ရှမ်းပြည်နယ်တောင်ပိုင်း၊ နောင်တရားဒေသ၌ ရာသီပေါ်သီးနှံ သီးညှပ်စိုက်ပျိုးမှု တွင်ကျယ်လာ

28/09/2020 13:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

     ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားဒေသအနီးတဝိုက်ရှိ တောင်သူများ ပုံမှန်စိုက်ပျိုးနေသည့်သီးနှံပင်များအပြင် ရာသီပေါ်သီးနှံများကိုပါ စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း သိရသည်။

ကျွန်တော်တို့က အရင်ကတော့ စီးပွားဖြစ်သီးနှံအနေနဲ့ အာလူးကိုစိုက်တယ်။ အခုနှစ်မှာမှ ခရမ်းချဉ်သီးကိုပါ တွဲစိုက်ဖြစ်သွားတာပါ။ တခြားသီးနှံတွေစိုက်ပျိုးတာက တစ်ဧကကုန်ကျစရိတ်များတယ်။ ခရမ်းချဉ်သီးစိုက်တာကတော့ ကုန်ကျစရိတ်သက်သာတယ်။ ခရမ်းချဉ်သီးက တစ်ခါစိုက်ပြီးရင် ခုနှစ်ခါလောက် ဆက်ပြီး ခူးဆွတ်ရောင်းချသွားလို့လည်းရတယ်။ ကျွန်တော် စစိုက်ထားတာ ဇွန်၊ ဇူလိုင်လလောက်က စိုက်ထားတာ အခု စက်တင်ဘာလအထိကို ခရမ်းချဉ်သီးခူးဆွတ်နေရတုန်းပဲ။ နှစ်မျိုးတွဲစိုက်လိုက်တော့ နှစ်မျိုးဝင်ငွေရသွားတာပေါ့။

ဟု ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရား(ဗောင်းမော်ဒုံ)မှ တောင်သူ ဦးထွန်းကျော်က ပြောသည်။

    အာလူးတစ်ဧကလျှင် စိုက်ပျိုးကုန်ကျစရိတ် ကျပ် (၂၅) သိန်းဝန်းကျင် ကုန်ကျပြီး၊ ခရမ်းချဉ်သီးတစ်ဧကလျှင် စိုက်ပျိုးကုန်ကျစရိတ် ကျပ် (၅)သိန်းမှ (၇)သိန်းကြား ကုန်ကျကြောင်း သိရသည်။

ခရမ်းချဉ်သီးက မျိုးထုပ်တစ်ထုပ်ကို ခုနှစ်ထောင်ကျပ်ပဲ ရှိပါတယ်။ စိုက်ပျိုးပြီးထွက်လာတဲ့ အသီးတွေကို ရှမ်းပြည်နယ်၊ အောင်ပန်းမှာရှိတဲ့ ပွဲရုံတွေကို တင်ပို့ရောင်းချလို့ရတယ်။ ဒီဒေသတဝိုက်မှာရှိတဲ့ ဈေးတွေမှာလည်း ရောင်းလို့ရပါတယ်။ ပွဲစားတွေက ခြံအရောက်လာဝယ်တာမျိုးလည်း ရှိပါတယ်။ ခရမ်းချဉ်ဈေးက အတက်အကျရှိပေမယ့် ကိုယ်ကုန်ကျတာလည်း သိပ်မများတော့ ကိုက်တယ်။ စိုက်စရိတ်က အလွန်ဆုံးမှ ခုနှစ်သိန်းလောက်ပဲရှိတယ်လေ။ ကိုယ့်မိသားစုဝင်တွေပဲ စုပေါင်းစိုက်ပျိုးတာမို့ အလုပ်သမားခက သီးသန့်မကုန်တာကြောင့်လည်းပါပါတယ်။

ဟု ဦးထွန်းကျော်က ဆက်လက်ပြောသည်။

    အဆိုပါဒေသအတွင်း ရှေးယခင်ကတည်းက စိုက်ပျိုးလာခဲ့ကြသည့် အာလူး၊ ပန်းသီး၊ သစ်တော်သီး၊ ထောပတ်သီး စသည့် သီးနှံများအပြင် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာသည့် ပြောင်းဖူးနှင့် ခရမ်းချဉ်သီး၊ ရွှေပဲသီးပင်များကိုပါ သီးညှပ်စိုက်ပျိုးလာကြခြင်း ဖြစ်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်