ဓာတုမြေသြဇာနဲ့ ပိုးသတ်ဆေးတွေနေရာမှာ အစားထိုးအသုံးပြုနိုင်မယ့် ဇီဝမြေသြဇာ တွေ၊ ဓာတုပိုးသတ်ဆေးအစားထိုး အသုံးပြုနိုင်မယ့် ဇီဝပိုးသတ်ဆေးတွေကို တောင်သူ များ ရွေးချယ်အသုံးပြုနိုင်ဖို့ ပြည်တွင်းကုမ္ပဏီများက တင်သွင်းလျှက်ရှိကြောင်း သီးနှံ ကာ ကွယ်ရေးဌာနခွဲမှ ဇီဝနည်းနှင့်ပိုးမွှားကာကွယ်ရေး ဌာနစုတာဝန်ခံ ဒေါ်နီနီထိန်က Green Way ကိုပြောပါတယ်။
"အခုနောက်ပိုင်းဖြစ်လာတဲ့ ခေတ်အနေအထားအရ ပိုးသတ်ဆေးဆိုရင် အရင်တုန်းကတော့ ပိုးသတ်ဆေးဆိုရင် တအားတွေသုံးကြတယ်။ အခုနောက်ပိုင်းမှာ ဌာနက လည်း ဘာတွေလုပ်လာပြီလဲဆိုရင် အရမ်းအဆိပ်ပြင်းတဲ့ ပိုးသတ်ဆေးတွေကို တစ်ခ ျို့ဟာတွေကို တစ်ဖြည်းဖြည်းချင်း ဖယ်ထုတ်လာတယ်။ လူတွေအတွက် အန္တရယ်မ ျားတာတွေ ကင်ဆာဖြစ်နိုင်တာတွေ၊ မြေဆီလွှာထဲမှာ အကြာကြီး ဓာတ်ကြွင်းကျန်နေ နိုင်တာတွေကို တစ်ဖြည်းဖြည်းရှင်းထုတ်လာပြီ။ ရှင်းထုတ်လာပြီးတဲ့နောက်မှာ ဘာတွေ နဲ့အစားထိုးရမလဲဆိုတာတွေ ရှာလာပြီ။ ရှာလာတဲ့အခါမှာ IPM ပိုင်းဆိုင်ရာတွေ သွားမယ်။ ပြီးလို့ရှိရင် ဇီဝပိုးသတ်ဆေးတွေကို အသိပညာပေးပိုပြီးတော့လုပ်မယ်။ ဇီဝပိုးသတ်ဆေးမှာဆိုရင် တစ်မျိုးတည်းကိုပဲ ကုမ္ပဏီအသီးသီးက တင်သွင်းနေပါတယ်။ အများအားဖြင့်ကတော့ ရောဂါသတ်ဆေးအနေနဲ့က အများဆုံးသုံးတာ ထရိုင်ကို ဒါးမားလိုဟာမျိုး၊ အဲ့ထရိုင်ကိုဒါးမားဆိုရင် ပစ္စည်းကတစ်မျိုးပဲ။ ဒါပေမယ့် ကုမ္ပဏီတွေအများကြီး တင်သွင်းထားရှိပါတယ်။ Bacillus subtilis ဆိုရင်လည်း ထုတ်ကုန်ကတော့ ဒီနာမည်ပဲ ဒါပေမယ့် ကုမ္ပဏီအသီးသီးကဝင်တယ်။ ဖျက်ပိုးတွေကျရင်လည်း ရောဂါဖြစ်စေတဲ့သက်ရှိတွေ၊ မှိုတွေ၊ ဘတ်တီးရီးယားတွေ သွင်းတာရှိတယ်။ အများအားဖြင့် လောက်ကောင်တွေ၊ ငမြှောင်တောင်တွေ၊ စိန်ကွက်ဖလံလိုဟာတွေ၊ ဖလံအုပ်စုဝင် အရွက်စားတဲ့ လောက်ကောင်တွေဆိုရင် အများအားဖြင့် Bt ဖြင့်နှိမ်နင်းပြီး ကုမ္ပဏီ တော်တော်များများ တင်သွင်းနေပြီ။ Bt ဆို ၇ မျိုး လောက်ရှိမယ်။ အခုတော့ FAW Army Warm က ဝင်ရောက်လာချိန်မှာ အခု Bt ကို တော်တော် များများသုံးတတ်ပြီ၊ ကုမ္ပဏီတွေ တော်တော်စိတ်ဝင်စားလာကြတယ်။ အဲ့ဒါကိုတော့ ဘတ်တီးရီးယားအနေနဲ့ အကောင်တွေပေါ်မှာ ရောဂါဖြစ်စေတဲ့ သက်ရှိ။ နောက်တစ်ခု ဘာရှိလဲဆိုတော့ မှိုတွေ၊ အကောင်တွေပေါ်မှာ မှိုရောဂါကျပြီး သေတာလိုဟာမျိုးဆိုရင် metarhizium, Beauveria အဲ့ဒီဟာတွေကလည်း အကောင်တွေအတွက် ရောဂါဖြစ်စေတဲ့ သက်ရှိ ကပ်ပါးမှိုတွေကို တော်တော်များများသွင်းလာကြပြီ။ အဲ့ဒီဟာတွေက တော်တော်များများ အရေးပါလာတဲ့ဟာတွေဖြစ်မယ်" လို့ ဒေါ်နီနီထိန်က ပြောပါတယ်။
"ဇီဝပိုးသတ်ဆေးများတွင် ရောဂါဖြစ်စေသောမိုက်ခရုပ်များ (Fungi, Bacteria, Protrozoa, Nematodes) များနှင့် ဖျက်ပိုးဇီဝဖြစ်စဉ်ကို ပြောင်းလဲပျက်ပြားစေသော ဓာတုဆေးများ၊ (ဖီရိုမုန်း၊ အင်းဆက်ကြီးထွားမှုကိုနှောင့်ယှက်သော ဟော်မုန်း၊ မျှားစာ၊ ငယ်ရွယ်စေသောဟော်မုန်း၊ ပိုးသတ်ဆေးအာနိသင်ထည့်သွင်းထားသော အပင်များ ) စသည်တို့ပါဝင်ပါတယ်။ ဇီဝပိုးသတ်ဆေးတွေက သဘာဝမိတ်ဆွေပိုးတွေကို မထိခိုက်တဲ့အတွက် မိတ်ဆွေပိုးအရေတွက်ကို ပွားများစေပါတယ်။ အပင်ပေါ်ကို အလွယ်တကူဖျန်းပက်နိုင်တဲ့အတွက် နေရောင်ခြည်ရဲ့တုံ့ပြန်မှုကို ရရှိစေပါတယ်။ ဓာတုပိုးသတ်ဆေးတွေနဲ့လည်း တစ်လှည့်စီအသုံးပြုနိုင်ပါတယ်။ ဇီဝပိုးသတ်ဆေးတွေရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်က နည်းပါးပေမယ့် ဆေးပက်ဖျန်းပြီး ကာလတစ်ခုမှသာ ပိုးတွေကို နှိမ်နင်းနိုင်မှာဖြစ်တဲ့အတွက် ကျရောက်နိုင်တဲ့ ပိုးမွှားနဲ့ရောဂါတွေကို လေ့လာစောင့်ကြည့်ပြီး ကြိုတင်အသုံးပြုနိုင်ဖို့က ထိထိရောက်ရောက်အသုံးပြုနိုင်ဖို့အတွက် အဓိကကျပါတယ်။ ဓာတုပစ္စည်းတွေကို သုံးစွဲရတာက လူနဲ့ပတ်ဝန်းကျင်ကို ထိခိုက်မှုတွေဖြစ်စေပြီး ပိုးသတ်ဆေးတွေကြောင့်ပဲ ပိုးမွှားတွေက ပိုးသတ်ဆေးဒဏ်ကို ခံနိုင်ရည်ရှိလာကြတဲ့အတွက် ဆေးပိုမိုသုံးစွဲရတာတွေကြောင့် ကုန်ကျစရိတ်ပိုလာပြီး လူနဲ့ ပတ်ဝန်းကျင်ကိုလည်း ပိုမိုထိခိုက်လာစေပါတယ်။ ဇီဝမြေသြဇာနဲ့ ပဋိဇီဝပစ္စည်းတွေကတော့ သက်ရှိ အချင်းချင်း အပြန်အလှန်အကျိုးပြုနိုင်အောင် သဘာဝအတိုင်း သဘာဝမှာရှင်သန်နိုင် အောင် စီမံဆောင်ရွက်ထားတာဖြစ်တယ်" လို့ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းမြေအသုံးချရေးတာဝန်ခံ ဒေါ်ဝင်းဝင်းမိုးက Green Way ကိုပြောပါတယ်။
"ပဲမြစ်ဖုဇီဝမြေသြဇာဆိုရင် လေထဲကနိုက်ထရိုဂျင်ကို အပင်စားသုံးလို့ရအောင် လုပ်ပေး တယ်၊ ပဲမြစ်ဖုများလေ နိုက်ထရိုက်ဂျင်လျော့သုံးရလေပဲ။ မြေမှာလည်း နိုက်ထရိုက်ဂျင် အကြွင်းအကျန်တွေ ကျန်ခဲ့တယ်။ နောက်သီးနှံအတွက်လည်း ကောင်းပါတယ်။ ထရိုင်ကိုဒါးမား သူကကျတော့ မှိုကြောင့်ဖြစ်တဲ့ရောဂါတွေကို မှိုအချင်းချင်းသတ်ပြီးတော့ ကာကွယ်တာ၊ မှိုအချင်းချင်းတိုက်ထုတ်ပြီးတော့ ကာကွယ်တာ။ အဲ့လို ခါးရိတို့လို၊ ဂုတ်ကျိုးတို့လို၊ မြစ်ဆွေးပုပ်ပေါ့ အဲ့ဒါတွေကို ကာကွယ်ပါတယ်။ နောက် အမြစ်ကိုအားကောင်းစေပါတယ်။ ဖော့စ်ဖရက်စုပ်ယူနိုင်တဲ့ ဟော်မုန်းတွေ၊ ဖော့စ်ဖရက်ကို ပျော်ဝင်စေတဲ့ ဟော်မုန်းတွေကိုထုတ်ပေးတာ။ ဖော့စ်ဖရက်ရဲ့သဘောကကျတော့ မြေထဲမှာရှိပေမယ့် အပင်က ရချင်မှရတာလေ။ သူက ထိန်းချုပ်ခံရတာများတယ်။ အဲ့ဒါကို မြေထဲကနေ အပင်စားနိုင်တဲ့ပုံစံဖြစ်အောင် ဖျော်ပေးတဲ့ဟော်မုန်းတွေ ထုတ်ပေး တာ။ အဲ့လိုမျိုးရှိတယ်။ နောက် အမြစ်ကို ပိုပြီးတော့အားကောင်းစေတယ်။ အမြစ် ရှည်ထွက်မှုကို အားကောင်းစေတယ်။ အမြစ်ဖွံ့ဖြိုးမှုကို အားပေးတယ်။ နောက်တစ်ခါကျ တော့ သူက သူ့ရဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကောက်ရိုးတို့လိုအကြွင်းအကျန်တွေ မဆွေးမြေ့စေတဲ့ဟာတွေကို မြန်မြန်ဆွေးမြေ့စေတယ်။ သူကမြေကြီးကိုလည်း အားပေးတယ်။ ရောဂါကိုလည်း ကာကွယ်တယ်။ အဟာရဓာတ်တွေကိုလည်း စုပ်ယူပေးတယ်။ နောက်ဆုံးတစ်ချက်က ခုနပြောတဲ့ မိုက်ခရိုရိုက်ဇာကိုလည်း အားပေးတာ။ မိုက်ခရိုရိုက်ဇာတွေ ပိုပွားများလာအောင်လည်း အားပေးတာ။ သူ့ရဲ့လုပ်ဆောင်ချက်တွေက မြေကြီးမှာ တော်တော်ကိုကောင်းပါတယ်။ သူက သဘာဝအတိုင်းမှာ ရှင်သန်နိုင်တဲ့မှိုပါပဲ။ အဲ့ဒီမှိုကို များများပွားအောင်ထည့်ပေးတာပေါ့။ သူက ကွန်ဒီရှင်ကလည်းသိပ်မလိုအပ်ပါဘူး။ သဘာဝအတိုင်း သဘာဝမှာရှင်သန်နိုင်တယ်။ အဲ့ဒါကတော့ ထရိုင်ကိုဒါးမား။ နောက် မိုက်ခရိုရိုက်ဇာ။ မိုက်ခရိုရိုက်ဇာကတော့ ရေရှားတဲ့ဒေသတွေပေါ့။ မိုးခေါင်တဲ့ဒေသတွေပေ့ါ၊ သူက အမြစ်တွေကို ရေရှိတဲ့နေရာကို ဆွဲခေါ် ပေးတာ။ အမြစ်ရှည်ထွက်ပြီးတော့ တို့အညာဒေသတွေမှာဆိုရင် လွင်တီးခေါင်တွေမှာ စိမ်းစိမ်းလေးတွေ၊ သူ့မှာ မိုက်ခရိုရိုက်ဇာရှိတာပါ။ သူ့မှာ သူ့ရဲ့အမြစ်ကို ရှည်ထွက်လာအောင်လုပ်ပြီး ရေရှိတဲ့နေရာကိုခေါ်ပေးတာ။ အဲ့ဒါကြောင့်မို့လို့ ထရိုင်ကိုဒါးမားက မိုက်ခရိုရိုက်ဇာနဲ့ သဟဇာတဖြစ်တယ်" လို့ဒေါ်ဝင်းဝင်းမိုးကပြောပါတယ်။
"စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှာရှိတဲ့ စိုက်ပျိုးရေးအဏုဇီဝ သုတေသနဌာနစုအနေနဲ့ ဇီဝမြေသြဇာတွေကို ထုတ်လုပ်နေပြီး ပဲမြစ်ဖုဇီဝမြေသြဇာကို တောင်သူတွေက တွင်တွင်ကျယ်ကျယ်အသုံးပြုနေပြီး နောက်ထပ်ဇီဝမြေသြဇာတွေကိုလည်း အသစ်ထပ်မံထုတ်လုပ်သွားဖို့ရှိတယ်" လို့ ဌာနစုတာဝန်ခံ ဒေါက်တာမော်မော်သန်းက Green Way ကိုပြောပါတယ်။
"အကျိုးပြုအဏုဇီဝတွေသုံးခြင်းအားဖြင့်က အဓိက မြေဆီလွှာရဲ့အရည်အသွေးလည်း တက်စေပါတယ်။ အကျိုးပြုအဏုဇီဝတွေရဲ့အခန်းကဏ္ဍက အရေးကြီးပါတယ်။ ဓာတ်မြေသြဇာသုံးလို့ မြေဆီလွှာဖွဲ့စည်းပုံတွေက ပျက်စီးတာတွေဖြစ်တယ်။ ဇီဝမြေသြဇာတွေကိုသုံးရင် အဲ့ဒါတွေလျော့ပါးတဲ့အတွက် အကျိုးရှိပါတယ်။ နောက်တစ်ခါ အော်ဂဲနစ်လယ်ယာနဲ့လည်း သက်ဆိုင်နေပါတယ်။ နောက် လေထုညစ်ညမ်းမှုတွေကိုလည်း လျော့နည်းစေပါတယ်။ အဲ့လိုဆိုတဲ့အခါကျတော့ တော်တော်လေးကို ကျယ်ပြန့်ပါတယ်။ ကျွန်မတို့နိုင်ငံအနေနဲ့လည်း ဓာတ်မြေသြဇာတွေကိုလျော့ချပြီး ဇီဝမြေသြဇာ တွေကို အသုံပြုသင့်ပါတယ်။ အဲ့ဒါကြောင့်မို့ ကြိုးစားပြီးတော့ထုတ်ပါတယ်။ လက်ရှိမှာလည်း ပဲမြစ်ဖုဇီဝမြေသြဇာကလည်း တော်တော်လေးကိုအောင်မြင်ပြီးတော့ တောင်သူတွေလည်း သုံးစွဲနေပါတယ်။ ထရိုင်ကိုဒါးမားကိုလည်း ထုတ်ပါတယ်" လို့ ဒေါက်တာမော်မော်သန်းက ပြောပါတယ်။
"ဘိုင်အိုအေးဂျင့်လို့လည်းခေါ်ဆိုနိုင်တဲ့ ပဋိဇီဝပစ္စည်းတွေနဲ့ ဇီဝမြေသြဇာတွေရဲ့ သဘောသဘာဝက ကြိုတင်အသုံးပြုရတဲ့နေထားဖြစ်တဲ့အတွက် ပိုးမွှားရောဂါတွေ ဆိုးဆိုးရွား ရွားကျရောက်တာကို မြင်တွေ့မှ အသုံးပြုမယ်ဆိုပါက အကျိုးမရှိဖြစ်တတ်ပါတယ်။ ဒါ့အပြင် တောင်သူတွေက ဘိုင်အိုအေးဂျင့်တွေအပေါ်မှာ ယုံကြည်မှုအားနည်းတာတွေ မဖြစ်ရအောင် ကျရောက်နေတဲ့ပိုးမွှားနဲ့ နှိမ်နင်းဖို့ သင့်တော်တဲ့ဘိုင်အိုအေးဂျင့်ဖြစ်ဖို့ လည်း လိုအပ်တဲ့အတွက် တင်သွင်းလာတဲ့ကုမ္ပဏီတွေအနေနဲ့လည်း စနစ်တကျအသုံးပြုနိုင်အောင် အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့လည်း လိုအပ်တယ်" လို့ ဒေါ်နီနီထိန်က ဖြည့်စွက်ပြောပါတယ်။
ဇီဝပိုးသတ်ဆေးနဲ့ ပဋိဇီဝပစ္စည်းတွေကို မလေးရှားနိုင်ငံက အများဆုံးတင်သွင်းနေပြီး စင်္ကာပူနဲ့ တရုတ်နိုင်ငံကလည်း တင်သွင်းနေပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။