ငါးလင်ပန်း (ခေါ်) ငါးမြိတ်ထုံးငါးဆိုတာ ရေချိုမြစ်ချောင်း၊ အင်းအိုင်၊ ဆည်တမံတို့မှာ တွင်းအောင်းနေတတ်ပြီး ကျေးလက်နေသူ၊ မြို့ပြနေသူအားလုံးကြိုက်နှစ်သက် အလွန်တန်ဖိုးထားတဲ့ ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။ မြို့ပြစားသောက်ဆိုင်ကြီးများမှာ ဈေးကြီးပေးရတဲ့ဟင်းလျာတစ်မျိုးဖြစ်ပြီးတော့ တစ်ကမ္ဘာလုံးက ကြိုက်နှစ်သက်တဲ့ Globally consumed species ဖြစ်လို့ စျေးကွက်မှာ ဝယ်လိုအားကောင်းတဲ့ ပြည်ပပို့ကုန်တစ်မျိုးလည်း ဖြစ်ပါတယ်။
ငါးလင်ပန်းကို မြန်မာနိုင်ငံရဲ့ ပင်လယ်နဲ့နီးတဲ့ ရေချိုရေငန်စပ်ဒေသများရှိ လယ်ကွင်းများ၊ ချောင်းရိုးများတွင် ငါးလင်ပန်းကို ပိုတွေ့ရပါတယ်။ ဒါ့အပြင် ချောင်းရိုး၊ မြောင်းရိုးများအတွင်းရှိ ဂလိုဏ်ပေါက်များ၊ လယ်ကန်သင်းရိုး ဂလိုဏ်ပေါက်များတွင်လည်း တွင်းအောင်းပြီး နေထိုင်ကြပါတယ်။ သို့သော် ငါးလင်ပန်းတို့ဟာ ကိုယ်တိုင်တွင်းကိုတူးဖောက်နိုင်ခြင်း မရှိပါ။ ငါးလင်ပန်းကို မြန်မာနိုင်ငံတွင်သာမက အပူပိုင်းဒေသ အရှေ့အာဖရိက၊ Andaman ကျွန်းဆွယ်၊ မိုဇမ်ဗစ်၊ မာလာဝီ၊ သီရိလက်ာ၊အင်ဒိုနီးရှား၊ မတ်ဒတ်ဂတ်စကား နိုင်ငံများတွင်လည်း တွေ့ရှိရပါတယ်။
ငါးလင်ပန်းဟာ အပူပိုင်းဒေသ ရေချိုနေငါးမျိုးဖြစ်ပြီး ရေအနက် (၃-၁၀)မီတာ အောက်ခြေကြမ်းပြင်မှာ နေထိုင်တဲ့ Demersal species ငါးမျိုးဖြစ်ပါတယ်။ ရေချိုတွင် နေထိုင်ပြီး မျိုးပွားရန်၊ သားပေါက်ရန် Descending for breeding အတွက် ရေငန်ရှိရာ ပင်လယ်သမုဒ္ဒရာသို့ စုန်ဆင်းသော Catadromous species ငါးမျိုးဖြစ်ပါတယ်။ ငါးလင်ပန်းငါးမျိုးစိတ်ဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၀ ခန့်ထိ အသက်ရှင်နေထိုင်နိုင်ပါတယ်။ မြစ်ချောင်းတို့ရဲ့ အောက်ခြေမှာ နေထိုင်ကြတဲ့ ငါး၊ ပုစွန်၊ ကဏန်းအငယ်လေးများနှင့် worms များကို စားသုံးလေ့ရှိကြပါတယ်။
ငါးလင်ပန်းရဲ့ သဘာဝ
ငါးလင်ပန်းငါးသည် ငါးလင်ပန်းဟုအမည်ရသော်လည်း ခန္ဓာကိုယ်မှာ မ ဝိုင်း၊ ဦးခေါင်းမှာ ချွန်ပြီးထောင်နေတဲ့ နားရွက်၊ ရှည်လျားတဲ့ ကိုယ်ခန္ဓာရှိပါတယ်။ ငါးလင်ပန်းကို ဖမ်းမိချိန်တွင် လက်ဖြင့်တင်းကျပ်စွာ ညှစ်လိုက်ပါက ကလေးငယ်လေးငိုသံ၊ ကြောင်ပေါက်စလေးများ အော်သံကဲ့သို့ အသံမြည်သည်မှာ ထူးခြားလှပါတယ်။
ငါးလင်ပန်း၏ သိပ္ပံအမည်မှာ Anguilla bengalensis ဖြစ်ပြီး အင်္ဂလိပ်အမည်မှာ Mottled eel/ Longfin eel ဖြစ်ပါတယ်။ မြန်မာအခေါ်မှာ ငါးလင်ပန်း(ခေါ်) ငါးမြိတ်ထုံးဖြစ်ပါတယ်။ ငါးလင်ပန်းဟာ မျိုးရင်း Anguillidae၊ မျိုးစဉ်Actinopterygii တွင်ပါဝင်သော ငါးမျိုးစိတ်ဖြစ်ပြီး ရေအောက်ကြမ်းပြင်တွင်နေသော ငါးမျိုးဖြစ်ပါတယ်။
နေထိုင်ကျက်စားရာ အလေ့အထ
ငါးလင်ပန်းငါးသည် မိတ်လိုက်ဥချချိန်တွင် ရေငန်သို့ သွားရောက်လေ့ရှိပြီး ကျန်ဘဝ အစိတ်အပိုင်းများကို ရေချိုတွင်သာ ရှင်သန်ပါတယ်။ ရေချိုမြစ်ချောင်း အင်းအိုင်များ၊ ဆည်ကြီးများနှင့် ကျောက်တုံးထူထပ်သော တောင်ကျချောင်းများအထိ ကျက်စားနေထိုင်တတ်ကြပါတယ်။
ငါးလင်ပန်းရဲ့ အရွယ်အစား
အများဆုံးတွေ့ရှိရသည့် အရှည်မှာ ၄ ပေခန့်ဖြစ်ပြီး Maximum length မှာ ၇ပေ ခန့်ထိ ရှိတတ်ပါတယ်။ ပုံမှန်အလေးချိန်မှာ ၂ပိဿာခန့် (၃.၅ ကီလိုခန့်) ဖြစ်၍ အများဆုံးမှာ ၄ ပိဿာခန့်(၇ ကီလိုခန့်) ထိတွေ့ရှိရတတ်ပါတယ်။
တွေ့ရှိရတဲ့ နိုင်ငံများ
ငါးလင်ပန်းကို မြန်မာနိုင်ငံသာမက အာရှနိုင်ငံများဖြစ်တဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှား အစရှိသည့် နိုင်ငံများတွင်လည်း တွေ့ရှိနိုင်ပြီး အိန္ဒိယနိုင်ငံတွင် မျိုးသုဉ်းမည့်အခြေအနေနှင့် ရင်ဆိုင်နေရသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ရှားပါးသည့် မျိုးစိတ်အဖြစ်သို့ ရောက်ရှိလာပြီဖြစ်ပါတယ်။ ငါးလင်ပန်းအသားမှာ အာဟာရဓာတ်အများအပြားပါဝင်နေသောကြောင့် ကမ္ဘာမှာ ဈေးကြီးသည့် ငါးအမျိုးအစားဖြစ်ပါတယ်။
တွင်းအောင်းခြင်း အလေ့အထ
ငါးလင်ပန်းငါးမှာ တွင်းအောင်းရသည်ကို နှစ်ခြိုက်သော ရေသတ္တဝါတစ်မျိုးလည်းဖြစ်ပါတယ်။ ပင်လယ်နှင့်နီးတဲ့ လယ်ကွင်းများတွင် ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဥ့်၊ ငါးလင်ပန်းများ ပေါတတ်ပြီး မိုးဦးကျ၍ လယ်ကွင်းများအတွင်း ရေပြည့်လာသောအခါ ငါးလင်ပန်းများသည် လယ်ကန်သင်းများတွင် တွင်းအောင်းကြပါတော့တယ်။ နွေအခါ၌ ကြွက်များဖောက်ထားတဲ့ တွင်းတွေနဲ့ ကဏန်းတွင်းများထဲသို့ ဝင်နေကြပြီး ချောင်းရိုးမြောင်းရိုးများတွင်ရှိတဲ့ ဂလိုင်ခေါင်းများတွင်လည်း နေကြပါတယ်။ သူတို့ကိုယ်တိုင် တွင်းမဖောက်နိုင်ကြပါ။
တချို့မှာ လယ်ကွင်းများတွင် သားပေါက်ကြပြီး ထိုသားပေါက်များနှင့် တစ်မိုးတွင်းလုံးအတူနေကြ၍ မိုးကုန်ခါနီးဖြစ်သော တန်ဆောင်မုန်းလသို့ရောက်လျှင် ပင်လယ်ထဲသို့ ပြန်ဆင်းသွားကြလေ့ရှိပါတယ်။ အခြားသော ငါး၊ ပုစွန် များကဲ့သို့ ပင်လယ်ပြင်အနက်ကြီးအတွင်းသို့ ရောက်သည်အထိ မသွားကြပေ။ ပင်လယ်စပ်သောင်တိမ်များ၌သာ တွင်းဖောက်၍ အောင်းကြတော့သည်။
ငါးလင်ပန်းသားပေါက်ခြင်း
ငါးလင်ပန်းတို့သည် မိတ်လိုက်ဥချသားပေါက်ချိန်တွင် ရေငန်ရှိရာ ပင်လယ်၊ သမုဒ္ဒရာဆီသို့ သွားရောက်လေ့ရှိပြီး ကျန်ဘဝအစိတ်အပိုင်းများကို ရေချိုတွင်သာရှင်သန်တတ်ပါတယ်။ ရေချိုမြစ်ချောင်း အင်းအိုင်များ၊ ဆည်ကြီးများနှင့် ကျောက်တုံးထူထပ်သော တောင်ကျချောင်းများအထိ ကျက်စားနေ ထိုင်တတ်ကြပါတယ်။ ရေငန်ဒေသတွင် သားပေါက်ပြီးသော ငါးလင်ပန်းသားလောင်းလေးများ eel larvae,glass eel နှင့် elvers များကို အပူပိုင်းဒေသ ပင်လယ်ရေနွေးစီးကြောင်းများမှတဆင့် ရေချို ရေငန်စပ်နှင့် မြစ်ချောင်းများရှိရာဒေသသို့ ပို့ဆောင်ပေးကြပြီး ရေချိုဒေသတွင် ဆက်လက်၍ အသက်ရှင်ကြီးထွားလေ့ရှိပါတယ်။
ငါးလင်ပန်းဖမ်းဆီးခြင်း
လယ်ကန်သင်းတွင် ငါးလင်ပန်းတွေ့သည်နှင့် လက်နှင့်နှိုက်၍ ဖမ်းယူကြသလို ငါးမျှားချိတ်များတွင် အစာတပ်၍လည်း မျှားကြသည်။ ငါးလင်ပန်းရှိသော တွင်းထဲသို့ သရောပင်မှအစေးကို ထည့်၍ ငါးလင်ပန်းထွက်လာသည်ကို စောင့်၍ ဖမ်းသည်လည်းရှိသည်။ သရောအစေးမှာ ပူသောကြောင့် ငါးလင်ပန်းမှာ ထွက်လာရခြင်းဖြစ်ပါတယ်။
မျိုးသုန်းမည့်အန္တရာယ်ရှိလာနိုင်သည့် ငါးလင်ပန်းမျိုးစိတ်
ငါးလင်ပန်းကို နိုင်ငံတော်တော်များများတွင် တွေ့ရှိနိုင်ပြီး အိန္ဒိယနိုင်ငံတွင် မျိုးသုဉ်းမည့်အခြေအနေနှင့် ရင်ဆိုင်နေရသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ရှားပါးသည့် မျိုးစိတ်အဖြစ်သို့ ရောက်ရှိလာပြီဖြစ်ပါတယ်။
ငါးလင်ပန်းအပါအဝင် ငါးမျိုးစိတ်အများအပြားဟာ ဂေဟစနစ် ပြောင်းလဲမှုနှင့် ရာသီဥတုပြောင်းလဲမှု၊ သဘာဝမြစ်ချောင်းများအတွင်းသို့ စိုက်ပျိုးရေးကဏ္ဍသုံး ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာဓာတ်ကြွင်းများ ရောက်ရှိလာမှု၊ မြို့ပြကစွန့်ထုတ်သည့် အညစ်အကြေးများ၊ စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းများမှ စွန့်ထုတ်သည့် အညစ်အကြေးများ သဘာဝရေပြင်သို့ ရောက်ရှိကာ ရေထုညစ်ညမ်းလာခြင်းနှင့် လူတို့ရဲ့ ဥပဒေမဲ့ ဘက်ထရီရှော့တိုက်ခြင်း၊ အဆိပ်ဆေးချခြင်းကဲ့သို့ မဆင်မခြင် ငါးဖမ်းမှုများကြောင့် ကောင်ရေလျော့ကျကာ မျိုးသုဉ်းမည့် အန္တရာယ် ရှိလာခြင်းဖြစ်ပါတယ်။
ငါးလင်ပန်းစျေးကွက်
ငါးလင်ပန်းကို နည်းမျိုးစုံသုံး၍ ဖမ်းဆီးကြရာ အဝယ်ဒိုင်များက အရှင်ကိုသာ ဝယ်သည်ဖြစ်၍ မသေအောင် ဂရုစိုက်ကြရပါတယ်။ အဝယ်ဒိုင်တွေဟာ သိုလှောင်စုဆောင်းထားတဲ့ ငါးလင်ပန်းအရှင်တွေကို နိုင်ငံခြားသို့ တင်ပို့ရောင်းချသော ဈေးကွက်လည်း ရှိနေပြီဖြစ်ပါတယ်။
ငါးလင်ပန်းမွေးမြူရေး
ငါးလင်ပန်း မွေးမြူရေးနှင့် မွေးမြူနည်းဟူ၍ မတွေ့ရသော်လည်း ဂျပန်နိုင်ငံတွင် Anguilla japonica ဟုခေါ်သည့် ငါးလင်ပန်းကို စီးပွားဖြစ်မွေးမြူနေကြောင်းနှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် ကျောက်တုံးထူထပ်သော စမ်းချောင်းကိုပိတ်၍ ငါးလင်ပန်းများမွေးမြူသည်ကို အင်တာနက် စာမျက်နှာများပေါ်တွင် တွေ့ဖူးပါတယ်။ မြန်မာနိုင်ငံတွင်လည်း ငါးလင်ပန်းမွေးမြူနိုင်သော ဒေသမြောက်မြားစွာရှိရာ နည်းလမ်းရှာဖွေ မွေးမြူနိုင်ပါကငါးမျိုးလည်းတည်တံ့ စီးပွားလည်းဖြစ်နိုင်မည်ဖြစ်ကြောင်းဖော်ပြလိုက်ရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ငါးလင်ပန်း၏ အရသာ
ငါးလင်ပန်းသည် အသားနူးညံ့၍ စားရာတွင် အလွန်အရသာရှိသည်။ အုန်းနို့နှင့် ချက်စားပါက အလွန်
စားကောင်းသည်။ အကွင်းလိုက်ကင်စားပါက အလွန်မွှေးပါသည်။ အရိုးနည်းသည်။ ကျောရိုးမကြီး
တစ်ချောင်းသာပါ၍ အခြားအရိုးမရှိပေ။ ငါးလင်ပန်းသည် အ၀ါနှင့် အညိုဟူ၍ (၂)မျိုးရှိသည်။ အညိုမျိုးသည် အသားမာသည်။ အဝါမျိုးလောက်စားမကောင်း၊ အဝါမျိုးကား အသားနူးညံ့သည်။ စား၍ ပိုကောင်းသည်။
ဆေးဘက်ဝင် ငါးလင်ပန်း
Longfin Eel ဟုခေါ်သည့် ငါးလင်းပန်းသည် ငါးရှဥ့်မျိုးစိတ်အုပ်စုမှဖြစ်ပြီး ၄င်း၏ သည်းခြေမှာ လေဖြတ် လေဖျန်းရောဂါများအတွက် ဆေးဖက်ဝင်သလို ၄င်း၏သွေးမှာလည်း လူသားများအတွက် အင်အားပြည့်ဖြိုးစေပါသည်။ ၄င်း၏အချွဲမှာ အဆစ်အရောင်ရောဂါကုသရာတွင်အသုံးဝင်ပါသည်။ ငါးလင်ပန်းငါးကို စားသုံးခြင်းဖြင့် လူကိုဝစေပြီး သလိပ်ကို ပွားစေသည်။ ခံတွင်းပျက်ခြင်းနှင့် လည်ချောင်းနာခြင်းများအတွက် သင့်တော်ပါသည်။
ငါးလင်ပန်း၏ အသားသည် အာဟာရဓာတ်အများအပြား ပါဝင်သောကြောင့် နိုင်ငံတကာ ဈေးကွက်
တွင် ဈေးကြီးသော ငါးအမျိုးအစား ဖြစ်သည်။ အသားနူးညံ့၍ အလွန်အရသာရှိသည်။ ငါးလင်ပန်း
ကို ဆေးဖက်ဝင် ဂျင်စင်း Ginseng ဖြင့်လည်း တွဲဖက်၍ ချက်ပြုတ်စားလေ့ရှိကြပြီး ငါးလင်ပန်း၏
ခန္ဓာကိုယ်မှထွက်သည့် အကျိ၊အချွဲကို ဆန်မှုန့် သို့မဟုတ် ဂျုံမှုန့်တို့ဖြင့်ရော၍ တိုင်းရင်းဆေးအဖြစ်
အသုံးပြုလျှင် Arthritis ရောဂါ၊Inflammation of joints အဆစ်အမြစ်ရောင်ရမ်းခြင်းရောဂါကို သက်သာပျောက်ကင်းစေသည်။
ငါးလင်ပန်းနှင့် ကျန်းမာရေး
ငါးလင်ပန်းငါးသည် ကယ်လ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်းပါဝင်မှုများသောကြောင့် ဦးနှောက်အတွက် အကျိုးပြုပါသည်။ ငါးတွင် ခန္ဓါကိုယ်အတွက် မရှိမဖြစ်အရေးပါသော omega-3 fatty acid လည်း
ပါဝင်ပါသည်။ လူ၏ခန္ဓာကိုယ်မှ omega-3 fatty acid ကိုမထုတ်လုပ်နိုင်ပါ။လေ့လာမှုများအရ
omega-3 fatty acid သည် နှလုံးကိုကျန်းမာစေနိုင်သလို ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း
အရေးပါပါသည်။ ငါးကိုမကြိုက်ဘူး ဆိုလျှင်တောင်မှ ခန္ဓါကိုယ်ကျန်းမာစေဖို့အတွက် တစ်ပတ်ကို တစ်ကြိမ် နှစ်ကြိမ်ခန့်မျှ ငါးစားပေးသင့်ပါသည်။
ငါးလင်ပန်းငါးကို စားခြင်းဖြင့် အောက်ပါကျန်းမာရေး အကျိုးကျေးဇူးများကို ရရှိစေပါသည်။
၁။နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးခြင်း
လေ့လာမှုများအရ တစ်ပတ်ကိုတစ်ကြိမ်ပုံမှန် ငါးစားသုံးသူများသည် ပုံမှန်ထက် နှလုံးရောဂါ
ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းနည်းနေသည်ဟု တွေ့ရှိခဲ့ရပါသည်။ ငါးလုံးဝမစားသူများသည် ရံဖန်ရံခါ ငါးစားသူများထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းခန့်ပိုများနေတတ်သည်ဟုလည်း သိရပါ
သည်။ ငါးလင်ပန်းအပါအဝင် ငါးများတွင်ပါသော omega-3 fatty acid မှာနှလုံးရောဂါခံစားရနိုင်
ခြေကို ကျဆင်းစေပါသည်။
၂။Alzheimer’sဖြစ်နိုင်ခြေကို နည်းပါးစေခြင်း
တစ်ပတ်လျှင် တစ်ကြိမ်မျှ ငါးလင်ပန်းအပါအဝင် ငါးများကိုစားသုံးပေးမည်ဆိုလျှင် ဦးနှောက်နှင့် မှတ်ဉာဏ်စွမ်းရည်ကို ကောင်းမွန်စေနိုင်ပါသည်။ငါးလင်ပန်းငါးကို ကြော်စားခြင်းထက် ဟင်းချက်
စားခြင်း၊ပေါင်းစားခြင်းသည် ကျန်းမာရေးနှင့် ပိုသင့်တော်ပါသည်။ ငါးသည် ဦးနှောက်ဆဲလ်များကို ကျန်းမာစေနိုင်ပါသည်။ မှတ်ဉာဏ်ကောင်းပြီး သင်ယူမှုအားကောင်းချင်သူများအတွက် ငါးသည်
အသင့်တော်ဆုံးအစားအစာဖြစ်သည်။
၃။အရေပြားနှင့် ဆံသားကိုကျန်းမာစေနိုင်ခြင်း
အရေပြားနှင့် ဆံသားကျန်းမာစေရန်အတွက် ခန္ဓါကိုယ်မှာ ကျန်းမာသောအဆီ ပြည့်ဝနေဖို့လိုပါမည်။ အဆီပြည့်ဝနေမှ အသားအရေမှာ မွဲခြောက်မှုကင်းစင်မည်ဖြစ်သည်။။ ငါးလင်ပန်းတွင်ပါသော omega-3 သည်ကျန်းမာရေးနှင့် ညီညွတ်သောအဆီဖြစ်ခြင်းကြောင့် စားသုံးဖို့သင့်တော်ပါသည်။
ထိုသာမက omega-3 သည် အသားအရေကို အားဖြည့်ပေးသလို ဆံသားကိုလည်း ကျန်းမာ
သန်စွမ်းစေပါသည်။
၄။စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေခြင်း
လေ့လာမှုများအရ ငါးလင်ပန်းအပါအဝင် ငါးတော်တော်များများတွင်ပါသော omega-3 သည်
စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေနိုင်သည်ဟု သိရပါသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ အနေ
နှင့် တစ်နေ့လျှင် omega-3 ၃၀၀ မီလီဂရမ်ကို စားသုံးပေးမည်ဆိုလျှင် ကိုယ်ဝန်ဆောင်ကာလ
အတွင်းခံစားရနိုင်သော စိတ်ကျရောဂါကို သက်သာစေနိုင်သည်ဟု ဆိုပါသည်။
၅။နာတာရှည်ဝေဒနာများ မဖြစ်အောင် ကာကွယ်ပေးခြင်း
ငါးလင်ပန်းအပါအဝင် ငါးတော်တော်များများသည် အမျိုးအစား- ၁ ဆီးချိုရောဂါကဲ့သို့ နာတာရှည်
ဝေဒနာများ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါသည်။omega-3 သည် ကလေးငယ်လေးများတွင်လည်း
အမျိုးအစား-၁ ဆီးချိုရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်သကဲ့သို့ လေးဖက်နာဝေဒနာနှင့်အာရုံကြော
ထိခိုက်ပျက်ယွင်းသောဝေဒနာများ ခံစားရနိုင်ခြေကိုလည်း လျော့ကျစေနိုင်ပါသည်။
၆။ကလေးငယ်များတွင် ပန်းနာရင်ကျပ် မဖြစ်အောင်ကာကွယ်ပေးခြင်း
ပန်းနာရင်ကျပ်ရောဂါဆိုသည်မှာ နာတာရှည်လေပြွန်ရောင်ရမ်းနေသော အနေအထားတစ်ရပ်ဖြစ်
သည်။ယခုနောက်ပိုင်း ပန်းနာရင်ကျပ်ရောဂါ ခံစားရသူအရေအတွက်မှာ တော်တော်လေးတိုးလာနေ
ပါသည်။လေ့လာမှုများအရ ငါးပုံမှန်စားသုံးပေးသော ကလေးငယ်များမှာ ပန်းနာရင်ကျပ်ရောဂါ
ဖြစ်နိုင်ခြေသည် ပုံမှန်ထက် ၂၄ ရာခိုင်နှုန်းပိုနည်းသည်ကို တွေ့ရှိခဲ့ရပါသည်။ ကလေးငယ်လေးများ
မှာ ငါးလင်ပန်းအပါအဝင် ငါးများများစားလေလေ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေနည်းလေလေ
ဖြစ်သည်။
၇။အမြင်အာရုံ ကောင်းမွန်စေခြင်း
လူကြီးများတွင် ဖြစ်တတ်သည့် macular degeneration (မြင်လွှာအလယ်ရောင်ခြယ်ပျက်သုဉ်းခြင်း)
မှာ အမြင်အာရုံထိခိုက်ဆုံးရှုံးရသည့် အဓိကအကြောင်းအရင်းဖြစ်သည်။ အသက်အရွယ်ရလာသည်
နှင့်အမျှ အမြင်အာရုံမှာ တဖြည်းဖြည်း အားနည်းလာပါသည်။ ငါးလင်ပန်းတွင်ပါသော omega-3 fatty acid မှာ မြင်လွှာအလယ်ရောင်ခြယ်ပျက်သုဉ်းခြင်း မဖြစ်အောင်ကာကွယ်ပေးနိုင်ပါသည်။
ငါးလင်ပန်းအပါအဝင် ငါးများကို ပုံမှန်စားသုံးပေးမည်ဆိုလျှင် အမျိုးသမီးများတွင် အမြင်အာရုံ
ထိခိုက်ခြင်းကို ၄၂ ရာခိုင်နှုန်းအထိ ကျဆင်းစေနိုင်သကဲ့သို့ အမြင်အာရုံဆိုင်ရာကြွက်သားများ
ထိခိုက်နိုင်ခြေကိုလည်း ၅၃ ရာခိုင်နှုန်းအထိကျဆင်းစေနိုင်ပါသည်။ လူကြီးများတွင် အမြင်အာရုံထိ
ခိုက်ခြင်း မဖြစ်စေရန် တ်စပတ်တစ်ကြိမ်ခန့် ငါးကျွေးပေးပါ။
၈။လေဖြတ်နိုင်ခြေကို လျော့နည်းစေခြင်း
ငါးလင်ပန်းအပါအဝင် ငါးစားခြင်းသည် လေဖြတ်နိုင်ခြေကို ကျဆင်းစေပြီး ဦးနှောက်ကိုကျန်းမာစေ
နိုင်ပါသည်။ ငါးတွင်ပါသော omega-3 fatty acid မှာ လေဖြတ်နိုင်ခြေကို ကျဆင်းစေနိုင်ပါသည်။
အချုပ်အားဖြင့်ဆိုရသော်-
ငါးလင်ပန်းငါးသည် အရသာအားဖြင့် ထူးခြားကောင်းမွန်လှသဖြင့် လူကြိုက်များသော စျေးကွက်ဝင်
ငါးတစ်မျိုးဖြစ်သည်။ထို့ပြင် ငါးလင်ပန်းငါးသည် ဆေးဘက်လည်းဝင်ပြီး ကျန်းမာရေးအကျိုး
ကျေးဇူးလည်း များပြားလှသဖြင့် အာဟာရတန်ဖိုးမြင့် ငါးတစ်မျိုးဖြစ်ပါကြောင်း လေ့လာရေးသား
လိုက်ရပါသည်။