ကြက်သွန်နီဥများကို မသိုလှောင်မီ အနာအဆာ အပဲ့အရွဲ့ကင်းစင်သော အရောင်အဆင်းကောင်းမွန် သော ဥများရရန် အလုပ်သမားငှား၍ ရွေးချယ်ရသည်။ အူတိုင်ပွသောဥများနှင့် မိတ်ဖြတ်လည်ပင်း ကြီးနေသော ဥများကိုဖယ်ထုတ်၍ ချက်ချင်းရောင်းပစ်ရမည်။
ခရီးဝေးပို့မည့် အစီအစဉ်ရှိပါကလည်း ကျဲကျဲယက်ထားသော ဂုံနီအိတ်များ၌ အပြည့်ထည့်၍ လုံအောင်ချုပ်၍ ပိုးပေးသင့်သည်။ အပြည့်မထည့်မိပါက လှုပ်ရှားမှုကြောင့် ဒဏ်ရာရတတ်သည်။
ကောင်းစွာရွေးချယ်သန့်စင်ပြီးသော ကြက်သွန်ဥများကို သိုလှောင်ရသည်။ ကြက်သွန်သိုလှောင်ရုံကို သီးခြားစီစဉ်ဆောင်လုပ်ကြသည်။ သိုလှောင်ရုံအဆင့်များကို ဝါးကြမ်းကျဲကျဲခင်းရသည်။ အကာအရံများကို လေဝင်လေထွက်ကောင်းရန် ဝါးတန်း မစိပ် မကျဲ ရိုက်ကြသည်။ မိုးပက်မည့်ဘက်ကို လုံအောင် ကာရံပေးရသည်။ အစိုဓာတ်များတတ်သည့် မြေပြင်ပေါ်၌ ထား၍ လုံးဝမသိုလှောင်သင့်ချေ။
ကြက်သွန်သိုလှောင်ရုံရှိ အဆင့်များပေါ်တွင် ကြက်သွန်ဥများကို (၃-၆) လက်မခန့်ထူအောင် ညှိခင်း သိုလှောင်ရသည်။ ထူအားကြီးလျှင် လေဝင်လေထွက်ညံ့၍ ဥပုပ်ကာ အနံ့အသက်ဆိုးများ ဖြစ်လာတတ်သည်။
ရွှေဖလားမျိုးသည် သိုလှောင်ရာ၌ အဆင်အပြေဆုံးဖြစ်သည်။ ဘောက်စောက်မျိုးမှာ လည်ပင်းသွယ်၍ အခြောက်ခံရာ၌လည်း ကြာပြီး သိုလှောင်ရာ၌ ရွှေဖလားမျိုးလောက် မကောင်းချေ။
ကြက်သွန်နီ သိုလှောင်နေစဉ်ကာလ၌ အပြင်ခွံများကျွတ်လာတတ်သည်။ အပြင်ဘက်ဆုံးအလွှားများမှ ရေဓာတ်များ လျော့ပါးလာကာ တဖြည်းဖြည်းနှင့် ခြောင်သွေ့ကာ အခွံဘဝသို့ ပြောင်းလဲသည်။ ရက် (၃၀) ခန့်ရှိတိုင်း တစ်ခွံတစ်ခွံကျွတ်နေသည်ဟု သိရသည်။ ထို့ကြောင့် သိုလှောင်စဉ်ကာလ၌ မူလထား ရှိသောအလေးချိန်မှ သဘာဝအတိုင်း အလေးချိန်လျော့လျော့လာရခြင်းဖြစ်သည်။
ကြက်သွန်နီသိုလှောင်ရုံကို နှစ်လတစ်ခါ သန့်ရှင်းရေးလုပ်ပေးသင့်သည်။ အဆံချောင်ခြင်းနှင့် ဥပုပ်ခြင်း တွေ့ရှိရပါက ကောက်ယူရှင်းလင်းပေးသင့်သည်။
စိုးမြင့်ဒွဏ်း (အာယုဗ္ဗေဒ-ဂုဏ်ထူး)
ကြက်သွန်နီအကြောင်းသိကောင်းစုံလင်စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။