သနပ်ခါးစိုက်ပျိုးသည့်တောင်သူအများစုမှာ သဘာဝမြေဩဇာများကို အဓိကသုံးစွဲလေ့ရှိကြပြီး၊ သနပ်ခါးဈေးကွက် ကျဆင်းနေသည့်အချိန်ဖြစ်သဖြင့် ယခင်ကထက် သွင်းအားစုစရိတ််များကို လျော့ချသုံးစွဲနေကြရကြောင်း သိရသည်။
ဓာတုမြေဩဇာသုံးတဲ့သူတွေလည်း ရှိတော့ရှိပေမယ့် သနပ်ခါးသမားအများစုကတော့ သဘာဝမြေဩဇာအသုံးများပါတယ်။ နွားချေး၊ ဆိတ်ချေး၊ ကြက်ချေး စတဲ့ တိရစ္ဆာန်အညစ်အကြေး၊ သဘာဝမြေဩဇာတွေ ကျွေးမွေးရာမှာ အရင်က လှည်းနှစ်စီးစာဆို အခုတော့ တစ်စီးစာလောက်ပဲ ကျွေးနိုင်တော့တယ်။ အသွားအလာနည်း တင်ပို့မှုနည်းပြီး သနပ်ခါးအရောင်းမဝယ်က သိပ်မကောင်းဘူးလေ။ သနပ်ခါးကုန်ချောထုတ်ကုန်တွေကလည်း ပါးပါးလေးပဲသွားနိုင်တယ်။ တောင်သူတွေက ဝင်ငွေနည်းနေတဲ့အတွက် ခြံထဲကို သွင်းအားစုသိပ်မထည့်နိုင်တော့ဘူး။ တချို့ဆို ထပ်မထည့်နိုင်တော့လို့ ပစ်ထားရတာအများကြီးပဲ
ဟု အရာတော်မြို့နယ်မှ သနပ်ခါးစီးပွားဖြစ် စိုက်ပျိုးသူ ဦးကျော်စိုးက ပြောသည်။
သနပ်ခါးပင်သည် စိုက်ပျိုးပြီး (၅)နှစ်/(၆)နှစ်မှ စတင်၍ သနပ်ခါးခုတ်ရောင်းနိုင်ပြီး၊ မိုးရာသီကာလများတွင် အပင်ကြားပေါင်းလိုက်ပေးခြင်း၊ ဒေသရာသီဥတုနှင့် အပင်အခြေအနေပေါ် မူတည်၍ မြေဩဇာကျွေးမွေးပေးခြင်းတို့ကို လုပ်ဆောင်ပေးပါက အပင်သက်တမ်း နှစ်ပေါင်းများစွာ ရှည်ကြာနိုင်သည့် နှစ်ရှည်ပင်အမျိုးအစားဖြစ်သည်။
သနပ်ခါးအတုံးဈေး၊ သနပ်ခါးအပင်လိုက်ဈေးတွေကတော့ ကျသွားတာမဟုတ်ဘူး။ အသွားအလာနည်း၊ အရောင်းအဝယ်နည်းပါးသွားလို့သာ ဈေးကွက်မကောင်းကြတာ။ အရင်က သနပ်ခါးတစ်ပင်ကို ရှစ်ထောင်ကျပ်နဲ့ရောင်းခဲ့တယ်ဆို အခုလည်းရှစ်ထောင်ပဲ၊ အရင်က တစ်သောင်းကျပ်နဲ့ရောင်းတဲ့ အပင်အရွယ်အစားဆို အခုလည်းအဲ့ဒီလောက်ပဲ၊ ဈေးက သိပ်မကွာလှဘူး။ အရောင်းအဝယ်မသွက်တာ၊ ဈေးကွက်မတွင်ကျယ်ဘူး ဖြစ်နေတာပါ။
ဟု ၎င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် သနပ်ခါးပင်ကို အရာတော်ဒေသတွင် အများဆုံးစိုက်ပျိုးထုတ်လုပ်နေပြီး စိုက်ပျိုးမှု ဒုတိယအများဆုံးမှာ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၊ မြိုင်မြို့နယ်၊ တတိယအများဆုံးမှာ ရေစကြိုမြို့နယ်ဖြစ်ကြောင်း သိရသည်။