အရှေ့တိုင်းကျူးကျော်နှံကောင် (Oriental Migratory Locust) အကြောင်း တစေ့တစောင်း

10/07/2020 18:00 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    အခုတစ်လော ပုံနှိပ်မီဒီယာမှာကော၊ ဆိုရှယ်မီဒီယာမှာပါ ဟိုးလေးတကျော်ဖြစ်နေတာကတော့ ကန္တာရနှံကောင်ခေါ် ကန္တာရကျိုင်းကောင်အကြောင်းပါ။ ဦးမင်တိုနှံကောင်ထဲမှာ ကန္တာရနှံကောင်ဟာ အဖျက်ဆီးဆုံးနှံကောင်ဖြစ်ပေမဲ့ ၄င်းလိုပင် ကမ္ဘာတလွှား စိုက်ပျိုးရေးထုတ်လုပ်ရေးကို နှောင့်ယှက်ဖျက်ဆီးသော အခြားနှံကောင်မျိုးစိတ်များလည်း ရှိပါတယ်။ ဒီနှံကောင်တွေကတော့ အာဖရိကတိုက်မှာတွေ့ရတဲ့  အာဖရိကန်ကျူးကျော်နှံကောင်၊ အရှေ့တောင်အာရှနိုင်ငံတွေမှာတွေ့ရတဲ့ အရှေ့တိုင်းကျူးကျော်နှံကောင်၊ အာဖရိကတိုက် အရှေ့ပိုင်းမှာတွေ့ရတဲ့  နှံကောင်နီ၊ အာဖရိကတိုက် တောင်ပိုင်းမှာတွေ့ရတဲ့ နှံကောင်ညို၊ အနောက်ဥရောပတိုက်ကနေ ဗဟိုအာရှအထိတွေ့ရတဲ့ အီတလီနှံကောင်၊ အနောက်မြောက် အာဖရိကတိုက်ကနေ အာရှတိုက်အထိတွေ့ရတဲ့ မော်ရိုကိုနှံကောင်၊  အနောက်တောင်အာရှကနေ အရှေ့တောင်အာရှအထိတွေ့ရတဲ့ ဘုံဘေနှံကောင်၊ သြစတေးလျတိုက်မှာ တွေ့ရတဲ့  သြစတေးလျ ကပ်နှံကောင်ပိုးနဲ့  အာဖရိကတိုက်၊ မြေထဲပင်လယ်၊ အရှေ့ဖျားတို့မှာ တွေ့ရတဲ့ သစ်ပင်နှံကောင်တို့ဖြစ်ကြပါတယ်။ ဒီအထဲကမှ မြန်မာနိုင်ငံ၊ စပါးစိုက်ဧရိယာတွေမှာ သာမညဖျက်ပိုးအဖြစ်ရှိတတ်တဲ့ အရှေ့ပိုင်းကျူးကျော်နှံကောင်အကြောင်း ပြောပြပါရစေ။

    အင်္ဂလိပ်လို Migratory Locust လို့ခေါ်တဲ့ နှံကောင်မှာ အရှေ့တိုင်းကျူးကျော်နှံကောင်နဲ့ အာဖရိကန်ကျူးကျော်နှံကောင်ဆိုပြီး (၂) မျိုးရှိပါတယ်။ ဒီနှံကောင် (၂) မျိုးစလုံးဟာ မျိုးစိတ်ပေါင်း (၁) သောင်းကျော်ရှိတဲ့ မျိုးရင်း အခရီဒီဒေး Acrididae မှာပါဝင်ပြီး  Locusta migratoria ရဲ့ မျိုးစိတ်ကွဲတွေဖြစ်ကြပါတယ်။ အရှေ့တိုင်းကျူးကျော်နှံကောင်ရဲ့ သိပ္ပံနံမည်က Locusta migratoria manilensis (Meyen, 1835) ဖြစ်ပြီး အာဖရိကန်ကျူးကျော် နှံကောင်ရဲ့ သိပ္ပံနံမည်ကတော့ Locusta migratoria migratorioides (Fairmaire & L.J. Reiche, 1849) ဖြစ်ပါတယ်။ အရှေ့တိုင်းကျူးကျော်နှံကောင်က အာဖရိကန်ကျူးကျော် နှံကောင်အောက် အရွယ်အစားပိုမိုသေးငယ်ပါတယ်။

    အရှေ့တိုင်းကျူးကျော်နှံကောင်ကို အရှေ့တောင်အာရှနိုင်ငံများမှာ တွေ့ရလေ့ရှိပြီး တွေ့ရှိရာနေရာကွဲ၍ ထပ်မံကာ မျိုးကွဲများအဖြစ် ခွဲခြားထားပါတယ်။ ဥပမာ မြန်မာနိုင်ငံနဲ့ တိဘက်မှာတွေ့ရတဲ့ အရှေ့တိုင်းကျူးကျော်နှံကောင်မျိုးရဲ့ သိပ္ပံနံမည်ကို Locusta migratoria burmana Ramme, 1951 သို့မဟုတ် Locusta migratoria tibetensis Chen, 1963 လို့ခေါ်ပါတယ်။ ဒီအရှေ့တိုင်းကျူးကျော်နှံကောင် (မြန်မာမျိုးကွဲ) ဟာ ကျူးကျော်နှံကောင်မျိုးစိတ်ကွဲတွေမှာ ထင်ရှားတဲ့မျိုးစိတ်ကွဲအဖြစ် မှတ်ယူထားကြပါတယ်။ 

    ဒီနေရာမှာ နှံကောင်အကြောင်းကို အနည်းငယ်ရှင်းပြလိုပါတယ်။ နှံကောင်မှာ အဓိကအားဖြင့် ဦးမင်ရှည်နှံကောင်နဲ့ ဦးမင်တိုနှံကောင်ဆိုပြီး (၂) မျိုးရှိပါတယ်။ ဦးမင်တို နှံကောင်ထဲမှာမှ အင်္ဂလိပ်လို Locust လို့ခေါ်တဲ့ နှံကောင်ဟာ သာမန်ဦးမင်တိုနှံကောင်နဲ့ အဓိကကွားခြားတာကတော့ ဒီ Locust တွေဟာ အရောင်နဲ့အပြုအမူပြောင်းလဲတတ်ကြပြီး သာမန်ဦးမင်တိုနှံကောင်တွေကတော့ ပုံမှန်တွေ့နေကျ ဦးမင်တိုနှံကောင်အတိုင်း ပြုမူကြပါတယ်။ 

သွင်ပြင်လက္ခဏာများ

    အခု အရှေ့တိုင်းကျူးကျော်နှံကောင် (မြန်မာမျိုးကွဲ) ဟာ အခြား Locust တွေလိုပဲ Polymorphism လို့ခေါ်တဲ့ ရုပ်သွင်ပြင်အများကြီးနဲ့ ပြုမူနေထိုင်ပါတယ်။ မိခင်တစ်ဦး တည်းက ပေါက်လာတဲ့ ပိုးမမည်ပေါက်လေးတွေကို သွင်ပြင် (၂) မျိုးနဲ့ ပေါက်ပွားတာပါ။ အခြား သာမန်ဦးမင်တိုနှံကောင်တွေနဲ့ အဓိကကွာခြားတာက သူတို့က ထီးတည်းနေသွင်ပြင် (Solitarious phase) နဲ့ အုပ်စုဖွဲ့နေသွင်ပြင် (Gregarious phase) နှစ်မျိုးနဲ့ နေကြပါတယ်။ 

    ထီးတည်းနေသွင်ပြင် (Solitarious phase) ဆိုတာ ပိုးမမည်လေးတွေနဲ့ အရွယ်ရောက်နှံကောင်တွေဟာ သူ့ဘာသာ သီးသန့်နေကြပြီး အခြား Locust များနဲ့ ရောနှောနေထိုင်ခြင်းမရှိကြပါ။ သွားလာမှုနှေးကွေးပြီး ညဖက်မှသာ လှုပ်ရှားသွားလာကြပြီး စားသောက်တဲ့သီးနှံအမယ် နည်းပါတယ်။ ပိုးမမည် ပဉ္စမအဆင့်မှာ ကိုယ်ခန္ဓာအရှည် ၃၅ − ၅၅ မီလီမီတာရှည်ပါတယ်။  အစာရေစာရှားပါးပြီး တစ်ကောင်နဲ့ တစ်ကောင် ရှောင်ကြတိမ်းကြရင်း ၄င်းတို့နောက်ခြေထောက်က Femur လို့ခေါ်တဲ့ပေါင်ရိုးနဲ့ ထိမိကြတဲ့အခါ တစ်ကောင်ကိုတစ်ကောင်ဆွဲဆောင်ကြတဲ့ ဟိုမုန်းတစ်မျိုးကို ထုတ်ကြပြီး အုပ်စုလိုက်ဖြစ်သွားကြကာ အုပ်စုဖွဲ့နေသွင်ပြင် (Gregarious phase) သို့လည်း ပြောင်းလဲသွားတတ်ကြပါသည်။ 

    အုပ်စုဖွဲ့နေသွင်ပြင် (Gregarious phase) ဆိုတာက ပိုးမမည်လေးတွေနဲ့ အရွယ်ရောက် နှံကောင်တွေဟာ အုပ်စုဖွဲ့နေထိုင်ကြပြီး သွားလာလှုပ်ရှားမှုလျင်မြန်ကာ ညဖက်မှာသာ လှုပ်ရှားကြကာ သီးနှံစုံကို စားသောက်ဖျက်ဆီးကြပါတယ်။ ပိုးမမည် စတုတ္ထအဆင့်မှာ ကိုယ်ခန္ဓာအရှည် ၂၅ − ၂၅ မီလီမီတာရှည်ပါတယ်။ အရွယ်ရောက် အမကောင်ဟာ ကိုယ်ခန္ဓာအရှည် ၅၀ − ၇၅ မီလီမီတာရှည်ပါတယ်။ 

    ထီးတည်းနေအရွယ်ရောက်ကောင်တွေဟာ အစိမ်းရောင် ဒါမှမဟုတ် အညိုရောင်ရှိကြပေမဲ့ သူတို့ချင်း ပိုမိုစုစည်းမိသွားကြတဲ့အခါ အညိုရောင်တွေ ဖြစ်သွားကြပါတယ်။ ပိုးမမည်ကောင်တွေကတော့ ပထမအကောင်ပေါက်ကာစမှာ  မီးခိုးညိုရောင်ရှိကြပြီး ၄င်းတို့အရွယ်ကြီးတာနဲ့အမျှ အစိမ်းရောင် ဒါမှမဟုတ် အညိုရောင်ကို ပြောင်းသွားကြပြီး ခြောက်သွေ့တဲ့အခြေအနေမှာတော့ အညိုရောင်ရှိကြပါတယ်။ ၄င်းတို့ရဲ့ အကောင် အရေအတွက်များလာတာနဲ့ ပိုးမမည်အုပ်စုလေးတွေဖြစ်လာပြီး အနက်ရောင် အမှတ်အသားများနဲ့အတူ ကိုယ်ခန္ဓာအရောင်ဟာ လိမ္မော်ညိုရောင် ဒါမှမဟုတ် နီညိုရောင် ဖြစ်လာကြပါတယ်။ 

ကျရောက်ဖျက်ဆီးလေ့ရှိသောသီးနှံများ

    စပါး၊ ပြောင်းဖူး၊ ဂျုံ၊ ကြံ၊ နှံစားပြောင်းတို့မှာ အဓိကကျရောက်တတ်ပါတယ်။

ဘဝစက်ဝန်း

     အရွယ်ရောက် အရှေ့တိုင်းကျူးကျော်နှံကောင်ဟာ သီတင်းပတ်အနည်းငယ်အတွင်း ဥမြုံတောင့်များစွာကို အုပါတယ်။ ၄င်းတို့ဟာ မီးတောင်ပြာ၊ နုန်းမြေများနဲ့ သဲမြေများလို နူးညံ့တဲ့မြေနေရာတွေမှာ အုကြပါတယ်။ ဥမြုံတောင့်တစ်တောင့်မှာ ဥအရေအတွက် (၁၅) ဥကနေ (၁၀၀) ခန့်ရှိပြီး ဥအုတဲ့ရာသီအတောအတွင်း များစွာသောနှံကောင်အမတွေဟာ ဥမြုံတောင့် (၂) တောင့်ကနေ (၇) တောင့်အထိ အုပါတယ်။ ဥဘ၀ကနေ (၁၀) ရက်နဲ့ (၂၄) ရက်အကြာမှာ ပိုးမမည်လေးတွေ ပေါက်လာကြပြီး ဒီပိုးမမည်လေးတွေဟာ အရေခွံ ၅ − ၆ ကြိမ်လဲကာ (၂၆) ရက်နဲ့ (၆၁) ရက်အကြာမှာ ကောင်းမွန်စွာ ဖွံ့ဖြိုးလာကြပါတယ်။ အမတွေဟာ အပူချိန် ၂၁ °C (၇၀ °F) အောက်ဆိုပါက ဥမအုကြဘဲ ထိုအပူချိန်အထက် ၃၂ °C (၉၀ °F) အထိ ဆိုပါက ဖွံ့ဖြိုးချိန် တိုတောင်းသွားပါတယ်။ 

    ဒီနှံကောင်တွေဟာ အပြုအမူတွေပြောင်းလဲလာကာ နီးနီးကပ်ကပ်ရှိကြပြီး အကောင်ဦးရေများလာကြတဲ့အခါ တစ်ကောင်နဲ့တစ်ကောင် ဆွဲဆောင်ကြပါတယ်။ ဒီလို အပြုအမူမျိုးစတဲ့အချိန်ကတော့ တောင်ပံမဲ့ ပိုးမမည်လေးများ အလွန်သေးငယ်ပြီး ပူးပေါင်းအုပ်စုငယ်အဖြစ် ပိုးမမည်အုပ်စုလေး ဖြစ်လာတဲ့အခါဖြစ်ပါတယ်။ အဲဒီ တောင်ပံမဲ့ပိုးမမည်အုပ်စုလေးဟာ အများအားဖြင့် တောင်အောက်ကို ရွေ့လျားတာဖြစ်ပြီး၊ အစာစားဖို့ ပြတ်တောင်းတောင်းနဲ့ ရပ်နားကြပြီး နေပူစာလှုံရင်း တစ်ရက်ကို (၄) ကီလိုမီတာ (၂.၅ မိုင်) ရွေ့လျားပါတယ်။ အပြည့်အဝဖွံ့ဖြိုးပြီး တောင်ပံတွေရှိလာကြတဲ့အခါ ၄င်းတို့ဟာ အုပ်စုဖွဲ့ ပျံသန်းကြပါတယ်။ ထီးတည်းနေ အရွယ်ရောက်ကောင်ဟာ ညဖက်မှာ ပျံသန်းလေ့ရှိပေမဲ့ အုပ်စုဖွဲ့နေအရွယ်ရောက်ကောင်ကတော့ နေ့ဖက်မှာ ပျံသန်းကြပါတယ်။  သီတင်းပတ် ၃ − ၄ ပတ်အတွင်း အရွယ်ရောက်ကောင်များ မိတ်လိုက်ကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ဒီနှံကောင်မျိုးဆက်ဟာ တစ်နှစ်ကို မျိုးဆက် ၃ − ၄ ဆက်ရှိပြီး တရုတ်နိုင်ငံမှာ တော့ ၁ − ၂ ဆက်သာရှိပါတယ်။ 

တဟုန်ထိုး ပျံ့နှံ့ပွားများခြင်း (Outbreak ဖြစ်ခြင်း)

    အရှေ့တိုင်းကျူးကျော်နှံကောင် တဟုန်ထိုးပျံ့နှံ့ ပွားများခြင်းကို ၁၉၉၇ − ၁၉၉၈ ခုနှစ်တုန်းက အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ခဲ့ရပါတယ်။ တရုတ်နိုင်ငံမှာ (၁၀) နှစ်ခြားခန့် တစ်ကြိမ် ဖြစ်ပေါ်တတ်ပါတယ်။ ၂၀၀၂ − ၂၀၀၆ ခုနှစ်အတွင်း တရုတ်နိုင်ငံ၊ မြစ်ဝါမြစ်အနီး မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တွေ့ရပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာတော့ (၂၀) ရာစုနှစ်ရဲ့ ရာစုဝက်အတွင်း အဓိကနှံကောင်ကပ်ပိုး (၄) ကြိမ် (၁၉၁၉ − ၁၉၂၉၊ ၁၉၃၂ − ၁၉၃၉၊ ၁၉၄၁ − ၁၉၄၉၊ ၁၉၅၈ − ၁၉၆၀) ဖြစ်ခဲ့ပါတယ်။ ၁၉၆၀ ခုနှစ်နောက်ပိုင်း မှာတော့ ဒီနှံကောင်ပြဿနာလျော့နည်းလာပါတယ်။ ၁၉၈၆ ခုနှစ်၊ စက်တင်ဘာလက ဂျပန်နိုင်ငံတောင်ပိုင်းမှာလည်း ဒီကောင်တွေကို တွေ့ရှိခဲ့ရပါတယ်။

ကာကွယ်နှိမ်နင်းခြင်း

    ဒီအရှေ့တိုင်းကျူးကျော်နှံကောင်ကို မြန်မာနိုင်ငံအနှံ့ စပါးစိုက်ဧရိယာတွေမှာ တွေ့ရတတ်ပြီး ယနေ့အချိန်အထိ စီးပွားရေးထိခိုက်လောက်အောင် ပျက်စီးဆုံးရှုံးမှု ရှိခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိသေးပါ။ စပါးမှာ သာမညဖျက်ပိုးသာဖြစ်ပြီး အကယ်၍ ဒီနှံကောင်ကိုတွေ့ခဲ့ပါက စိုးရိမ်သောကရောက်စရာမလိုပါ။ ဒါပေမဲ့ အကယ်၍ တဟုန်ထိုး ပျံ့နှံ့ပွားများလာမယ်ဆိုပါက အောက်ပါနည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်းကို ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတို့မှာ အသုံးများပါတယ်။ 

၁။ မြောင်းတူးပြီး မြောင်းထဲကို မောင်းချကာ နည်းအမျိုးမျိုးနဲ့သေစေခြင်း

၂။ အကောင်ငယ်များကို သစ်ကိုင်းများဖြင့်ရိုက်သတ်ခြင်း သို့မဟုတ် မီးတုတ်များဖြင့် သေစေခြင်း

၃။ ဓါတုပိုးသတ်ဆေးအနေနဲ့ မဖြစ်မနေသုံးစွဲရမှသာ သုံးစွဲသင့်ပြီး ထိသေ၊ စားသေ ပိုးသတ်ဆေးတစ်မျိုးမျိုး (အထူးသဖြင့် အော်ဂနိုဖော့စဖိတ် ဆေးအမျိုးအစား) ကို သုံးစွဲသင့်ပါတယ်။

ကိုးကားချက်များ

၁။ Rungs CEE, 1962. (La faune nuisible aux tabacs). In: Awamia, 153-157.

၂။ FAO, 1962. Host list of insects recorded in the South East Asia and Pacific Region: Oryza sativa - rice. In: Technical Document of the FAO Plant Protection Commission of the South East Asia and Pacific Region, 21 10 pp.

၃။ https://www.cabi.org/isc/datasheet/31151#todistributionDatabaseTable

၄။ https://www.cabi.org/isc/datasheet/31151#togrowthStages

၅။ https://en.wikipedia.org/wiki/Locusta_migratoria_manilensis

၆။ https://en.wikipedia.org/wiki/African_migratory_locust

၇။ http://www.nzdl.org/gsdlmod?e=d-00000-00---off-0hdl--00-0----0-10-0---0---0direct-10---4-------0-1l--11-en-50---20-about---00-0-1-00-0--4----0-0-11-10-0utfZz-8-00&cl=CL2.15.2&d=HASHd1edbf77fbe3fa2e5e3da5.7.1&gt=1

၈။ https://www.plantwise.org/KnowledgeBank/datasheet/31151#PreventionAndControlSection

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကိုစိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်