ပုလဲသည် ပင်လယ်အတွင်းနေထိုင်သော ကမာ (သို့) မုတ်ကောင်၏ ကိုယ်တွင်းမှရရှိသော အရာဖြစ်သည်။ တွင်းထွက် ကျောက်မျက် မဟုတ်ပေ။ ပုလဲကို မြန်မာလူမျိုးတို့က နဝရတ်ကိုးပါးတွင် ပါဝင်သော ရတနာတစ်ပါးအဖြစ် အမြတ်တနိုး တန်ဖိုးထား ဝတ်ဆင်ကြသည်။ နဝရတ် ကိုးပါးစလုံးတွင် တစ်ခုခြင်း၌ ထူးခြားသည့် တန်ခိုးအာနိသင်ရှိကြသည့်အနက် ပုလဲ၏ အာနိသင်မှာ ကျက်သရေမင်္ဂလာရှိခြင်းပင် ဖြစ်သည်။ ပုလဲ၏ အားသာချက်မှာ ကျောက်မျက်များကဲ့သို့ ခွဲဖြတ်ခြင်း၊ သွေးယူခြင်းတို့ ဆောင်ရွက်ရန် မလိုဘဲ ပုလဲဖော်ယူပြီးလျှင် ပြီးခြင်းပင် လှပနှစ်လိုဖွယ်ရာ တွေ့မြင်ရခြင်းပင် ဖြစ်သည်။ ပုလဲတွင် သဘာဝပုလဲနှင့် မွေးပုလဲဟူ၍ နှစ်မျိုးရှိသည်။ မြိတ်ကျွန်းစုတွင် နေထိုင်ကြသော ဆလုံတိုင်းရင်းသားများသည် ပုလဲ ငုပ်၍ အသက်မွေးကြသည်။
ပုလဲဖြစ်ပေါ်ပုံ
ပုလဲသည် မုတ်ကောင်၏ ခန္ဓာကိုယ်အတွင်းတွင် ဖြစ်ပေါ်ပြီး ပုလဲသားအလွှာ layers of Nacre များဖြင့် ဖွဲ့စည်းထားသည်။ ပုလဲသားမှာ ကယ်လ်စီယမ် ကာဗွန်နိတ် ၉၃% နှင့် ကျန် ၇% မှာ ဩော်ဂဲနစ် ဒြပ်ပေါင်းနှင့် ရေများ ပါဝင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ပုလဲသား တစ်လွှာလျှင် ၀.၀၀၀၀၅ မီလီမီတာ အထူရှိသည်။ မွေးပုလဲတစ်လုံးတွင် ပုလဲသား အလွှာပေါင်း (၁၀၀၀) ထက်မနည်း ရှိသည်။ မုတ်ကောင်များသည် တစ်ရက်လျှင် ပုလဲသား အလွှာ (၃)လွှာမှ (၇)လွှာအထိ ဖုံးအုပ်လေ့ရှိသည်။
ပုလဲအမျိုးအစားများ
ပုလဲသည် ခရုကမာကောင် Mollusks မျိုးနွယ်များမှ ထွက်ရှိ ထုတ်လုပ်သည်။ အခွံနှစ်ခုပါသော ခရုကမာကောင် အမျိုးပေါင်း ၈၀၀၀ ခန့်ရှိသည့်အနက် အမျိုး (၂၀)ခန့်သာ ပုလဲထွက်ရှိသည်။ ရေချိုတွင် ရှင်သန်ပြီး ပုလဲထုတ်လုပ်နိုင်သည့် ခရုကမာမျိုးကို ခုံးကောင် Mussel ဟု ခေါ်ပါသည်။ ရေငန်တွင် ရှင်သန်ပေါက်ဖွားပြီး ပုလဲထုတ်လုပ်နိုင်သည့် ခရုကမာကောင်မျိုးကိုမူ မုတ်ကောင် Oyster ဟု ခေါ်ပါသည်။
ရေငန်ပုလဲ (၃)မျိုးရှိသည့် အနက် ဂျပန်ပုလဲဟု ခေါ်သည့် အကိုယာပုလဲ Akoya Pearl များကို Pinctada Fucata မုတ်ကောင်မှ မွေးမြူထုတ်လုပ်ပြီး ဂျပန်တွင် အများဆုံး ထုတ်လုပ်ကာ ပုလဲနက်ဟု လူသိများသော Tahitian Pearl များကို Pinctada Margaritafera မုတ်ကောင်မှ ထုတ်လုပ်ပြီး တဟေတီ နိုင်ငံတွင် အများဆုံး ထုတ်လုပ်သည်။
ရေငန်ပုလဲ အမျိုးအစားများ ဖြစ်သည့် တောင်ပင်လယ်ပုလဲ South Sea Pearl များကို Pinctada Maxima မုတ်ကောင်များမှ မွေးမြူထုတ်လုပ်ပြီး ဩစတြေးလျနိုင်ငံတွင် အများဆုံး ထုတ်လုပ်သည်။ ယင်းမုတ်ကောင်မျိုးသည် တောင်ပင်လယ်ဟု ခေါ်သည့် အရှေ့တောင်အာရှ၏ တောင်ဘက်ကမ်းခြေနှင့် ဩစတြေးလျတိုက်၏ မြောက်ဘက်ကမ်းခြေအကြား ရေပြင်တွင်သာ ရှင်သန် ပေါက်ဖွားပါသည်။ ထို့ကြောင့် တောင်ပင်လယ်ပုလဲကို ဩစတြေးလျနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင်သာ မွေးမြူ ထုတ်လုပ်ထွက်ရှိသည်။ ကမ္ဘာပေါ်တွင် ရှားပါးသော ရွှေအိုရောင်အဆင်းရှိ ပုလဲထွက်ရှိသည့် တစ်ခုတည်းသော နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။
သဘာဝပုလဲနှင့်မွေးပုလဲ
သဘာဝပုလဲဆိုသည်မှာ လူတို့၏ ပြုပြင်ဖန်တီးမှုမပါဘဲ ခရုကမာကောင်၏ ခန္ဓာကိုယ်အတွင်း တစ်နေရာတွင် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ခရုကမာကောင်များသည် ၄င်းတို့၏ အခွံအတွင်းရှိ အတွင်းခန္ဓာကိုယ်အား Mantle ခေါ် အသားစလွှာ (The layer of tissue)များဖြင့် ဖုံးအုပ်ထားပါသည်။ ထို Mantle မှ ထွက်ရှိသော ပုလဲသား(Nacre)များသည် အခွံ၏အတွင်းမျက်နှာပြင်ကို ဖုံးအုပ်ရာမှ တောက်ပပြောင်လက်သော မျက်နှာပြင်များ ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။ ခရုကမာကောင်များသည် ရေကိုစုပ်ယူကာရေထဲမှ မျက်စိဖြင့်မမြင်နိုင်သော အစာများကို စစ်ထုတ်စားသုံးကြရသော သတ္တဝါမျိုးနွယ်ဖြစ်ပါသည်။ ထိုသို့စုပ်ယူရာတွင်ရေထဲမှမာကြောသော အရာဝတ္ထုငယ်တစ်ခုခုပါသွားတတ်ပါသည်။ ထိုအရာဝတ္ထုနှင့်အတူ Mantleခေါ် အသားစလွှာမှအစိတ်အပိုင်းငယ်တစ်ခုကပ်ပါသွားသောအခါ ခရုကမာကောင်၏ ခန္ဓာကိုယ်အတွင်း တစ်နေရာတွင်တွယ်ကပ်၍ ပုလဲအိတ်(Pearl Sac) ဖြစ်ပေါ်လာပါသည်။ ပုလဲအိတ်မှ ညှစ်ထုတ်သော ပုလဲသားအလွှာများဖြင့် အထပ်ထပ်ဖုံးအုပ်ရာမှ သဘာဝပုလဲ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။
သဘာဝပုလဲများသည် ခရုကမာကောင်၏ ခန္ဓာကိုယ်အတွင်းတွင် ဖြစ်ပေါ်တတ်သကဲ့သို့ ခရုကမာကောင်၏အခွံတွင်ကပ်၍လည်း ဖြစ်ပေါ်တတ်ပါသည်။ ခရုကမာကောင်အား အခြားသော ရေသတ္တဝါတစ်မျိုးမျိုးမှ အခွံအား ဖောက်ထွင်းဝင်ရောက်ရန် ကြိုးစားသောအခါ ဖြစ်ပေါ်လာမည့် အပေါက်အား ပုလဲသားဖြင့် ပိတ်ဆို့ရန် အားထုတ်ရာမှ ခွံကပ်ပုလဲ (Blister Pearl)ခေါ် သဘာဝပုလဲမျိုးကို ဖြစ်ပေါ်စေပါသည်။ ၎င်းပုလဲမျိုးမှာ ခန္ဓာကိုယ်အတွင်းတွင် မဟုတ်ဘဲ အခွံတွင် ကပ်၍ ဖြစ်ပေါ်သဖြင့် အရွယ်အစားကြီးမားလေ့ရှိပါသည်။ ၂၀၀၁ ခုနှစ်၊ ဧပြီလတွင် ကော့သောင်းမြို့အနီး၌ ရရှိခဲ့သော အလျား(၆၂)မီလီမီတာ၊ အနံ(၅၀)မီလီမီတာ၊ အမြင့်(၃၁)မီလီမီတာနှင့် အလေးချိန် (၄၅.၀၆)မိုမီရှိသော ကမ္ဘာ့အကြီးဆုံး သဘာဝပုလဲကြီးမှာ ခွံကပ် ပုလဲအမျိုးအစားဖြစ်ပါသည်။
မွေးပုလဲဆိုသည်မှာ သဘာဝပုလဲဖြစ်ပေါ်မှုဖြစ်စဉ်ကို လူတို့က ပြုပြင်ဖန်တီးထားခြင်း ဖြစ်ပါသည်။ ပုလဲသား၏ သိပ်သည်းခြင်းနှင့် တူညီသောဝတ်ဆံလုံး (Nucleus)ကို ဆက်သားစ(Mantle) နှင့်အတူ ခရုကမာကောင်၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းပေးခြင်းဖြစ်ပါသည်။ ထိုသို့ထည့်သွင်းရာတွင် ဝတ်ဆံလုံးအလွယ်တကူပြန်ထွက် မသွားစေရန်နှင့် လုံးဝန်းကြီးမားသောပုလဲရရှိစေရန်အတွက် ခရုကမာကောင်၏ ခန္ဓာကိုယ်အားခွဲစိတ်၍ သတ်မှတ်နေရာသို့ ရောက်ရှိအောင် ကျွမ်းကျင်ပညာရှင်များမှ ဝတ်ဆံသွင်းရခြင်းဖြစ်သည်။ ဖော်ပြပါနည်းအတိုင်း လုံးဝန်းသောပုလဲရရှိရန်အတွက် ဝတ်ဆံသွင်း မွေးမြူသကဲ့သို့ မဘဲ(Mabe Pearl)ခေါ် တစ်ခြမ်းပုလဲ(Half Pearl)များကိုလည်းမွေးမြူထုတ်လုပ်ကြပါသည်။ ဝတ်ဆံအခြမ်းများကို ခရုကမာကောင်၏အခွံအတွင်း ပုလဲသားမျက်နှာပြင်တွင် ကော်ဖြင့် ကပ်၍ မွေးမြူခြင်းဖြင့် တစ်ခြမ်းပုလဲများကို ရရှိပါသည်။
မွေးပုလဲ တစ်လုံးတွင် ပုလဲသား၏ အထူမှာ (၀.၄) မီလီမီတာမှ (၄.၀) မီလီမီတာ အထိ ရှိနိုင်သည်။ ပုလဲ၏ သိပ်သည်းခြင်း Density မှာ (၂.၆ မှ ၃.၀ ) အတွင်း ရှိပြီး မာကြောမှု Hardness မှာ Mohs Scale အရ (၃.၅) ရှိသည်။
ပထမဆုံးသော မွေးပုလဲကို ဂျပန်လူမျိုး မီကီမိုတို ဆိုသူက ၁၈၉၈ ခုနှစ်တွင် စတင်ဖော်ယူနိုင်ခဲ့ကာ ဂျပန်ဘုရင်အား ဆက်သခဲ့ပြီး မြန်မာနိုင်ငံ မြိတ်ကျွန်းစုတွင် မွေးပုလဲ ထုတ်လုပ်မှု လုပ်ငန်းကို ဂျပန်ကုမ္ပဏီ တစ်ခု ဖြစ်သော South Sea Pearl Company နှင့် မြန်မာနိုင်ငံမှ ကော့သောင်း ကုန်သွယ်မှု အသင်းတို့ ပူးပေါင်းကာ ၁၉၅၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ ပထမဆုံး မွေးပုလဲများ ထွက်ရှိခဲ့သည်။
ရေငန်ပုလဲနှင့် ရေချိုပုလဲ
ရေငန်ပုလဲနှင့် ရေချိုပုလဲသည် ပုလဲမျိုးကွဲ နှစ်မျိုးဖြစ်ပြီး ၎င်းတို့ ပေါက်ဖွားရာအရပ်ကို အခြေခံ၍ အမျိုးအစားခွဲထားသည်။ ခေတ်မီနည်းပညာများ တိုးတက်လာသည်နှင့်အမျှ ဤနှစ်ခုကြား ခြားနားချက်ကို တဖြည်းဖြည်း ကျဉ်းမြောင်းသွားစေသော်လည်း အစဉ်အလာအားဖြင့် ရေငန်နှင့် ရေချိုပုလဲများသည် အရောင်၊ အသွင်အပြင်၊ ဈေးနှုန်းနှင့် တာရှည်ခံမှုဆိုင်ရာ ကွဲပြားသော လက္ခဏာများရှိသည်။
ရေငန်ပုလဲနှင့် ရေချိုပုလဲများ- မူရင်းထွက်ရှိရာ ဒေသ
ရေငန်ပုလဲများကို ဂျပန်၊ ဩစတေးလျ၊ တဟီတီ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့ကဲ့သို့သော အပူပိုင်း သမုဒ္ဒရာများရှိသည့် ဒေသများတွင် နေထိုင်ကျက်စားသည့် Saltwater pearl oyster ရေငန် ကမာကောင်များဆီမှ ထုတ်ယူ ရရှိသည်။ Akoya၊ South Sea နှင့် Tahitian ပုလဲမျိုးစိတ်များသည် ထင်ရှားသည့် ရေငန်ပုလဲ မျိုးစိတ် ၃မျိုးဖြစ်သည်။ ရေချိုပုလဲများကို မြစ်များနှင့် ရေကန်များကဲ့သို့သော ရေချိုအရင်းအမြစ်များတွင် ပေါက်ဖွား ရှင်သန်သော freshwater mussels ရေချိုဂုံးကောင် အမျိုးအစားအမျိုးမျိုးမှ ထုတ်ယူရရှိသည်။ ဂျပန်နှင့် အမေရိကန်တို့က ဈေးကွက်တွင် ရေချိုပုလဲများ ဦးဆောင်မိတ်ဆက်သူများ ဖြစ်သော်လည်း ရေချိုပုလဲများကို တရုတ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့တွင် အဓိက မွေးမြူထုတ်လုပ်ကြသည်။
ရေငန်ပုလဲများ၏ ကြီးထွားမှုကာလသည် ရေချိုပုလဲများထက် ပိုရှည်ပြီး ထုတ်လုပ်မှု ကုန်ကျစရိတ် ပိုများသည်။
ရေငန်နှင့် ရေချို မှားယွင်းသော အယူအဆများ
ဈေးကွင်းအတွင်း မှားယွင်းသည့် အယူအဆ တစ်ရပ်မှာ မြိတ်ပုလဲ ကဲ့သို့သော ရေငန်ပုလဲများကို သဘာဝအလျောက် ပေါက်ဖွားလာသည့် သဘာဝပုလဲ (Natural Pearl)၊ ရေချိုပုလဲများကို မွေးမြူရရှိသည့် မွေးပုလဲ (Cultured Pearl) ဟူ၍ လူအများစုက မှားယွင်းစွာ ယုံကြည်ကြသည်။
အမှန်တစ်ကယ်ကတော့ လူတို့က ပုလဲကမာကောင်နှင့် ဂုံးကောင်များအတွင်း ဝတ်ဆံ ထည့်သွင်းပြီး မွေးမြူထားသောကြောင့် ရေငန်ပုလဲရော ရေချိုပုလဲပါ မွေးပုလဲ Cultured Pearl များပင် ဖြစ်ပါသည်။ ကျောက်မျက်စမ်းသပ်ခန်းများတွင် စစ်ဆေးပါက မြိတ်ရေငန်ပုလဲကို Cultured Southsea Pearl ဟု စစ်ချက်ထွက်ပြီး ရေချိုပုလဲကို Cultured Freshwater Pearl ဟူ၍ စစ်ချက်ထွက်ပါသည်။
လူ့အကူအညီမပါဘဲ ဖြစ်ပေါ်လာသော သဘာဝပုလဲ စစ်စစ် (Natural Pearl) များသည် မတော်တဆ ဖြစ်စဉ်တစ်ခုဖြစ်ကာ သဘာဝအရ အလွန်ရှားပါးပြီး အလွန်စျေးကြီးသည်။ စျေးကွက်တွင်တွေ့ရသော ရေငန်ပုလဲ၊ ရေချိုပုလဲများ၏ ၉၉ ရာခိုင်နှုန်းသည် Cultured Pearl မွေးပုလဲများပင် ဖြစ်သည်။
နောက်ထပ်မှားယွင်းသော ဈေးကွက် အယူအဆတစ်ရပ်မှာ ရေငန်ပုလဲများ ကို ပုလဲအစစ် (Genuine Pearl or Real Pearl) လို့ ထင်မှတ်တတ်ပြီး ရေချိုပုလဲများကို ပုလဲအတု (Faux Pearl or Fake Pearl) ဟု ထင်မြင်ကြခြင်း ဖြစ်သည်။ ဤ အယူအဆသည်လည်း လုံးဝ မှားယွင်းသော အယူအဆသာဖြစ်သည်။
ရေငန်ပုလဲရော ရေချိုပုလဲပါ သဘာဝ ပုလဲ ဖြစ်စေ၊ မွေးပုလဲ ဖြစ်စေ ကာမာကောင် သို့မဟုတ် ဂုံးကောင်များ၏ ကိုယ်တွင်းမှ ထုတ်ယူရရှိသောကြောင့် ပုလဲ အစစ် (Genuine Pearl or Real Pearl) သာဖြစ်သည်။
ပုလဲအတု (Faux Pearl) များမှာ စက်ရုံထုတ် ပုလဲများဖြစ်သည့် ကမာပုလဲ (Shell Pearl) ခေါ် ခွံကြိတ်ပုလဲ ၊ ဖန်ပုလဲ၊ ကော်ပုလဲ များဖြစ်သည်။
ရေငန်နှင့် ရေချို- Nacre ပုလဲသား အရည်အသွေး
ရေငန် ရေချို မွေးပုလဲများ အားလုံးကို လက်ခံသတ္တဝါ ဖြစ်သော ရေငန်ကမာကောင် သို့မဟုတ် ရေချိုဂုံးကောင် ၏ ကိုယ်အတွင်းတွင် ဝတ်ဆံ တစ်မျိုးမျိုး ထည့်သွင်းခြင်းဖြင့် ဖန်တီးထားသည်။ ကမာကောင် သို့မဟုတ် ဂုံးကောင်သည် ဝတ်ဆံထည့်သွင်းလိုက်သောအခါ ၎င်း၏မသက်မသာဖြစ်မှုကို လျော့ပါးစေရန် ကြိုးစားသည့်အနေဖြင့် ပုလဲသားဖြစ်လာမည့် အရည်တစ်မျိုးဖြင့် ဝတ်ဆံကို ဖုံးအုပ်လေ့ရှိသည်။ ပုလဲဖြစ်လာသည့် Nacre အလွှာသည် ယားယံမှုဖြစ်စေသော ဝတ်ဆံကို တဖြည်းဖြည်းဖုံးအုပ်လာခြင်းဖြင့် လှပသော ပုလဲလုံး ဖြစ်ပေါ်လာသည်။ ၎င်းလုပ်ငန်းစဉ် အချိန်ကြာလေလေ ပုလဲသားပိုကောင်းလေလေ ပုလဲအရွယ် ပိုကြီးလေလေဖြစ်သည်။
အပေါ်မှာပြောခဲ့သလို ရေငန်ပုလဲများဟာ ရေချိုထက် ပုလဲ ဖြစ်ပေါ်ရန် အချိန်ပိုကြာပါသည်။ ရေငန်ပုလဲကို Bead Nucleus ဝတ်ဆံပုတီးလုံး နှစ်အတန်ကြာထည့်သွင်း မွေးမြူထားရသည်။ ရေငန်ကမာတွင် ထည့်သွင်းထားသော ပုတီးဝတ်ဆံလုံးကြောင့် ယားယံမှုသည် အလွန်ကြီးမားသော အခါ ၎င်းကို ဖုံးအုပ်ရန် ဖွဲ့စည်းထားသော nacre သည်လည်း ပို ကျစ်လစ် သိပ်သည်းပြီး အရည်အသွေး ပိုကောင်းပါသည်။ ရေငန်ပုလဲတစ်လုံး ဖြစ်ပေါ်လာဖို့ ဝတ်ဆံထည့်သွင်းပြီးချိန်မှ ပုလဲဖော်ချိန်အထိ ၅ နှစ်ဝန်းကျင် အချိန်ယူ မွေးမြူရပါသည်။
ဆန့်ကျင်ဘက်အားဖြင့်၊ ရေချိုပုလဲများသည် နှစ်အနည်းငယ် အတွင်း ပုလဲ ဖြစ်ပေါ်အောင် ဖန်တီးနိုင်ကြသည်။ ခြားနားချက်မှာ ရေချိုပုလဲ အတွက် ထည့်သွင်းထားသော ဝတ်ဆံသည် ရေငန်ပုလဲလို Bead Nucleus မဟုတ်ဘဲ ပိုမိုသေးငယ်သည့် အသားစ ဝတ်ဆံ Tissue Nucleus ဖြစ်သောကြောင့် ရလဒ်အနေဖြင့် ရေချိုပုလဲများသည် လုံးဝိုင်းရှားပါးပြီး လုံးဝိုင်းနီးပါး ဘဲဥပုံ၊ အရှည်ပုံ၊ အပြားပုံ၊ အပွားပုံ၊ အဝိုင်းပုံ စသည်ဖြင့် ပုံစံစုံ တွေ့ရှိရပြီး ဝတ်ဆံထည့်သွင်းပြီးချိန်မှ ၁နှစ်ခွဲ ၂နှစ်အတွင်း ပုလဲ ဖော်ယူနိုင်ပါသည်။
ရေငန်နှင့် ရေချို- အရွယ်အစားနှင့် ပုံသဏ္ဌာန်
ရေငန်ပုလဲများသည် ကြီးထွားကာလပိုရှည်သောကြောင့် ရေချိုပုလဲများထက် အရွယ်အစား များစွာကြီးမားသည်။ သို့သော်လည်း ယနေ့ခေတ်တွင်၊ ရေချိုပုလဲများကို အရွယ်အစားပိုကြီးရန် မွေးမြူလာသောကြောင့် ယင်းကွာခြားချက်မှာ သိသာထင်ရှားခြင်းမရှိပေ။
ပုံသဏ္ဌာန်နှင့် ပတ်သက်၍ ရေချိုပုလဲများ၏ 5% ထက်နည်းသော ပုလဲများသာလျှင် ပြီးပြည့်စုံသော လုံးဝိုင်းများဖြစ်သည်။ လုံးဝိုင်းပုံစံသည် ပုလဲများအတွက် ဈေးကွက်အတွင်း လူကြိုက် အများဆုံးသောပုံဖြစ်သည်။ကျန်သည့် ၉၅% သော ရေချိုပုလဲအများစုသည် ထည့်သွင်းသည့်တစ်ရှူးအသားစဝတ်ဆံကြောင့် ဘဲဥပုံ၊ ပေါက်စီပုံ၊ ပုလဲပွားပုံစံ သို့မဟုတ် ပုလဲပြားပုံ စသဖြင့် သဏ္ဌာန်စုံတွေ့ရှိရတတ်သည်။
ဆန့်ကျင်ဘက်အားဖြင့်၊ ရေငန်ပုလဲများသည် ပုတီးစေ့ ဝတ်ဆံထည့်သွင်းသောကြောင့် ရေချိုပုလဲများထက်စာလျှင် လုံးဝန်းသော ပုလဲများ ပိုမိုထွက်ရှိပါသည်။ သို့သော် ရေငန်ပုလဲများတွင်လည်း အရစ်များ အဖုအထစ်များ၊ ပုလဲပွားပုံစံနှင့် အခြားသော ပုံသဏ္ဌာန်နှင့် လည်းတွေ့ရှိနိုင်သည်။ လုံးဝိုင်း ပုလဲပုံစံအပြင် နောက်ထပ် စိတ်ဝင်စားစရာပုံစံမှာ ပုလဲပွား Baroque Pearl ဟုခေါ်ဆိုသည့် ပုံသဏ္ဌာန်မမှန်သော ပုလဲများဖြစ်သည်။ ပုလဲပွားသည် ၎င်း၏ တမူထူးသော ပုံစံကြောင့် လူကြိုက်များလာကာ ခေတ်မီလက်ဝတ်ရတနာဒီဇိုင်းများအတွက် ရေပန်းစားသောရွေးချယ်မှုတစ်ခုဖြစ်သည်။
ရေငန်နှင့် ရေချို - တောက်ပမှုနှင့် အရောင်
ပွင့်ရည်တောက်ပမှုသည် ဤပုလဲမျိုးကွဲနှစ်ခုကြားတွင် အရေးကြီးသော ခြားနားချက်ဖြစ်သည်။ ရေငန်ပုလဲများသည် ရေချိုပုလဲများထက် သာလွန်တောက်ပပြီး တောက်ပသော အသွင်အပြင်ရှိသည်။ ဤတောက်ပမှုသည် ဝတ်ဆင်သူအများစုအတွက် ရေငန်ပုလဲများကို နှစ်သက်သည့် အကြောင်းရင်းတစ်ခုဖြစ်သည်။
အရောင်နှင့် ပတ်သက်၍ ရေငန်ပုလဲများတွင် ယေဘုယျအားဖြင့် အဖြူရောင်နှင့် နို့နှစ်ရောင် အတွေ့ရများဆုံးဖြစ်ပြီး တဟေတီ ရေငန်ပုလဲတွင် အနက်ရောင်နှင့် ခဲရောင်၊ တောင်ပင်လယ် ရေငန်ပုလဲတွင် ရွှေရောင် အနုအရင့် အမျိုးမျိုးကို တွေ့ရသည်။
ရေချိုပုလဲများကို အဖြူရောင်၊ ခရင်မ်၊ ပန်းရောင်နှင့် ပန်းခရမ်းရောင် အပါအဝင် ရောင်ပြေးပါသော အရောင်အမျိုးမျိုးဖြင့် တွေ့ရှိနိုင်သည်။
ရေငန်နှင့် ရေချို - တန်ဖိုးနှင့် ဈေးနှုန်း
ရေငန်ပုလဲများကို ရေချိုပုလဲထက် ပိုတန်ဖိုးကြီးသည်ဟု ယူဆရသည့် အကြောင်းရင်းများစွာရှိပါသည်။ အလားတူအရွယ်အစားပုလဲလုံးနှစ်လုံး၏ စျေးနှုန်းများကို နှိုင်းယှဉ်ပါက ပျမ်းမျှ ၁၀ ဆ ခန့်ဈေးကွာခြားလေ့ရှိသည်။
ဥပမာ-အနာအဆာကင်းပြီး အရည်အသွေးမြင့် ရေချိုပုလဲ ကြိုးတစ်ကုံးသည် ၅ သိန်း ဝန်းကျင် ကျသင့်ပြီး ရေငန်ပုလဲ အရည်မြင့် အနာကင်း တစ်ကုံးသည် သိန်း၅၀ မှ သိန်း ထောင်ဂဏန်းအထိ ကျသင့်နိုင်ပါသည်။
အဓိကကျသော အချက်မှာ ရေငန်ပုလဲများသည် ရေချိုပုလဲများလောက် မပေါများပါ။ မွေးမြူချိန်ပိုကြာပြီး ရေငန်ကမာကောင်များသည် ရေချိုဂုံးများထက်သေးငယ်သောကြောင့် တစ်ကောင်တွင်ပုလဲများစွာကို မဖန်တီးနိုင်ပါ။ ရေချိုဂုံးကောင်တစ်ကောင်သည် တစ်ကြိမ်လျှင် ပုလဲအလုံး ၅၀ အထိ ထုတ်လုပ်နိုင်ပြီး ရေငန်ကမာကောင်များသည် တစ်ကြိမ်တွင် အများဆုံး ပုလဲ ၃ လုံးအထိသာထုတ်လုပ်နိုင်သည်။ ထို့ကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ် များစွာ ကွာခြားပါသည်။
နောက်တစ်ခုအနေနှင့် ရေငန်ပုလဲများသည် ပွင့်ရည်တောက်ပပြီး အသွင်အပြင် ပိုလှပသောကြောင့် အလွန်နှစ်လိုဖွယ်ကောင်းပြီး ၎င်းတို့ကို ရတနာ မြတ်နိုးသူများက ပိုမိုဝယ်ယူ စုဆောင်းကြခြင်းပင် ဖြစ်သည်။ ရေငန်ပုလဲများ ၀ယ်လိုအား ပိုများလာခြင်းသည် စားသုံးသူအတွက် ဈေးကွက်အတွင်း ရေငန်ပုလဲစျေးကို ပိုမြင့်စေသည်။
ရွေးချယ်သင့်သည့် ပုလဲအမျိုးအစား
လူအများစုသည် ၎င်းတို့၏ တောက်ပမှုနှင့် လှပမှုကြောင့် ရေငန်ပုလဲများကို နှစ်သက်ကြသော်လည်း ယနေ့ခေတ်တွင် ရေချိုပုလဲများသည် တောက်ပြောင်ပြီး ထပ်တူထပ်မျှ လှပလုနီးပါး ဖြစ်နေသည်။ သုံးစွဲမည့် ငွေပမာဏသည် မိတ်ဆွေအတွက် ထည့်သွင်းစဉ်းစားစရာ ဖြစ်ပါက ရေချိုပုလဲများကို ရွေးချယ်ခြင်းသည် သင့်လျော်သောရွေးချယ်မှုဖြစ်သည်။ ကုန်ကျစရိတ်များစွာ သက်သာစွာဖြင့် လှပသောပုလဲများကို ဝတ်ဆင်နိုင်မည်ဖြစ်သည်။
သုံစွဲမည့် ငွေပမာဏကို ထည့်သွင်းတွက်ချက်ရန်မလိုဘဲ ပိုမိုရှားပါးသော၊ တန်ကြေးမြင့်သော ပုလဲရတနာကို စုဆောင်းလိုပါက ရေငန်ပုလဲများကို ရွေးချယ်သင့်ပါသည်။
အချုပ်အားဖြင့် ဆိုရသော် လှပ၍စျေးသက်သာသော ရေချိုပုလဲများနှင့် တန်ဖိုးမြင့်၍ အရည်အသွေးကောင်းသော ရေငန်ပုလဲများ ၂ မျိုးစလုံးသည် ပုလဲကျက်သရေဆိုသည့်အတိုင်း မိတ်ဆွေအတွက် လှပခြင်း၊ ကျက်သရေရှိခြင်း၊ ခန့်ငြားထည်ဝါခြင်းများကို ယူဆောင်လာပေးမည့် ပုလဲရတနာများပင် ဖြစ်ပါကြောင်းလေ့လာရေးသားအပ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်