ဒီရေတောနှင့် ရေနေသတ္တဝါများရဲ့ ဂေဟစနစ်ဆက်သွယ်ချက်

22/08/2024 12:42 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ကမ္ဘာပေါ်တွင် ရေဧရိယာ(၇၀ %) နှင့် ကုန်းမြေဧရိယာ (၃၀ %)ခန့်ရှိရာ အဆိုပါ ဧရိယာအတွင်း၌ ဒီရေရောက်တောများ ပေါက်ရောက်ရှင်သန်လျက်ရှိနေကြပါသည်။

ကမ္ဘာပေါ်တွင် အပူပ်ိုင်းဇုံအတွင်း ကျရောက်သည့် နိုင်ငံပေါင်း(၁၁၈)၌ မျိုးစိတ်ပေါင်း (၁၁၀)ကျော်ရှိပြီး အာရှတိုက်တွင် အများဆုံးရှိသည်ကို သိရှိရပါသည်။

ဒီရေတောပင်သည် ဒီရေရောက်ရာဒေသများ၏ ဒီရေအတက်အကျရှိရာ ကုန်းမြေများ၌ ပေါက်ရောက်ပါသည်။ ဒီရေအတက်အကျ အများဆုံး (၆)နာရီ ကြာမြင့်အောင် ရေနစ်မြုပ်သည့် မြေနိမ့်မြေများမှ ဒီရေအနည်းငယ်သာရောက်ရှိနိုင်သည့် ကုန်းမြေများ၌လည်း ပေါက်ရောက်ရှင်သန်နိုင်သည့် မျိုးစိတ်များရှိကြပါသည်။ ဒီရေတောပင်များတွင် မြေတွင်ကပ်၍ပေါက်သည့် ငှက်ကြီးတောင်မျိုးစိတ်မှာ အမြင့်ပေ ၁၀၀ အထိမြင့်ပြီး လုံးပတ် လူ၂ ယောက်ဖက်ခန့်ရှိသော ကန့်ဘလာ၊ ပင်လယ်အုန်းကဲ့သို့ မျိုးစိတ်များလည်းရှိပါသည်။

ကမ္ဘာ့ဒီရေတောများ

ကမ္ဘာပေါ်တွင် ဒီရေတောဧရိယာ (၃၄.၉၂) ဧက သန်းရှိ၍ အာရှတိုက်သည် အများဆုံးအဖြစ် ၄၂ %၊ အာဖရိကတိုက်၌ ၂၁ %၊ မြောက်နှင့် အလယ်အမေရိက၊ ကာရေဗီယန်ကျွန်းဆွယ်ဒေသတို့၌ ၁၅ % ၊ သမုဒ္ဒရာများအတွင်းရှိ ကျွန်းစုများ၌ ၁၂ %နှင့် တောင်အမေရိကတိုက်၌ ၁၁ % အသီးသီး ပေါက်ရောက်လျက်ရှိကြပါသည်။ နိုင်ငံအလိုက် အများဆုံးပေါက်ရောက်မှုမှာ နိုင်ငံပေါင်း ၁၁၈ နိုင်ငံ၌ နိုင်ငံ(၂၀)ခန့်တွင် ၅၀ % ခန့် ပေါက်ရောက်ပြီး ကျန်နိုင်ငံ(၁၀၀)ခန့်တွင် (၅၀ %)ပေါက်ရောက်သည်ကို တွေ့ရှိရပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ဧရိယာအများဆုံး ဧက ၅.၇သန်းအထိ ပေါက်ရောက်သည်။

မြန်မာနိုင်ငံ၏ ဒီရေတောများ

မြန်မာနိုင်ငံတွင် ကမ်းရိုးတန်းဒေသများဖြစ်သည့် ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ မွန်၊ တနင်္သာရီတို့၌ ဒီရေတောများ တည်ရှိကြပြီး အဓိကအားဖြင့် ရခိုင်၊ ဧရာဝတီနှင့် တနင်္သာရီတို့တွင် အများအပြား ရှိကြပါသည်။ မြန်မာနိုင်ငံရှိ အဓိကဒီရေတောများမှာ ဧရာဝတီတိုင်း၌ သမီးလှကျွန်း၊ ကဒုံကနိကျွန်း၊ ရခိုင်ပြည်နယ်၌ ဝမ်ဖိုက်ဒီရေတော၊ တနသာ်ရီတိုင်း၌ လန်ပိကျွန်းတို့သည် နာမည်ကျော် ဒီရေတောများဖြစ်ကြပါသည်။ ၄င်းတို့၌ အဓိကပေါက်ရောက်လျက်ရှိသည့် မျိုးစိတ်များမှာ သမဲ့ကြီး၊ သမှဲ့၊ ကန့်ဘလာ၊ ဗြူး၊ ဗြူးခြေထောက်၊ မဓမ၊ ကနစို၊ ဝါးကြိတ်လိမ်၊ ပင်လယ်အုန်း၊ ခရာ၊ ဓနိတို့ ဖြစ်ကြပါသည်။

မြန်မာနိုင်ငံတွင် ၄င်းဒီရေတောများသည် လူသားတို့ မဆင်ခြင်မှုကြောင့် ပျက်စီးခဲ့ရပြီး အဓိကအကြောင်းရင်းမှာ လောင်စာနှင့် အဆောက်အဦးအတွက် ခုတ်ယူခြင်း၊ စပါးစိုက်ပျိုးရန်နှင့် ငါး/ ပုစွန်မွေးမြူရေးအတွက် ခုတ်ထွင်ရှင်းလင်းခြင်း၊ လူနေဧရိယာများ တိုးချဲ့လာကြခြင်း၊ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ တွင်ကျယ်လာခြင်းတို့ကြောင့် ဖြစ်ပါသည်။

ဒီရေတော၏ သဘာဝတရားအပေါ် လွှမ်းမိုးထားရှိမှု

ဒီရေရောက်ပင်များသည် ရေချိုရေငန်စပ်၊ ရေငန်ရှိရာ မြစ်ဝှမ်းများရှိ ရွှံ့စေးနှင့် နုန်းမြေများ၌ ပေါက်ရောက်ကြပြီး ၄င်းတို့သည် ကမ်းရိုးတန်းများ၏ ကြမ်းတမ်းသောအခြေအနေများကို ထိန်းညှိပေးခြင်း၊ အောက်ဆီဂျင် လျော့နည်းစေမှုကို ပြုပြင်ပေးခြင်းနှင့် မြေဆီလွှာ မပျက်စီးခြင်း၊ ဒီရေစီးဆင်းမှုကိုလည်း ညင်သာဖြည်းညင်းစေခြင်း၊ ရေအငန်နှုန်းကို ထိန်းညှိပေးခြင်း၊ ရေ၏အပူချိန်၊ စိုထိုင်းဆ၊ ရေလွှမ်းမိုးမှုတို့ကို သဘာဝအရ ထိန်းညှိပေးခြင်းတို့ကြောင့် ဒီရေတောသည် ရေနေသတ္တဝါ တို့အတွက် သာမက လူသားနှင့် သဘာဝပတ်ဝန်းကျင်အတွက် အရေးကြီးလှပါသည်။ ၄င်းအပြင် ဒီရေတောများသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်များ စုပ်ယူခြင်း၊ အောက်ဆီဂျင်များ ထုတ်လွှတ်ခြင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်သည့် မုန်တိုင်း၊ဆူနာမီတို့ကြောင့်၊ ပျက်စီးခြင်းများကို ကာကွယ်ပေးခြင်း၊ လူတို့သုံးစွဲစွန့်ပစ်သည့် ရေဆိုးရေညစ်များကို သန့်စင်ပေးခြင်း၊ စွန့်ပစ်ရေ၌ ပါဝင်လာသည့် ဓာတုဓာတ်ကြွင်းများကို ဒီရေရောက်ပင်အမြစ်များမှ စုပ်ယူပေးခြင်း စသည့် ကမ္ဘာကြီး၏ ဂေဟစနစ် မှန်ကန်စေရေးအတွက်လည်း အလွန်အရေးပါသည်။

ဒီရေတောအပင်မျိုးစိတ်များ

ဒီရေတောအပင်မျိုးရင်း(၁၆)မျိုး၊ မျိုးစိတ်(၁၁၀)ကျော်ရှိပါသည်။မြန်မာနိုင်ငံအတွင်း မျိုးစိတ် (၁၀၀)ခန့် ရှိသည်ဟု သိရပါသည်။

ဒီရေတောနှင့် ရေနေသတ္တဝါများ၏ ဂေဟစနစ်

ငါးသည် ပြန်လည်ဖြစ်ထွန်းလွယ်သော သတ္တဝါမျိုး(Renewable Species)ဖြစ်သော်လည်း မျိုးတုန်း၊ မပျောက်ကွယ်ဟု မည်သူတစ်စုံတစ်ယောက်မျှ တာဝန်ယူနိုင်ခြင်း မရှိပေ။ ယခုအခါ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတု ဖောက်ပြန်လာခြင်း၊ တိုးတက်လာသော လူဦးရေအတွက် လိုအပ်ငါးရိက္ခာကို သဘာဝရေပြင်မှ အလွန်အကျွံ ဖမ်းဆီးထုတ်လုပ်လာကြခြင်းတို့ကြောင့် နောင်နှစ် (၄၀)ခန့်ဆိုလျှင် ပင်လယ်ပြင်များ၌ ငါးများပျောက်ကွယ်တော့မည်ဟု ပညာရှင်များက ခန့်မှန်းကြပါသည်။

သို့ဖြစ်ရာ လူသားတို့ အသက်ရှင်ရပ်တည်ရေးအတွက် လိုအပ်ငါးရိက္ခာကို ရေရှည်စဥ်ဆက်မပြတ် ထုတ်လုပ်စားသုံးနိုင်စေရေး ပင်လယ်ပြင်ရေနေငါးသယံဇာတများ မပျောက်ကွယ်စေရေးသည် လူသားများ၏ အဓိကတာဝန်တစ်ရပ်ဖြစ်နေပေသည်။ငါးသယံဇာတ မျိုးမတုန်းစေဘဲ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် ဒီရေတောများသည် ငါးများ၏ ဘဝစက်ဝန်း(Life cycle)နှင့် ဂေဟစနစ်(Eco-system)တို့၌ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ဥမှပေါက်ဖွားလာသည့် နုနယ်သော သားပေါက်ငယ်များသည် သားစားငါးကြီးများ၏အန္တရာယ်မှ လွတ်ကင်းစွာသွားလာနိုင်စေပြီး လိုအပ်သောအစာအာဟာရများ ပေါကြွယ်လှသော ဒီရေတောများသည် ငါးသယံဇာတ မပျက်စီးရေး၌အဓိကကျသည့်အတွက် ဒီရေတော(habitat)များ မပျက်စီးစေရေး၊ တည်ရှိရေးသည် အလွန်အရေးပါလှပါသည်။ ဒီရေတောတို့သည် ကဏန်း၊ ခရု၊ ကမာ၊ ဂုံးများ၏ ပေါက်ဖွားကျက်စားရာနေရာဖြစ်ခြင်း၊ ဒီရေတောများအတွင်း မှီတင်းနေထိုင်ကြသည့် သတ္တဝါမျိုးစုံတို့၏ စွန့်ပစ် မစင်များသည် ငါးပုစွန်တို့အတွက် အစာအာဟာရဖြစ်ခြင်းတို့ကြောင့် ဒီရေတောတစ်ဧကပျက်စီးပါက ငါး/ပုစွန် ၁၈၇ပိဿာခန့် လျော့နည်းသွားနိုင်ကြောင်း ပညာရှင်များမှ ခန့်မှန်းတွက်ချက်ထားကြရာ ငါးပုစွန်များ၏ဘဝစက်ဝန်း ရေရှည်တည်တံ့ရေးအတွက် ဒီရေတောသည် အရေးကြီးသည့် အခန်းကဏ္ဍမှာ ပါဝင်နေပါသည်။

စီးပွားရေးအရ အရေးပါမှု

ကမ်းရိုးတန်းနေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများသည် ဒီရေတောများနှင့် ပတ်သက်ဆက်နွယ်နေကြပါသည်။အလုပ်အကိုင်အခွင့်အလမ်းများအဖြစ် တံငါလုပ်ငန်း(ငါး၊ ပုစွန်၊ ကဏန်း၊ ခရု၊ ယောက်သွား၊ ဂုံးရှာဖွေဖမ်းဆီးရေးလုပ်ငန်း)၊ မုဆိုးလုပ်ငန်း(ဒီရေတောအတွင်းနေတောကောင်များ၊ငှက်များ ရှာဖွေဖမ်းဆီးရေးလုပ်ငန်းများ)၊ လောင်စာထုတ်လုပ်ရေးလုပ်ငန်း(ထင်းခုတ်၊မီးသွေးဖုတ်)၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း(စပါး၊ ဓနိ၊ ရာဘာကဲ့သို့သော နှစ်တို နှစ်ရှည် စိုက်ခင်းများ)နှင့် (ကြက်၊ ဝက်၊ ဘဲ၊ ကဏန်း၊ခရု၊ ဂုံး၊ ယောက်သွား၊ ကမာမွေးမြူရေးလုပ်ငန်းများ)၊ ပရိဘောဂနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ(သစ်၊ တိုင်၊ မျောထုတ်လုပ်ရေး လုပ်ငန်းများ)၊ ခရီးသွားလုပ်ငန်းများ(Mangrove Forest Ecotourism)၊ စားသောက်ကုန်ထုတ်လုပ်ရေး(ရေထွက် အစားအစာနှင့် ဓနိပင်မှ ထုတ်လုပ်သည့် ဓနိရည်နှင့် အရက်၊ ဓနိဖူးခြောက်၊ ဓနိသီးလုပ်ငန်းများ) မြောက်များစွာတို့ကို ဒီရေတောများမှ ဖော်ထုတ်လုပ်ကိုင်နိုင်ကြသည်ကို တွေ့ရပါသည်။ ဒီရေတောပင်ဖြင့် အဓိကစီးပွားရေးလုပ်ငန်းတစ်ခုမှာ ထိုင်းနိုင်ငံသည် သဘာဝပေါက်ရောက်နေသည့် ဒီရေတောများကို ထိန်းသိမ်းပြီး ဒီရေရောက်သည့် အခြားမြေလွတ်နှင့် ဆားငန်ပေါက်မြေများတွင် စိုက်ခင်းများထူထောင်ပြီး ပရိဘောဂ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် လောင်စာ၊ ထင်း၊ မီးသွေးထုတ်လုပ်သည့် လုပ်ငန်းများကို ဆောင်ရွက်နေကြသည်ကို တွေ့ရှိရပါသည်။ 

 နမူနာအားဖြင့် ဧရိယာဧက(၁၀၀)ခန့်ရှိသော မြေတွင် ဗြူးခြေထောက်ပင်များအား တစ်ပင်နှင့် တစ်ပင်(၃)ပေခန့်ခြား၍ တစ်နှစ်လျှင် (၁၀)ဧကစီ စိုက်ပျိုးပြီးလျှင် (၁၀)နှစ်ပြည့်ပါက တစ်နှစ်လျှင် အလှည့်ကျ (၁၀)ဧကစီ ခုတ်၍ စီးပွားဖြစ်စိုက်ခင်းဆောင်ရွက်နေကြသည်ကို တွေ့ရှိရပါ သည်။ထွက်ရှိ သစ်နှင့် မီးသွေးများကို စက်ာပူနှင့် အာရပ်နိုင်ငံများသို့ထိ တင်ပို့နိုင်ကြသည်ကို တွေ့ရှိရပါသည်။

ဒီရေတောများသည် ကမ်းရိုးတန်းနေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပြင် ဒီရေတောများအနီး ရပ်ရွာများ တည်ထောင်နေထိုင်နိုင်ကြခြင်းဖြင့် မုန်တိုင်းနှင့် ဆူနာမီကဲ့သို့ သဘာဝဘေးအန္တရာယ်တို့ကိုလည်း ကာကွယ်ပေးနိုင်သည်ကို တွေ့ရပါသည်။

ခရီးသွားလုပ်ငန်း

ယခုအခါ နိုင်ငံတကာတွင် ဒီရေတောများကို လေ့လာလိုသည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းထွန်းကားလာသည့်အတွက် ဒီရေတောအခြေခံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း (Mangrove Forest Ecotourism) သည် ကျယ်ပြန့်လာလျက်ရှိနေပြီ ဖြစ်ပါသည်။ ၄င်းခရီးသွားလုပ်ငန်းများအနေဖြင့် ဒီရေတက်ချိန်၊ဒီရေတောများအတွင်း လှေဖြင့်သွားရောက်လေ့လာခြင်း၊ဒီရေတောများအတွင်း တံတား၊ ပတ်လမ်း၊ နားခိုရာနေရာများ၊ စားသောက်ဆိုင်များ ဖွင့်လှစ်၍ ရှုခင်း၊ အပင်နှင့် သတ္တဝါမျိုးစိတ်များကို လေ့လာခြင်း၊ ဒီရေတောအတွင်း ငါး၊ ပုစွန်ဖမ်းဆီးမှု နည်းစနစ်များကို လေ့လာခြင်းတို့ကို ဆောင်ရွက်နေကြပြီဖြစ်ပါသည်။

ဒီရေတောနှင့် သဟဇာတကျသည့် မွေးမြူနည်းစနစ်များ(Mangrove friendly Culture)

 စီးပွားရေးအလို့ငှာ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရာတွင် ဒီရေတောများကို ခုတ်ထွင်ရှင်းလင်းပြီး ငါး၊ ပုစွန်၊ ကဏန်းများကို မွေးမြူနိုင်ခြင်းဖြင့် ဒီရေတောများကို ပျက်စီးစေ သော်လည်း ဒီရေတောများ မပျက်စီးစေဘဲ မွေးမြူနိုင်သည့်နည်းစနစ်များ(Mangrove friendly Culture)ဟု ခေါ်ဆိုပြီး ဒီရေတောအတွင်း ခြံခတ်၍ ဘဲ ၊ရွှံကဏန်း၊ ခရု၊ဂုံး၊ ယောက်သွား၊ ကမာကောင်များ မွေးမြူနိုင်ပါသည်။ထိုစနစ်တွင် ဒီရေကို လှောင်ပိတ်ထားခြင်းမရှိဘဲ ခြံအဖြစ်(ယင်းပိုက်)များ ကာရံ၍ ဒီရေအတက်အကျကို မထိခိုက်၊ အပင်များကို မခုတ်ထွင်ဘဲ ဆောင်ရွက်နိုင်ရာ ဒီရေတောများ ပျက်စီးမှု မရှိသဖြင့် ဒီရေတောနှင့် လိုက်လျောညီထွေ သဟဇာတဖြစ်သည့် မွေးမြူရေးလုပ်ငန်းဖြစ်၍ ဆောင်ရွက်သင့်ပါသည်။

ဒီရေတောနှင့် ပတ်သက်ဆက်နွယ်သည့် သယံဇာတထိန်းသိမ်းရေးလုပ်ငန်းများ

ဒီရေတောထိန်းသိမ်းခြင်းဖြင့် အခြားပတ်သက်ဆက်နွယ်သည့် ရေနေသယံဇာတများနှင့် တောရိုင်းသတ္တဝါများ၊ရှားပါးမျိုးတုံးတော့မည့် သတ္တဝါများကို ထိန်းသိမ်းနိုင်ပါသည်။ ဒီရေတောအတွင်း မှီတင်းကျက်စားနေထိုင်နိုင်သည့် သတ္တဝါမျိုးစိတ်များ(ဆင်၊ ကျား၊ သမင်၊ ဒရယ်၊ဆတ်၊ မျောက်)အစရှိသည့် သတ္တဝါမျိုးစိတ်ပေါင်းများစွာကိုလည်း ထိန်းသိမ်းနိုင်သဖြင့် အဆိုပါထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ရာရောက်ပါသည်။

ဒီရေတော ထိန်းသိမ်းရေးလုပ်ငန်းများ 

ဒီရေတောများကို ထိန်းသိမ်းရေးဆောင်ရွက်ရာတွင် လူတို့ပယောဂကြောင့် ပျက်စီးမှုမရှိ စေရေး တားမြစ်ထိန်းသိမ်းခြင်း၊သဘာဝအလျောက် ပေါက်ရောက်သည့် အပင်ပေါက်ငယ်များကို ကျွဲ၊နွားစသည့် တိရစ္ဆာန်များ မဖျက်ဆီးစေရေး ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ လူတို့၏ပယောဂဖြင့် ထင်းအလို့ငှာ အလွန်အကျွံခုတ်ယူခြင်း၊စိုက်ပျိုးရေး၊ မွေးမြူရေးအလို့ငှာ ခုတ်ထွင်ရှင်းလင်းအသုံးချခြင်းတို့သည် ဒီရေတောများကို လွန်စွာပျက်စီးစေသဖြင့် လောင်စာထင်းအလို့ငှာ ခုတ်ယူမှုကို စောင့်ကြပ်ထိန်းချုပ်ရန် လိုအပ်မည်ဖြစ်ပြီး မြေလွတ်မြေရိုင်းဟု အကြောင်းပြ၍ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခွင့် လျှောက်ထားမှုများကိုလည်း မြေပြင်ကွင်းဆင်းအဖွဲ့များ ဖွဲ့စည်း၍ ကွင်းဆင်းစစ်ဆေးစေပြီး ဒီရေတောများ မပျက်စီးစေရေးကို အတတ်နိုင်ဆုံး ဂရုပြုထိန်းသိမ်းရမည် ဖြစ်ပါသည်။ 

အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

ဒီရေတော ထိန်းသိမ်းရေးလုပ်ငန်းများကို ပြည်သူလူထုတစ်ရပ်လုံးမှ သိရှိစေရန်နှင့် ထိန်းသိမ်းလိုစိတ်များ ဖြစ်ပေါ်လာစေရန် အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဒီရေတောပျိုးပင်များ စိုက်ပျိုးခြင်းတို့ကို ပြည်သူလူထုတစ်ရပ်လုံး ပါဝင်စေသည့်စနစ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အဓိကအားဖြင့် ဒီရေတောအနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် ဒေသခံများနှင့် ကျောင်းသူကျောင်းသားများအား ပညာပေးခြင်း၊ စီမံခန့်ခွဲသူများမှ လုပ်ကိုင်ခွင့်ပြုမိန့်များ ချမှတ်ရာတွင် သတိပြု၍ လုပ်ငန်းလုပ်ကိုင်သူများသို့ စည်းကမ်းချက်နှင့် အညီ လုပ်ကိုင်ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။

အချုပ်အားဖြင့် ဆိုရသော်-

 ဒီရေတောသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို ထိန်းသိမ်းနိုင်ခြင်း၊ဖန်လုံအိမ် အာနိသင်ကို လျှော့ချနိုင်ခြင်း၊ ဂေဟစနစ်နှင့် သတ္တဝါများတို့၏ ဘဝစက်ဝန်းအတွက် အရေးပါခြင်း၊ လူသားတို့ အတွက် သဘာဝဘေးအန္တရာယ်များကို ကာကွယ်ပေးနိုင်ခြင်း၊အလုပ်အကိုင် အခွင့်အလမ်းများ ပေးခြင်းတို့ကြောင့် ကမ္ဘာပေါ်ရှိလူသားများအားလုံးနှင့် သက်ဆိုင်သည့် သစ်ပင်သစ်တောများ ဖြစ်ပါသည်။ ဒီရေတောထိန်းသိမ်းရေးလုပ်ငန်းသည် လုပ်ငန်းသဘောသဘာဝအရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သော်လည်း ငါးနှင့် ရေနေသတ္တဝါတို့၏ ဝေဟစနစ်နှင့် ဘဝစက်ဝန်းအတွက် ပါဝင်ခြင်း၊ ရေလုပ်ငန်းလုပ်ကိုင်သူများမှာ ဒီရေတောအနီး ပတ်ဝန်းကျင်တွင် နေထိုင်ပတ်သက် ဆက်နွယ်ကြခြင်း၊ ငါးလုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများသည် ဒီရေတောနှင့် ပတ်သက်ဆက်နွယ်မှုရှိခြင်း၊ ဒီရေရောက်ပင်များသည် ရေထဲ၌ အချိန်ကာလအတိုင်းအတာတစ်ခုအထိ ရှင်သန်နိုင်ခြင်းတို့ကြောင့် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒီရေတောများ ထိန်းသိမ်းရေး၊မပျက်စီးဘဲ ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများတွင် မိတ်ဘက်ဌာနအအဖြစ်  ပါဝင်ဆောင်ရွက်သင့်ပါသည်။ ထို့အပြင် ငါးလုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်သူများသာမကပြည်သူတစ်ရပ်လုံးကပါ  ဒီရေတောများ မပျက်စီးစေရေး ဂရုပြုဆောင်ရွက်ကြနိုင်ရေး ရေးသားတင်ပြလိုက်ရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်