ဈေးအမြင့်တန်းမှာရှိနေတဲ့ ကြက်သွန်ဖြူ၊ အာလူးနဲ့ စားအုန်းဆီအပါအဝင် တခြားသီးနှံများ တစ်ပတ်စာဈေးကွက်သုံးသပ်ချက်

17/11/2023 17:00 PM တွင် AMIA AMIA မှ ရေးသား

ယခုတစ်ပတ်အတွင်း ပြည်ပကတင်သွင်းရတဲ့ စားဖိုဆောင်သီးနှံ ကြက်သွန်ဖြူ၊ အာလူး၊ စားသုံးဆီက အမြင့်ဈေးတန်း မှာရှိနေပြီး ပြည်တွင်းမှာ စိုက်ပျိုးထုတ်လုပ်တဲ့ ကြက်သွန်နီနဲ့    ဂျင်းတက်ကတော့ ဈေးပြန်ကျလာကာ  သကြား ဈေးတက်လာတာတွေ့ရပါတယ်။

စားအုန်းဆီဈေးကွက်

စားအုန်းဆီကတော့ ခုချိန်ထိ ဆိုင်တွေမှာ လိုအပ်သလောက် ဝယ်ယူလို့မရသေးတဲ့အပြင် ဈေးနူန်းကလည်း တစ်ပိဿာကို ၈၀၀၀ ကျပ်အထိအမြင့်ဈေးတန်းမှာပဲရှိနေပါသေးတယ်။

လက်ရှိမှာ စားအုန်းဆီကို အရင်လို တစ်ပိဿာကို ၅၀၀၀ ကျပ်ဝန်းကျင်နဲ့ ရောင်းချပေးတဲ့ဆိုင်တွေလည်း သိပ်ပြီးမရှိတော့တာကိုတွေ့ရပါတယ်။ ဒါ့အပြင် ဆီအရောင်းဆိုင်အများစုကလည်း စားအုန်းဆီကို ရောင်းချမှု မရှိသလောက်နည်းပြီး အဓိက ပဲဆီ၊ နှမ်းဆီ၊ ပဲနှမ်းအရောဆီဆိုပြီးသာ ရောင်းချနေကြပါတယ်။

စားအုန်းဆီခွဲတမ်းရတဲ့ဆိုင်တွေကသာ ဖောက်သည်ကုန်စုံဆိုင်တွေကို တဆင့်ပြန်ရောင်းချတာရှိပြီး လက်လီမှာ တစ်ပိဿာကို ၈၀၀၀ ထိရောင်းချနေကြတာဖြစ်ပါတယ်။

ကြက်သွန်ဖြူဈေးကွက်

မူဆယ် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှု၏ အကျိုးတက်အဖြစ် ပြည်တွင်းကထွက်တဲ့ ကြက်သွန်ဖြူရော တရုတ်ကတင်သွင်းနေတဲ့ ကြူကုတ်ကြက်သွန်ဖြူတွေပါ အမြင်ဈေးတန်းမှာရှိနေဆဲဖြစ်ပါတယ်။ တရုတ်ကုန်သွယ်ရေးရပ်တန့်သွားတဲ့ အောက်တိုဘာလ ၂၇ ရက်နောက်ပိုင်းမှာ ကြက်သွန်ဖြူဈေး စံချိန်တင်နှုန်းအဖြစ် ၂၅၀၀၀ ကျပ်အထိမြင့်တက်သွားခဲ့ပြီး ပစ္စည်းပြတ်လတ်တဲ့အထိ ဖြစ်ပေါ်ခဲ့ ပါတယ်။

လက်ရှိမှာတော့ တရုတ်ကြက်သွန်ဖြူ ကြူကုတ်ကို ထိုင်းနယ်စပ်ဂိတ်ကနေ တင်သွင်းမှုရှိလာတာကြောင့် ဈေးနှုန်းက လက်လီဈေးကွက်မှာ ၁၈၀၀၀ ကျပ်အထိပြန်ကျလာပြီး ပစ္စည်းပြတ်လပ်မှုလည်း နည်းသွားတယ်လို့ သိရပါတယ် ။

ခုတစ်ပတ်ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်မှာ ကြူကုတ်ကြက်သွန်ဖြူက တစ်ပိဿာကို ၁၃၅၀၀ မှ ၁၄၅၀၀ ကျပ်ရှိပြီး အောင်ပန်းထူး  တစ်ပိဿာကို ၁၀၅၀၀ ကျပ်၊ အောင်ပန်းထူး ၃ က ၁၁၀၀၀ ကျပ်၊ အောင်ပန်းထူး ၄ က ၁၁၅၀၀ ကျပ်ရှိပြီး အောင်ပန်းထူး ၅ က တစ်ပိဿာကို ၁၂၀၀၀ ကျပ်အထိရှိနေပါတယ်။

ကြက်သွန်နီ ဈေးကွက်

ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများပိတ်သွားသဖြင့် မြန်မာ့ကြက်သွန်နီကို ဘင်္ဂလားဒေ့ရှ်ကနေ ဝယ်ယူမှု အားကောင်းလို့ ဈေးတန်းက ကုန်စည်ဒိုင်တွေမှာ တစ်ပိဿာကို ၃၉၅၀ ကျပ်အထိ မြင့်တက်ခဲ့ရာကနေ လက်ရှိမှာတော့ ပြည်ပတင်ပို့မှု့ လျော့သွားလို့ ဈေးတန်းပြန်ကျသွားပါတယ်။

 ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ဆိပ်ဖြူ ကြက်သွန်နီက ရှယ် ၃၆၀၀ ၊ လတ်ကြီး ၃၅၀၀၊ လတ်သန့်က ၃၁၀၀ ကျပ်နဲ့ လတ်ချောက ၂၅၀၀ ကျပ်ရှိပါတယ်။ တောင်သာကြက်သွန်နီ ရှယ်က ၃၁၀၀ ကျပ်၊ လတ်ကြီးက ၃၀၀၀ ၊ လတ်သန့်က ၂၆၀၀ ကျပ်နဲ့ လတ်ချောက ၂၀၀၀ ကျပ်ဈေးရှိနေပါတယ်။

ပခုက္ကူဈေးကွက်မှာတော့ ကြက်သွန်နီအရည်အသွေးအပေါ်မူတည်ပြီး တစ်ပိဿာကို ၂၁၀၀ ကနေ ၂၈၅၀ ကျပ်အထိသာရှိပြီး အရောင်းအဝယ်သွက်နေတယ်လို့ သိရပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ တောင်သာကြက်သွန်နီက ၂၀၀၀ ကျပ်မှ ၃၂၀၀ ကျပ်၊ မုံရွာကြက်သွန်နီက ၂၇၀၀ ကျပ်မှ ၃၆၀၀၊ ဆိပ်ဖြူက ၂၅၀၀ မှ ၃၆၀၀ ကျပ်ရှိတယ်လို့သိရပါတယ်။

လက်လီဈေးကွက်မှာတော့ ကြက်သွန်နီ အလုံးအကြီးအသေး ၊ အပုပ်အနာအဆာ ရှိမရှိအဝယ်လိုက်ပြီး အမြင့်ဆုံး  တစ်ပိဿာကို ၅၀၀၀ ကျပ်အထိ ဈေးတန်းရှိနေပါသေးတယ်။

အာလူးဈေးကွက်

အာလူးဈေးကွက်မှာလည်း  ပြီးခဲ့တဲ့ရက်က ဘုရင့်နောင် ကုန်စည်ဒိုင်မှာ တရုတ်ကနေတင်သွင်းတဲ့ တရုတ်အာလူးတစ်ပိဿာကို ၄၂၀၀ ကျပ်အထိ မြင့်တက်လာခဲ့ရာကနေ လက်ရှိမှာတော့ တစ်ပိဿာကို ၄၀၀ ကျပ်ပြန်ကျသွားလို့ ၃၈၀၀ ကျပ်ရှိပြီး ပစ္စည်းပြတ်လပ်မှုတွေတော့ရှိနေသေးတယ်လို့သိရပါတယ်။

တရုတ်အာလူးကို လုပ်ငန်းသုံးအဖြစ်အသုံးပြုမှုများပြီး ရှမ်းအာလူးတွေကတော့ ပြည်တွင်းစားသုံးမှုများကြောင့်၊ အဓိကစားသုံးသူတွေဟာ ဈေးနှုန်းနည်းတဲ့အာလူးကိုသာ အဓိကရွေးချယ်စားသုံးကြတာများပါတယ်။

ခုတစ်ပတ်ဘုရင့်နောင်ဈေးကွက်မှာတော့ တရုတ်အာလူးတစ်ပိဿာကို ၃၈၀၀ ကျပ်ရှိနေပါတယ်။

ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်မှာတော့  မျက်နီ S-2  အကြီးအသေးအရော တစ်ပိဿာကို ၃၀၀၀ ကျပ်၊ မျက်နီ S-2 က ၂၅၀၀ မှ ၂၇၀၀ ကျပ်၊ A-1 က ၁၆၀၀ ကျပ်မှ ၁၈၀၀ ကျပ်၊ မျက်နီ OK က ၂၂၀၀ မှ ၂၃၀၀ ကျပ်၊မားကစ် S-1 / S-2 အရောက ၃၇၀၀ ကျပ် ၊မားကစ် S-1 / OK အရောက ၃၀၀၀ ကျပ်ရှိပြီး တရုတ်အာလူးကတော့ ပစ္စည်းအဝင်မရှိဘူးလို့သိရပါတယ်။

လက်လီဈေးကွက်မှာ တော့ အားလူးတစ်ပိဿာကို ၅၀၀၀ ကျပ်အထိ ရောင်းချမှုရှိနေပါတယ်။

သကြား ဈေးကွက်

သကြားကတော့ ခုတစ်ပတ်မှာ ဈေးအနည်းငယ် တက်လာတာကို တွေ့ရပါတယ်။ ပြည်တွင်းမှာသကြားလက်ကျန် နည်းသွားတာကတကြောင်း၊ တရုတ်ကနေ သကြားတင်သွင်းနိုင်ခြင်းမရှိတဲ့အခြေအနေတွေကြောင့်လည်းကောင်း သကြားဈေးက အနည်းငယ်ထပ်တက်လာတာပါ။

ခုတပတ်ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်မှာ သကြားတစ်ပိဿာကို ၃၈၅၀ ကျပ်ဈေးရှိနေပါတယ်။ လက်လီ ဈေးကွက်မှာတော့ သကြားတစ်ပိသာကို ၅၀၀၀ ကျပ်အထိရောင်းချနေကြပါတယ်။

မကြာမီ ကြံကြိတ်ဝါးရာသီစတင်တော့မှာဖြစ်လို့ သကြားဈေးက လက်ရှိဖြစ်ပေါ်နေတဲ့ နူန်းထက်တော့ ထပ်ပြီး မြင့်တက်နိုင်မယ့်အလားအလာမရှိဘူးလို့ ကုန်သည်တွေကသုံးသပ်ချက်အရသိရပါတယ်။

ပြည်တွင်းမှာတော့ သကြားဖြူကို အဓိကသုံးစွဲပြီး စားသုံးအနည်းစုကသာ သကြားညိုကို သုံးစွဲကြတာဖြစ်တယ် လို့လည်းသိရပါတယ်။ သန့်စင်သကြားနဲ့ သကြားဖြူကိုတော့ လုပ်ငန်းသုံးအဖြစ်အဓိကသုံးကြတာဖြစ်ပါတယ်။

ဂျင်းဈေးကွက်

ဂျင်းတက်ကတော့ အဓိက ဘင်္ဂလားဒေ့ရှ်ကိုသာ တင်ပို့ရတာဖြစ်ပြီး လက်ရှိ မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်ရေးရပ်နေတာကြောင့် ဈေးတန်းက အကျဘက်ကိုရောက်လာတယ်လို့သိရပါတယ်။

ပြည်ပတင်ပို့မှုမရှိတော့တဲ့အတွက် ပြည်တွင်းစားသုံးမှုနဲ့ ပြည်တွင်း သိုလှောင်ထားမယ့်သူတွေအပေါ်သာ ဈေးကွက်ကမှီခိုနေတယ်လိုသိရပါတယ်။ ပြည်တွင်းဈေးကွက်မှာကလည်း လမ်းကြောင်းတွေ ပိတ်ဆို့ထားတာကြောင့် နေရာစုံကိုရောင်းချနိုင်ခြင်းမရှိဘူးလို့သိရပါတယ်။

ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်မှာတော့ ဂျင်းတက်ဈေးက ဂျင်း တစ်ပိဿာကို နိုဝင်ဘာလ ၁၄ ရက် နေ့က ၃၈၀၀ ကျပ်ရှိရာကနေ လက်ရှိမှာ ၂၀၀၀ ကျပ်သို့ ကျသွားသလို ဂျင်းအလတ်စကလည်း ၂၅၀၀ ကျပ်က နေ ၁၅၀၀ ကျပ်သို့ဈေးကျသွားပါတယ်။ဂျပန်ဂျင်းရှယ်ကလည်း တစ်ပိဿာကို ၃၈၀၀ ကျပ်ရှိရာကနေ ၃၅၀၀ ကျပ်ကိုကျသွားပါတယ်။ လက်လီဈေးကွက်မှာတော့ ၈၀၀၀ ကျပ်နဲ့ ၉၀၀၀ ကျပ်အကြား ရောင်းချမှုရှိနေပါသေးတယ်။

Chit khon cho (AMIA)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်