ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

08/06/2018 17:37 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၄.၆.၂၀၁၈ မှ ၈.၆.၂၀၁၈)ထိ

ဆန်၊ စပါး

 ပုသိမ်ဈေးကွက်မှာတော့ ဆန်ဈေးရော စပါးဈေးရော သုံးပတ်ဆက်တိုက်ကို ငြိမ်နေပါတယ်။ လက်ရှိမှာ နွေစပါးထွက်ရှိနေပေမယ့် တရုတ်နိုင်ငံက အဝယ်နည်းတဲ့အတွက် ဆန်ဈေးရော စပါးဈေးပါ  ငြိမ်နေပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံက ဆန်တန်ချိန် ၁ သိန်းကို တရားဝင် ဝယ်ယူသွားမယ်ဆိုတဲ့သတင်းကြောင့် ကုန်သည်တွေကလည်း စောင့်ကြည့်နေကြတဲ့အခြေအနေရှိနေပါတယ်။ ဆန်ချော စပါးဈေးတွေက ငြိမ်နေပေမယ့် အကြမ်ဈေးတွေကတော့ အနည်းငယ်တက်လာတာကိုလည်း တွေ့ရပါတယ်။ ရန်ကုန်ဈေးကွက်မှာလည်း ဆန်က အဝင်နည်းပြီးဈေးကလည်း ငြိမ်နေပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထ၊နွေသီးထပ်ဆန်တို့ကတော့ ဈေးအနည်းငယ် တက်လာပါတယ်။ ဆန်ကြမ်းတွေက တရုတ်နိုင်ငံအပြင် နယ်စပ်ကနေတဆင့်အခြား  ပြည်ပတင်ပို့မှုမှာလည်း များလာတဲ့အတွက် ဈေးကတက်လာတာလည်း ဖြစ်ပါ တယ်။ ပုသိမ်ဈေးကွက်မှာ ပထမတန်းစားဆန်ဖြစ်တဲ့ ဧရာဝတီပေါ်ဆန်းက တင်း ၁၀၀ ကို ၁၀၉၅၀၀၀ ကျော်ရှိပြီး ဆန်(ထိပ်စ)ကတော့ တစ်တင်းခွဲကို ၄၅၀၀၀၊ ပေါ်ဆန်းရင်က တင်း ၁၀၀ ကို ၉၈၀၀၀၀ ကျော်ရှိပြီး ဆန်ကတော့ တစ်တင်းခွဲကို ၄၂၀၀၀၊ ဖျာပုံပေါ်ဆန်းကတော့ တင်း ၁၀၀ ကို ၁၀၄၃၀၀၀ ကျော်ရှိပြီး ဆန်က တစ်တင်းခွဲကို ၄၃၀၀၀ နဲ့ ဈေးအပြောင်းအလဲ မရှိပဲ ငြိမ်နေခဲ့ပါတယ်။

ဒုတိယတန်းစား စပါးဖြစ်တဲ့ ရွှေသွယ်လေးနဲ့ဧရာမင်းကတော့ တင်း ၁၀၀ ကို ၇၃၆၀၀၀ ရှိပြီး  ဆန်(အလတ်စ) တစ်တင်းခွဲ ကို ၃၀၀၀၀ ကျပ်၊ မနောသုခကတော့ တင်း ၁၀၀ ကို ၅၉၀၀၀၀ ကျော် ရှိပြီး ဆန်က တစ်တင်းခွဲ ကို ၂၃၅၀၀ ရှိပါတယ်။ မီးကောက်ကတော့ တင်း ၁၀၀ ကို ၆၁၆၀၀၀ ကျော် ဖြစ်ပြီး ၂၀၀၀၀ ကျော်ဈေးတက်လာပါတယ်။ ဆန်ကလည်း တစ်တင်းခွဲကို ၂၅၅၀၀ ဖြစ်ပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ သီးထပ်ရင်ကလည်း တင်း ၁၀၀ ကို ၅၄၀၀၀၀ ကျော်ရှိပြီး ၂၀၀၀၀ ကျော် ဈေးတက်ကာ ဆန်တစ်တင်းခွဲကိုလည်း ၅၀၀ ကျပ်ဈေးတက်လာပြီး ၂၁၈၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်ဈေးကွက်မှာလည်း ဆန်ချောတွေက ဈေးငြိမ်နေပြီး ဆန်ကြမ်းဖြစ်တဲ့ရက် ၉၀ ရှယ်က တစ်အိတ်ကို ၂၂၅၀၀ ကနေ ၂၂၈၀၀ ရှိပြီး ၃၀၀ ကျပ်၊ နွေသီးထပ်ဆန်က တစ်အိတ်ကို ၂၁၇၀၀ ကနေ ၂၂၀၀၀ ရှိပြီး တစ်အိတ်ကို ၃၀၀ ကျပ်၊ဈေးတက်လာခဲ့ပါတယ်။

မတ်ပဲ (FAQ/RC)

 ဒီတစ်ပတ်မှာတော့ မတ်ပဲက အတက်အကျ တည်ငြိမ်မှုမရှိပါဘူး။ တစ်တန်ကို ၅ သိန်းခွဲနီးပါးအထိ ဈေးကတက်လာခဲ့ပေမယ့် ဈေးက တက်လိုက်ကျလိုက် ဖြစ်နေတဲ့အခြေအနေရှိနေပါတယ်။ နယ်ကုန်စည်ဒိုင်တွေမှာတော့ နေ့စဉ် ပုံမှန်အဝယ်ကရှိနေပြီး ဈေးငြိမ်နေတာကိုလည်း တွေ့ရပါတယ်။ ရာသီဥတုကြောင့် ကုန်စည်ဒိုင်တွေကို ပဲအဝင်နည်းနေတာကလည်း  ဈေးအများကြီး မကျဆင်းသွားပဲ အတက်ဈေးနဲ့ ရှိနေခြင်းဖြစ်ပါတယ်။ လက်ရှိမှာ မတ်ပဲဈေးက အိန္ဒိယရဲ့ ဝယ်ယူမှုပေါ်အဓိကကျနေပြီး အိန္ဒိယနိုင်ငံက အဝယ်များရင် ဈေးကတက်လာပြီး အဝယ်နည်းရင် ဈေးကကျသွားတဲ့ အခြေအနေလည်းဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေက အိန္ဒိယနိုင်ငံရဲ့လိုအပ်ချက်ကြောင့် မြန်မာမတ်ပဲတွေကို ဈေးကောင်းပေးပြီး ဝယ်ယူခဲ့ပေမယ့် လက်ရှိမှာ ပြည်တွင်းစိုက်ပျိုးမှု လုံလောက်နေတဲ့အတွက် ပြည်ပဝယ်ယူမှုကို အိန္ဒိယက လျော့ချခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို အနိမ့်ဆုံးဈေးသတ်မှတ်ပြီး ပဲဝယ်ယူဖို့ပြီးခဲ့တဲ့ နှစ်တွေကကမ်းလှမ်းခဲ့ပေမယ့် မတ်ပဲဈေးက ကောင်းခဲ့တဲ့အတွက် ထိုစနစ်ကို လက်မခံခဲ့ပဲ လက်ရှိမှာတော့ အဆိုပါစနစ်နဲ့ ပြန်လည်ဝယ်ယူဖို့ကို မြန်မာနိုင်ငံက တောင်းဆိုနေပါတယ်။ မြန်မာနိုင်ငံအခြေစိုက် အိန္ဒိယသံရုံးကတော့ ထိုသို့ဝယ်ယူဖို့ကို အချိန်ယူစဉ်းစားနေတယ်လို့လည်း သိရပါတယ်။ လက်ရှိအချိန်ထိလည်း  အိန္ဒိယနိုင်ငံက ပဲဝယ်ယူမှုနဲ့ပတ်သတ်ပြီး တိကျမှုမရှိတဲ့ ထုတ်ပြန်ချက်ကလည်း ဈေးကို ဆက်ပြီးမတက်ပဲ ဖြစ်နေပါတယ်။ ဒီတစ်ပတ် ရန်ကုန်ကုန်စည်ဒိုင်မှာတော့ မတ်ပဲက တစ်တန်ကို ၅၄၀၀၀၀ ကျော်အထိ အမြင့်ဆုံးဈေးတက်လာခဲ့ ပြီး တစ်ပတ်အတွင်း ဈေးအနည်းငယ်ပြန်ကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၇၀၀၀ နဲ့ ၈၀၀ ကျပ်၊ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၆၅၀၀ နဲ့ ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၄၅၀၀ နဲ့ဈေးငြိမ်နေပါတယ်။မတ်ပဲက ပြီးခဲ့တဲ့ နှစ် ကာလတူအခြေအနေမှာ တစ်တန်ကို ၉ သိန်းအထိ ဈေးရရှိနေခဲ့ပါတယ်။

ပဲစင်းငုံနီ

 ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ တစ်တန်ကို ၅သိန်းကျော်အထိ ပေါက်ဈေးရှိခဲ့ပါတယ်။ နယ်ကုန်စည်ဒိုင်တွေမှာလည်း အဝယ်များပြီး ဈေးကတက်လာခဲ့ပါတယ်။ ဇွန်လ ၁ ရက်နေ့ကနေစပြီး အိန္ဒိယနိုင်ငံကို တန်ချိန် ၂ သိန်း တင်ပို့ရတဲ့ ရန်ကုန်ဝယ်လက်တွေ နေ့စဉ်အဝယ်ရှိပြီး ဈေးက တက်လာပါတယ်။ အိန္ဒိယနိုင်ငံကို လာမယ့် သြဂုတ်လ နောက်ဆုံးထားပြီး အချိန်မှီတင်ပို့ရမှာဖြစ်တဲ့အပြင် အလုံးအပြင် ခွဲခြမ်းပါ တင်ပို့ရမှာဖြစ်တဲ့အတွက် ဈေးကထပ်ပြီး တက်လာနိုင်တယ်လို့ကုန်သည်တွေက သုံးသပ်ထားပါတယ်။ ဈေးကတက်လာပေမယ့်လည်း တောင်သူတွေလက်ထဲမှာ ပဲတွေက မရှိတော့ပါဘူး။ ပြီးတော့ လက်ရှိဈေးကလည်း တောင်သူတွေအတွက် အရင်းမကြေနိုင်သေးတဲ့အခြေအနေ ဖြစ်နေပါသေးတယ်။ တစ်တန်ကို ၃ သိန်းကျော်နဲ့ ကာလာအတန်ကြာ ငြိမ်နေခဲ့ပြီး အိန္ဒိယထုတ်ပြန်မှုကြောင့်သာ ဈေးကပြန်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ပဲစင်းငုံနီက မတ်ပဲ နည်းတူ အိန္ဒိယရဲ့ အဆုံးအဖြတ်ပေါ်မူတည်နေပါတယ်။ ဒီတစ်ပတ် ရန်ကုန်ကုန်စည်ဒိုင်မှာ တစ်တန်ကို  ၅သိန်း ၃ သောင်းကျော်အထိ ဈေးကတက်လာခဲ့ပြီး မတ်ပဲနဲ့ဈေးအနည်းငယ်သာကွာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တစ်တင်းကို ၁၄၅၀၀ နဲ့ တစ်တင်းကို ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၄၂၀၀ နဲ့ ၂၀၀ နီးပါးဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၆၀၀၀ အထိ ဈေးရရှိခဲ့ပြီး ၁၀၀၀ နီးပါးဈေးတက်လာပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ ပဲစင်းငုံနီက တစ်တန်ကို ၆ သိန်းခွဲအထိ ဈေးရရှိခဲ့ပြီး မတ်ပဲနဲ့နှိုင်းယှဉ်လိုက်ရင် ဈေးကတော့ အများကြီး ကွာဟတာမျိုးမရှိပါဘူး။

ကြက်သွန်နီ

ကြက်သွန်နီကတော့ လက်ရှိမှာ ရာသီဥတုကြောင့် လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့အတွက် တင်ပို့မှု နည်းပြီး အဝင်နည်းသွားကာ အဝယ်လည်း နည်းသွားပါတယ်။ အဝယ်နည်းသလို ဈေးကလည်း ၃ ပတ်ဆက်တိုက်ငြိမ်နေတာကိုလည်းတွေ့ရပါတယ်။ ပြည်တွင်းမှာ အဝင်နည်းပြီးဈေးအေးသွားသလို ပြည်ပနိုင်ငံဖြစ်တဲ့ တရုတ်နဲ့ထိုင်းကို တင်ပို့တာမှာလည်း လျော့နည်းတင်ပို့ခဲ့ပါတယ်။ တစ်ပတ်အတွင်း ရန်ကုန်ကုန်စည်ဒိုင်မှာ ကြက်သွန်နီ (ဆိပ်ဖြူ၊မုံရွာ၊ရွှေဘို) တို့က တစ်ပိဿာကို ၅၅၀ ကနေ ၆၅၀ ရှိပြီး ဈေးအတော်အေးနေပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၄၂၅ ကျပ်ကနေ ၅၂၅ ကျပ်၊ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၄၅၀ ကနေ ၆၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၄၅၀ ကနေ ၆၅၀ ရှိပြီး ၅၀ ကျပ်ဈေးတက်လာတာကိုတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်အစမှာ ကြက်သွန်နီ တစ်ပိဿာကို ၃၀၀၀ ကျော်နဲ့ ဈေးကောင်းရခဲ့ပြီး တောင်သူတွေကလည်း ထိုဈေးကောင်းရမယ့်အချိန်ကို လက်၇ှိအချိန်ထိစောင့်ပြီး လှောင်နေမှုများရှိနေတာကို သိရပါတယ်။

 

ဝတ်ရည်မွန်(AMIA)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်