ယခုတစ်ပတ်အတွင်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် သီးနှံစျေးနှုန်းများ

24/03/2019 15:30 PM တွင် AMIA AMIA မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၁၈.၃.၂၀၁၉ မှ ၂၂.၃.၂၀၁၉)

ဆန်၊စပါး

ပြီးခဲ့တဲ့အပတ်က အရောင်းအဝယ်ဈေးအေးနေတဲ့ ဆန်ကဒီတစ်ပတ်မှာတော့ အနည်းငယ်ပြောင်းလဲမှုရှိပါတယ်။ ဆန်ကြမ်းဈေး အနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ အရောင်းအဝယ်ကလည်း ပြီးခဲ့တဲ့အပတ်က ဈေးအတိုင်းအေးနေခဲ့ပါတယ်။

ဧည့်မထ ၂၅ % ဆန်က တစ်အိတ်ကို ၁၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပြီး တစ်အိတ်ကို ၁၉၀၀၀ ကနေ ၁၉၂၀၀ ပေါက်ဈေးရှိပါတယ်။ ရက် ၉၀ ဆန်ကလည်း တစ်အိတ်ကို ၅၀၀ ကျပ်ဈေး ကျဆင်းသွားခဲ့ပြီး တစ်အိတ်ကို ၂၀၀၀၀ ကနေ ၂၀၅၀၀ ပေါက်ဈေးရှိပါတယ်။

ပုသိမ်ဈေးကွက်မှာတော့ ပထမတန်းစားစပါးတွေက ငြိမ်နေပြီး ဒုတိယတန်းစားစပါးအချို့ကတော့ ဈေးတက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ပထမတန်းစားစပါးတွေကို ဈေးချဝယ်ယူမှုတွေကြောင့် ဈေးက ကျဆင်းသွားခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ စပါးဝင်နည်းသွားတဲ့အတွက် ဈေးက ငြိမ်နေခဲ့ပါတယ်။

နွေစပါးတွေက မကြာခင်ထွက်ရှိတော့မှာ ဖြစ်တဲ့အတွက် စပါးတွေက ဧပြီလဆန်းပိုင်းမှာ လှုပ်ခတ်မှုတွေ ရှိလာနိုင်ကြောင်း ကုန်သည်တွေက သုံးသပ်ထားပါတယ်။

ပုသိမ်ဈေးကွက်မှာ ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၈၉၀၀၀၀ ပေါက်ဈေးရှိပြီး ဆန်က တစ်တင်းခွဲကို ၃၈၀၀၀ ရှိပြီး ဈေးငြိမ်နေပါတယ်။ ပုသိမ်မှာ ဧည့်မထက တင်း ၁၀၀ ကို ၅၃၀၀၀၀ ဆန်ကတော့ တစ်အိတ်ကို ၂၀၀၀၀ ကျပ် နဲ့ ၂၀၀၀ ဈေးကျဆင်းသွားခဲ့ပါတယ်။

မြောင်းမြကုန်စည်ဒိုင်မှာတော့  ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၈၇၆၀၀၀ ရှိပြီး ဆန်ကလည်း ၄၂၀၀၀ ရှိကာ ဈေးငြိမ်ပါတယ်။ မြောင်းမြဧည့်မထကတော့ ၅၇၀၀၀၀ ရှိပြီး ဆန်ကတော့ ၂၄၀၀၀ နဲ့ ၂၀၀၀ ကျပ်ဈေးတက် လာပါတယ်။

မတ်ပဲ (FAQ/RC)

ပြီးခဲ့တဲ့ အပတ်ကဈးကျဆင်းသွားခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာတော့ အတက်အကျ အနည်းငယ်နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။ အိန္ဒိယဝယ်ယူမှုကြောင့် မဟုတ်ပဲ အခြားနိုင်ငံက ဝယ်ယူမှုကြောင့် ပြည်တွင်းဈေးမှာ လှုပ်ခတ်ခဲ့ပေမယ့် ဝယ်လိုအားနည်းသွားချိန်မှာ ဈေးက ပြန်လည်ကျဆင်းသွားခဲ့တာလည်းဖြစ်ပါတယ်။ ကြားဖြတ်ဝယ်ယူမှုကြောင့် ဈေးတက်ခဲ့တဲ့မတ်ပဲက လာမယ့်ရက်သတ္တပတ်အတွင်း ဈေးပြန်လည်တက်ဖို့အတွက် ခဲယဉ်းမယ်လို့ ကုန် သည်တွေက သုံးသပ်ထားပါတယ်။

ငွေလိုတဲ့ တောင်သူတွေအနေနဲ့ လက်ရှိအတက်ဈေးနဲ့ ရောင်းဖို့တိုက်တွန်းထားပြီး ဈေးကို ဆက်လက်စောင့်ဖို့ကိုလည်း ကုန်သည်တွေက အကြံပြုထားပါတယ်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၆၇၇၀၀၀  အထိ ဈေးရရှိပါတယ်။ ပြည်ကုန်စည်ဒိုင်မှာ တစ်တင်းကို ၂၃၀၀၀ ရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်နဲ့နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၃၀၀၀ နဲ့ ဈေးငြိမ်နေပါတယ်။

ပဲစင်းငုံနီ

ဒီတစ်ပတ်မှာတော့ ပဲစင်းငုံနီက ဈေးတက်လာပါတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း  ဈေးအနည်းငယ်တက်ခဲ့ပါတယ်။ လက်ရှိရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီ(RC 2017 ) ကိုသာ အဓိက ပြည်ပတင်ပို့မှုပြုလုပ်နေခဲ့ပြီး အနည်းငယ်သာတင်ပို့မှုကြောင့် ဈေးကတက်နေခဲ့တာလည်း ဖြစ်ပါတယ်။ ထို့ပြင် ပြည်ပဝယ်ယူမှုမှာလည်း ဈေးပိုရရှိနေခဲ့ပါတယ်။

နယ်အများစုမှာလည်း ပဲစင်းငုံနီကို လျော့ချစိုက်ပျိုးမှုတွေကြောင့် ပဲဝင်ရောက်မှုနည်းပြီး ဈေးက တက်နေခဲ့တာလည်း ဖြစ်ပါတယ်။

တစ်ပတ်အတွင်း ပဲစင်းငုံနီက တစ်တန်ကို ၇၅၀၀၀၀ အထိ ဈေးမြင့်တက်ခဲ့ပြီး တစ်တန်ကို ၃၅၀၀၀ ကျော်ဈေး တက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၀၀၀ ကျပ်ရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၃၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၂၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၅၀၀ ကျပ်ရှိပြီးတစ်တင်းကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။

ပဲကြီး

ပဲကြီးကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ ပဲအသစ်တွေဝင်ရောက်မှုရှိနေခဲ့ပြီး အဟောင်းရော အသစ်ပါ အရောင်းအဝယ်ဖြစ်နေတဲ့အခြေအနေလည်းဖြစ်ပါတယ်။ ဆက်တိုက်ပဲဝင်ရောက်မှုတွေကြောင့် ဈေးကအနည်းငယ်ကျဆင်းသွားခဲ့တာလည်းဖြစ်ပါတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်မှာပဲ ရှိနေပါတယ်။

မုံရွာဈေးကွက်မှာ ပဲကြီးက တစ်တင်းကို ၂၇၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၅၀၀၀ ရှိပြီး တစ်တင်းကို ၁၀၀ ကျပ်၊ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၂၈၆၀၀ ကနေ ၃၂၅၀၀ ပေါက်ဈေးရှိပြီး ၄၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။

ထောပတ်ပဲ

ထောပတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးတက်လာခဲ့တာဖြစ်ပါတယ်။ ဝယ်ယူမှုများတဲ့အတွက် ဈေးကဆက်တိုက်တက်နေခဲ့တာလည်းဖြစ်ပါတယ်။

မုံရွာဈေးကွက်မှာ ထောပတ်ပဲက တစ်တင်းကို ၂၀၀၀ ကျပ်ဈေးတက်လာခဲ့ပြီး ၃၇၀၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၄၆၅၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၆၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၅၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၄၅၀ ကျပ် ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၂၀၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

 

ဝတ်ရည်မွန်(AMIA)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်