ကြက်သွန်နီမျိုးစေ့ ပျိုးထောင်မှုကို ကြိုတင်ပြုလုပ်ထားရသည်။ စိုက်ခင်းကို စိတ်ကြိုက် ထယ်ရေးရအောင် ပြင်ဆင်ပြီး မြေညီညာအောင် ညှိရသည်။ မြေညီညာလျှင် ရေသွင်းလမ်းများကို ထယ်ကြောင်း ပေးဖော်ရသည်။ အနံ(၄-၅)ပေနှင့် အလျား သင့်တော်သလိုထားပြီး စိုက်ခင်းဘောင်နှုတ်ခမ်း ထောင်ပေးရသည်။ ကန်သင်းဖော်ပေးခြင်း ဖြစ်သည်။
မစိုက်မီ စိုက်ခင်း အကွက်များသို့ ရေ၀အောင်သွင်းပြီး မြေအနေတော်ဖြစ်အောင် စောင့်ရသည် ။ စိုက်ခင်းတွင် ခြေနင်းခံသော အချိန်သို့ရောက်လာပါက စိုက်ကွက်များကို ကောက်ရိုးဖြန့် ပေးရသည်။ ကောက်ရိုးအထူ (၂-၃) လက်မခန့် ညီညာစွာရအောင်ဖြန့်ပေးရသည်။
ယင်းသို့ ဆောင်ရွက်ပြီးမှ ဝါးခြမ်းတုတ်ချောင်းကလေးဖြင့် ကောက်ရိုးကြားတွင် တွင်းငယ်ကလေး ထိုးဖောက်ပြီး ကြက်သွန်ပျိုးပင်၏ အမြစ်များကိုချ၍ မြေဖုံးပေးရသည်။ ပျိုးပင်၏အမြစ်များကိုသာ မြေဖုံး၍ လက်ဖြင့်ဖိပေးရသည်။ အမြစ်ရှည်လွန်းလျှင် (၁) လက်မခန့် ချန်၍ ဖြတ်ပေးသင့်သည်။ ကြီးထွားလာသော ကြက်သွန်ဥကလေများ အနေနှင့် မြေလွှာအထက် ကောက်ရိုးများကြားမှာ လွတ်လွတ်လပ်လပ် ကြီးထွားခွင့်ရသဖြင့် ကြီးထွားနှုန်းမြန်ခြင်း၊ ဥကြီးခြင်း၊ ဥလှခြင်း စသည့်အကျိုးများ ရှိသည်ဟုဆိုသည်။
ကောက်ရိုးအစား၊ မြက်ခြောက်၊ ကောက်ရိုးဆွေး အသုံးပြုနိုင်သည့် ကောက်ရိုးကို ဓားဖြင့် မရှည်မတို ခုတ်စဉ်း၍လည်း အသုံးပြုနိုင်သည်။ တန်ကြား(၄-၆) လက်မနှင့် ပင်ကြား (၃-၄) လက်မခြား စိုက်သင့်သည်။
အထက်ပါ စိုက်နည်းစနစ်သည် တစ်နိုင်တစ်ပိုင်သာ ဆောင်ရွက်နိုင်မည် ဖြစ်သောနည်းမျိုး ဖြစ်သည်။ ကျယ်ပြန့်များပြားသော စီးပွားအဖြစ် စိုက်ပျိုးနိုင်ရန် အခက်အခဲရှိသည်။
ဤနည်းစနစ်၏ အားသာချက်များတွင် ရေသွင်းစရိတ်၊ မြေဆွစရိတ်၊ ပေါင်းနှုတ်စရိတ်နှင့် နုတ်သိမ်းစရိတ် စသည်များ သက်သာသည်ကို တွေ့ရသည်။ အထွက်လည်းပိုသည်ဟု ဆိုကြသည်။
စိုးမြင့်ဒွဏ်း (အာယုဗ္ဗေဒ-ဂုဏ်ထူး)
ကြက်သွန်နီအကြောင်း သိကောင်းစုံလင်စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။