ့် နည်းလမ်းတစ်ခု

16/08/2022 14:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

ယေဘုယျအားဖြင့် မွေးမြူရေးခြံတစ်ခြံအတွက် ကုန်ကျစရိတ် စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းဝန်းကျင်ခန့်မှာ အစာအတွက် ကုန်ကျစရိတ် ဖြစ်ပါသည်။ မွေးမြူထားသည့် တိရစ္ဆာန်အမျိုးအစား၊ မွေးမြူနည်းစနစ်တို့ပေါ်မူတည်၍ ကွဲပြားမှုရှိနိုင်သည့်တိုင်အောင်၊ အစာဖိုးကုန်ကျစရိတ်သည် အခြားကုန်ကျစရိတ်များအားလုံးထက် ပို၍ များနေမည်မှာတော့ သေချာပါသည်။ 

ထို့ကြောင့် မွေးမြူရေးခြံမှ အကျိုးအမြတ်ရရှိနိုင်မှုသည် အစာဖိုး ကုန်ကျစရိတ်ကို မည်မျှ လျော့ချနိုင်သနည်း၊ အစာကို မည်မျှထိရောက်အောင် ကျွေးမွေးနိုင်သနည်း ဆိုသည့် အချက်ပေါ်တွင် များစွာမူတည်နေပါသည်။ အထူးသဖြင့် အစာဈေးနှုန်း မြင့်တက်လာသည့်အခြေအနေတွင် အစာဖိုးကုန်ကျစရိတ် လျှော့ချရေးကို ပိုမို၍ အာရုံစိုက်လုပ်ဆောင်ရန် လိုအပ်လာမည် ဖြစ်ပါသည်။ 

မွေးမြူရေးခြံတစ်ခြံတွင် အစာဖိုးကုန်ကျစရိတ်ကို ချွေတာနိုင်မည့် နည်းလမ်းများစွာ ရှိနိုင်ပါသည်။ နည်းလမ်းအားလုံးနီးပါးတွင် ဘေးထွက်ဆိုးကျိုး အနည်းနှင့်အများ ရှိကြပါသည်။ ဥပမာအားဖြင့် အစာဖိုးကုန်ကျစရိတ်ကို လျှော့ချရန်အတွက် စက်ရုံထုတ် အသင့်ကျွေးရောစပ်စာ(ကုမ္ပဏီအစာ)များအစား မိမိတို့ဒေသထွက် အစာကုန်ကြမ်းများကို အသုံးပြု၍ တိရစ္ဆာန်အစာ ကိုယ်တိုင်ရောစပ်ထုတ်လုပ်မည် ဆိုပါက ကုန်ကျစရိတ်ကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်မည် ဖြစ်သော်လည်း၊ အစာကုန်ကြမ်းများ၏ အရည်အသွေးနှင့် အာဟာရဓာတ်ပါဝင်မှုအား ဓာတ်ခွဲစစ်ဆေးခြင်း၊ အစာမထုတ်လုပ်မီ၊ ထုတ်လုပ်စဉ်နှင့် ထုတ်လုပ်ပြီးချိန်တွင် အရည်အသွေးထိန်းချုပ်ခြင်း၊ အစာဖော်မြူလာများကို တိတိကျကျတွက်ချက်ရန် ခက်ခဲခြင်း စသည့် ပြဿနာများနှင့် ရင်ဆိုင်ရမည် ဖြစ်ပါသည်။

အစာအရည်အသွေးကို ပြည့်မီအောင် မထုတ်လုပ်နိုင်ပါက တိရစ္ဆာန်များအတွက် အာဟာရပြည့်ဝပြီး၊ ဘေးကင်းလုံခြုံသည့်အစာများ ကျွေးမွေးနိုင်မည် မဟုတ်ပါ။ အကျိုးဆက်အနေဖြင့် အသား၊ နို့၊ ဥ ထုတ်လုပ်မှုနှင့် အရည်အသွေးတို့ကို ထိခိုက်စေမည် ဖြစ်ပါသည်။ 

အစာဖိုးကုန်ကျစရိတ်လျှော့ချရေး နည်းလမ်းများစွာအနက်၊ မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်ပြီး၊ ဘေးထွက်ဆိုးကျိုး လုံးဝမရှိနိုင်သော နည်းလမ်းတစ်သွယ်မှာ “အစာအလေအလွင့် လျှော့ချရေး” ဟူသည့် နည်းလမ်းပင် ဖြစ်ပါသည်။ မွေးမြူရေးခြံအများစု (အထူးသဖြင့် အသေးစားနှင့်၊ အလတ်စား မွေးမြူရေးခြံများ)တွင် အစာများ လေလွင့်ဆုံးရှုံးခြင်းမှာ ကြီးမားသည့် ပြဿနာတစ်ရပ် ဖြစ်ပါသည်။ တချိန်တည်းတွင် မွေးမြူသူများက စနစ်တကျ ကိုင်တွယ်ဖြေရှင်းရန် မေ့လျော့ပျက်ကွက်နေသည့် စီမံခန့်ခွဲမှု တစ်ရပ်လည်း ဖြစ်ပါသည်။ 

အစာလေလွင့်ဆုံးရှုံးစေသည့် အကြောင်းအရင်းများ

မွေးမြူရေးခြံများတွင် အစာလေလွင့်ဆုံးရှုံးစေသည့် အကြောင်းအရင်းများစွာရှိရာ ယင်းတို့ကို အုပ်စု ၂ စုအဖြစ် ခွဲခြားလေ့လာကြည့်နိုင်ပါသည် - 

တိုက်ရိုက်ဆုံးရှုံးလေလွင့်မှုများ (Direct waste) 

• အစာခွက်များပုံသဏ္ဍန်မမှန်ခြင်း၊ ပျက်စီးယိုယွင်းနေခြင်း 

• အစာခွက်များကို ထားရှိသည့်နေရာ မှားယွင်းခြင်း

• အစာခွက်မှ လက်ခံနိုင်သည့် ပမာဏထက် ပိုလျှံနေအောင် အစာများ ထည့်ထားခြင်း

• အစာတွင် အမှုန်ပါဝင်မှုမှာ လိုအပ်သည်ထက် များပြားလွန်းနေသဖြင့် ယင်းအမှုန်များမှာ လေထဲသို့လွင့်ကာ ဆုံးရှုံးခြင်း

• ခြံထဲသို့ ကြွက်၊ ငှက် အစရှိသည့် တိရစ္ဆာန်များ ဝင်ရောက်ကာ အစာများကို စားသောက်ကြသဖြင့် ဆုံးရှုံးလေလွင့်ခြင်း

• အစာခွက်ထဲတွင် အစာများ ပိုနေသဖြင့် စွန့်ပစ်ရခြင်း

• အစာ မလတ်ဆတ်ခြင်းနှင့် မှိုများပေါက်ပွားခြင်းကြောင့် အစာအရည်အသွေးကျဆင်းခြင်း

သွယ်ဝိုက်၍ ဆုံးရှုံးလေလွင့်ခြင်း (Indirect waste) 

• အစာမှ အသား၊ နို့၊ ဥ အဖြစ်သို့ ပြောင်းလဲနှုန်း (Feed conversion rate) ညံ့ဖျင်းခြင်း 

• တိရစ္ဆာန်၏ အာဟာရဓာတ်လိုအပ်ချက်ထက် ပိုမို၍ ကျွေးမွေးခြင်း

• တိရစ္ဆာန်တွင် ကပ်ပါးရောဂါပိုးများ (ဥပမာ၊ သန်၊ သန်း၊ မွှား အစရှိသည်) စွဲကပ်ကာ အာဟာရဓာတ်များ လုယူစားသုံးခြင်းကို ခံနေရခြင်း

• ရောဂါအချို့ ကူးစက်ခံရပြီးနောက် အစာစားသလောက် ထုတ်လုပ်မှု မကောင်းတော့ခြင်း

မွေးမြူရေးခြံများတွင် အစာလေလွင့်ဆုံးရှုံးမှု ဖြစ်ပေါ်စေသည့် အချက်အလက်များစွာအနက်မှ အချို့ကိုသာ ဥပမာပေး ဖော်ပြထားခြင်း ဖြစ်ပါသည်။ ဆုံးရှုံးလေလွင့်မှု အုပ်စုနှစ်စုအနက် တိုက်ရိုက်ဆုံးရှုံးလေလွင့်မှုများမှာ မိမိ၏ ခြံကို အနည်းငယ်မျှ အာရုံစိုက်ကြည့်ရှုရုံမျှဖြင့် သတိပြုမိနိုင်သည့် ဆုံးရှုံးလေလွင့်မှုများ ဖြစ်ပါသည်။ သွယ်ဝိုက်၍ ဆုံးရှုံးလေလွင့်မှုများကိုမူ ရေရှည်လေ့လာ သုံးသပ်ကြည့်မှသာ သိရှိနိုင်ပါသည်။ 

အစာလေလွင့်ဆုံးရှုံးမှုကို လျှော့ချရန် နည်းလမ်းများ

မိမိ၏ မွေးမြူရေးခြံတွင် အစာလေလွင့်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေသည့် အကြောင်းအရင်းကို မှန်မှန်ကန်ကန်ရှာဖွေကာ လိုအပ်သည့်ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ပေးခြင်းဖြင့် အစာလေလွင့်ဆုံးရှုံးမှုကို သိသိသာသာ လျှော့ချနိုင်မည် ဖြစ်ပါသည်။ ထည့်သွင်းစဉ်းစားသင့်သည့် အစာလေလွင့်ဆုံးရှုံးမှု လျှော့ချရေး နည်းလမ်းအချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည် - 

တိရစ္ဆာန်များ ရွေးချယ်မွေးမြူရာတွင် အစာမှ အသား၊ နို့၊ ဥ သို့ ပြောင်းလဲနှုန်း (FCR) ကောင်းမွန်သည့်မျိုးကို ရွေးချယ်မွေးမြူသင့်ပါသည်။ 

မိမိမွေးမြူထားသည့် တိရစ္ဆာန်အမျိုးအစား၊ အသက်အရွယ်၊ အရွယ်အစားတို့နှင့် ကိုက်ညီသည့် အစာခွက်၊ အစာကျွေးသည့် ကိရိယာများကိုသာ အသုံးပြုသင့်ပါသည်။ 

 အစာခွက်များ သို့မဟုတ် အစာကျွေးသည့် ကိရိယာများ၊ နေရာများကို ပုံမှန်စစ်ဆေး၍ ပြင်ဆင်မှု လိုအပ်ပါက အချိန်မီ ပြုပြင်ပေးသင့်ပါသည်။ 

အစာခွက်များကို တိရစ္ဆာန်များ အစာရယူစားသုံးရန် လွယ်ကူသည့် နေရာ၊ အနေ အထားတွင် ထားရှိရပါမည်။ တချိန်တည်းတွင် တိရစ္ဆာန်က အစာများကို ဆုံးရှုံးစေသည့် အပြုအမူမျိုး (ဥပမာ အစာခွက်ကို မှောက်ပစ်ခြင်း) မပြုလုပ်ရအောင် စီမံဆောင်ရွက်ထားသင့်ပါသည်။ 

 တိရစ္ဆာန်၏ သဘာဝအရ အစာဆုံးရှုံးလေလွင့်မှု ဖြစ်ပေါ်စေပါက ယင်းသဘာဝကို ပြုပြင်ပြောင်းလဲပေးနိုင်မည့် နည်းလမ်းကို ရှာဖွေသင့်ပါသည်။ ဥပမာ ဥစားကြက်များတွင် နှုတ်သီးကို သတ်မှတ်အချိန်တွင် ကောင်းမွန်စာ ဖြတ်ပေးခြင်း (beak trimming) ပြုလုပ်ပေးခြင်းဖြင့် အစာလေလွင့်ဆုံးရှုံးမှုကို လျှော့ချနိုင်ပါသည်။ 

တိရစ္ဆာန်အမျိုးအစားနှင့် အသက်အရွယ်အလိုက် သင့်လျော်သည့် အစာပုံစံ (ဥပမာ အမှုန့်၊ အတောင့်) ကို မှန်ကန်စွာ ရွေးချယ်၍ ကျွေးမွေးသင့်ပါသည်။

တစ်ရက်တာအတွင်း တိရစ္ဆာန်များအား ကျွေးမွေးရမည့် အစာပမာဏကို တကြိမ်တည်းဖြင့် စုထည့်ပေးမည့်အစား အစာအနည်းငယ်စီ အကြိမ်ကြိမ်ခွဲ၍ ကျွေးမွေးခြင်းဖြင့် အစာဆုံးရှုံးလေလွင့်မှုကို သက်သာစေပါသည်။ 

လိုအပ်ပါက မွေးမြူသည့်စနစ်ကို ပြုပြင်ပြောင်းလဲရပါမည်။ ဥပမာ ဥစားကြက်များအား အခင်းထူစနစ်ဖြင့် မွေးမြူခြင်းထက်၊ လှောင်အိမ်စနစ်ဖြင့် မွေးမြူပါက အစာဖိတ်စင်လေလွင့်မှုကို လျော့ကျစေပါသည်။ ကြက်များသည် လှောင်အိမ်ထဲတွင် လှုပ်ရှားသွားလာမှု နည်းသဖြင့် ယင်းသို့ လှုပ်ရှားသွားလာမှုအတွက် လိုအပ်သည့် အာဟာရဓာတ်ကို လျှော့ပေါ့ကျွေးမွေးနိုင်မည် ဖြစ်ပါသည်။ 

တိရစ္ဆာန်အမျိုးအစာနှင့် အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် အာဟာရဓာတ်နှင့် အစာပမာဏကိုသာ ချိန်ဆကျွေးမွေးသင့်ပါသည်။ အစာတွင်ပါဝင်သော အာဟာရဓာတ် ပမာဏသည့် တိရစ္ဆာန်က အမှန်တကယ်လိုအပ်သည့် အာဟာရဓာတ်ပမာဏထက် ပိုများနေပါက အစာဖိုးကုန်ကျစရိတ် ပိုမိုကြီးမြင့်မည့်အပြင်၊ တိရစ္ဆာန်ကလည်း ပိုလျှံနေသည့် အာဟာရဓာတ်များကို အသုံးမချနိုင်ဘဲ စွန့်ထုတ်ပစ်မည်ဖြစ်ရာ ဆုံးရှုံးလေလွင့်မှုကို ကြီးမားစေပါသည်။ 

အစာသည် အာဟာရဓာတ်ပြည့်ဝရုံမျှမက တိရစ္ဆာန်အတွက် အရသာကောင်းမွန်မှု ရှိရန် လိုအပ်ပါသည်။ သို့မှသာ ကျွေးသမျှအစာကို တိရစ္ဆာန်က အကုန်အစင် စားသောက်ကာ ထုတ်လုပ်မှုကောင်းမွန်မည် ဖြစ်ပါသည်။ အရသာ မကောင်းမွန်ပါက တိရစ္ဆာန်၏ အစာခွက်ထဲတွင် အစာများ ကျန်နေပြီး၊ လေလွင့်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါသည်။ 

ခြံတွင် ကြွက်နှိမ်နှင်းရေးကို ဂရုတစိုက်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ငှက်ရိုင်းများဝင်ရောက်မှုမရှိစေ ရေး တားဆီးနိုင်မည့် အစီအမံများကိုလည်း ချမှတ်ဆောင်ရွက်ရပါမည်။ ကြွက်နှင့် ငှက်ရိုင်းများသည် တိရစ္ဆာန်များအား ကျွေးမွေးထားသည့် အစာများကို လုယူစားသုံးရုံမျှသာမက ရောဂါပိုးမွှားများလည်း သယ်ဆောင်လာနိုင်ပါသည်။ 

အစာကို ကောင်းမွန်စွာ သိုလှောင်သိမ်းဆည်းထားရန် လိုအပ်ပါသည်။ အစာသိုလှောင်သည့်နေရာသည် အပူချိန်မြင့်မားလွန်းပါက အစာထဲတွင် ပါဝင်သည့် အာဟာရဓာတ်များ ပျက်ဆီးကာ ဆုံးရှုံးလေလွင့်မှု ဖြစ်ပေါ်စေပါသည်။ စိုထိုင်းဆများလွန်းပါက မှိုတက်ခြင်း၊ အစာအနံ့အရသာ ပျက်ဆီးခြင်းများ ဖြစ်ပေါ်စေပါသည်။ ထိုသို့ ဖြစ်ပေါ်ပါက တိရစ္ဆာန်များက အစာများကို ကောင်းစွာမစားတော့ဘဲ ပိုလျှံကာ အလေအလွင့် ဖြစ်စေပါသည်။ တပြိုင်နက်တည်းတွင် အာဟာရဓာတ်များ ဆုံးရှုံးသွားသည့်အပြင် မှိုဆိပ်ကြောင့် အစာကို ချေဖျက်စုပ်ယူနိုင်မှုကျဆင်းစေပါသည်။ မှိုဆိပ်သည် ကျန်းမာရေးပြဿနာများကိုပါ ဆက်လက်ဖြစ်ပေါ်လာစေနိုင်ပါသည်။ 

ကျွမ်းကျင်သည့် တိရစ္ဆာန်ဆေးကုဆရာဝန်နှင့်တိုင်ပင်၍ မိမိ၏ တိရစ္ဆာန်များတွင် ကပ်ပါးရောဂါပိုးများ စွဲကပ်နေခြင်း ရှိ၊ မရှိ စစ်ဆေးသင့်ပါသည်။ အကယ်၍ ကပ်ပါးရောဂါများ စွဲကပ်နေပါက ၄င်းတို့ကို လျင်မြန်စွာ ထိန်းချုပ်ဖယ်ရှားပေးရပါမည်။ 

ရောဂါကူးစက်မှု မရှိစေရေးအတွက် ဇီဝလုံခြုံမှုမြှင့်တင်ခြင်း၊ ကာကွယ်ဆေးများ ထိရောက်စွာ တိုက်ကျွေးထိုးနှံပေးခြင်းနှင့် တိရစ္ဆာန်များအတွက် ဒဏ် (stress) ကင်းသော ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်းများ ဆောင်ရွက်ပေးသင့်ပါသည်။ 

မွေးမြူရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ်စုစုပေါင်း၏ အနည်းဆုံး သုံးပုံနှစ်ပုံ ရှိသော အစာဖိုး ကုန်ကျစရိတ်ကို လျှော့ချရာတွင် ပထမဆုံး ဗျူဟာအဖြစ် “အစာလေလွင့်ဆုံးရှုံးမှု လျော့ချရေး” ကို မဖြစ်မနေ စတင်ဆောင် ရွက်သင့်ပါသည်။ အထူးသဖြင့် ယခုကဲ့သို့ အစာဈေးနှုန်းများ ကြီးမြင့်နေချိန်တွင် “မွေးမြူရေးအစာ အလေအလွင့် လျှော့ချရေး အရေးကြီးပါသည်” ဟု တင်ပြလိုက်ရပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်