တစ်ပတ်အတွင်းကမ္ဘာ့ရော်ဘာစျေးသုံးသပ်ချက်

31/08/2018 16:39 PM တွင် Nyi Thway Nyi Thway မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ANRPC သဘာဝရော်ဘာထုတ်လုပ်သူနိုင်ငံများအသင်းရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့ရော်ဘာ အသုံးပြုမှုဟာ မနှစ်ကထက် ၅.၂% တိုးလာပါတယ်တဲ့။ ၂၀၁၈၊ ဇူလိုင်လအထိ ၇ လအတွင်း တန် ၈.၁၅၈ သန်းအထိရှိသွားပြီဖြစ်တယ်။ ဒီကာလအတွင်း ကမ္ဘာ့သဘာဝရော်ဘာထုတ်လုပ်မှုက မနှစ်ကထက် ၃.၇% မြင့်တက်လာတာ တန် ၇.၃၇၂ သန်းအထိရောက်လာတယ်။ ဒီကိန်းဂဏန်းက ၂၀၁၈ ရဲ့ ပထမ ၇ လမှာကို တန် ၇၈၆၀၀၀ လျော့နေတာကို ပြနေပါတယ်လို့ ANRPC က သူတို့ရဲ့ သဘာဝရော်ဘာအလားအလာနဲ့ စာရင်းအင်းနောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

ရော်ဘာထုတ်လုပ်တဲ့ဒေသတွင်းရှိ နိုင်ငံတွေမှာ ပြင်းထန်တဲ့မုတ်သုန်မိုး၊ ရေကြီးခြင်း၊ တိုင်ဖုန်းတိုက်ခတ်ခြင်းတို့ဟာ ဇူလိုင်နဲ့ ဩဂုတ်လအတွင်းဖြစ်ပွားခဲ့ကြတဲ့ အထောက်အထားတွေရှိခဲ့တယ်။ မျက်နှာသာမပေးတဲ့ ရာသီဥတုအခြေအနေနဲ့ ဆွဲဆောင်မှုမရှိတဲ့ဈေးနှုန်းတို့ကြောင့်၊ ဇန်နဝါရီမှ ဇူလိုင်လအထိ ၇ လအတွင်းမှာ ထုတ်လုပ်မှုဟာ ဗီယက်နမ်မှာ ၁၇.၆%၊ မလေးရှားမှာ ၁၆.၅%၊ အိန္ဒိယမှာ ၈.၅% နဲ့ သီရိလင်္ကာမှာ ၁၀.၃% အသီးသီး ကျဆင်းသွားတယ်။ ပြီးခဲ့တဲ့နှစ် အချိန်ကာလတူနဲ့ နှိုင်းယှဉ်ပြီးတော့ ပြောတာပါ။ ဒီလိုအသုံးက အထွက်ထက်များနေရင် ( အသုံး ၈.၁၅၈ သန်း - အထွက် ၇.၃၇၂ သန်း = ၇၈၆၀၀၀) ဈေးကွက်သဘောအရ ဈေးလိုက်လာရပါမယ်။ ဒါပေမယ့် အခု လက်ရှိမှာ အဲလိုဖြစ်မနေဘူး။ 

တိုကျိုရဲ့ စံထားတဲ့ ရော်ဘာဈေးဟာ တနင်္လာနေ့မှာ စောစောပိုင်းရထားသမျှ ပြန်ခွာချကာ တတိယမြောက်နေ့အဖြစ် အကျနဲ့ ဈေးပိတ်သွားတယ်။ ပြီးခဲ့တဲ့အပတ် ကြာသပတေးနဲ့ သောကြာမှာလည်း အကျနဲ့ပဲ ပိတ်ခဲ့တဲ့အတွက် တနင်္လာနေ့က တတိယမြောက်နေ့အဖြစ်ကျတယ်လို့ဆိုတယ်။  စင်္ကာပူရော်ဘာကြိုရောင်း/ဝယ်ဈေး Future Market နဲ့ ရေနံဈေး အားနည်းနေလို့ပါတဲ့။ 

အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကို အရိပ်ထိုးတဲ့ TOCOM ရော်ဘာဈးဟာ စင်္ကာပူဈေးကွက်ရဲ့ ဖိအားကို ခံနေရတယ်။ ဆိုတော့ ဂျပန်ရဲ့ TOCOM ဟာ ရှန်ဟိုင်းရဲ့ ShFE ကိုမှီရုံသာမက စင်္ကာပူရဲ့ SICOM ကိုလည်းမှီနေတယ်ဆိုတာ သိရတာပေါ့။ SICOM အကျနောက် လိုက်ပါကျသွားတဲ့သဘောပဲ။ 

အင်ဒိုနီးရှားရဲ့ ရော်ဘာအဓိကထွက်ရာဒေသတွေမှာ လတ်တလော ရေကြီးနေတယ်။ ဒါဆိုရော်ဘာအထွက်ကျမယ်။ ကျရင် ဈေးကလိုက်လာရမယ်။ ဒါပေမယ့် ခု ဒီလိုမဖြစ်ပဲနဲ့ ဆက်ကျနေတယ်။ အရင်းစစ်လိုက်တော့ ရောင်းလိုအားက လျော့မသွားတဲ့အပြင် ပိုလာလို့ပဲတဲ့။ ရောင်းအားများနေရင် ဈေးကဘယ်လိုက်တော့မလဲ။ ကျမှာပါပဲ။ ဒါက ဂျပန်သတင်းရင်းမြစ်ကအဆို။

တိုကျိုရဲ့ TOCOM မှာ ဇန်နာဝါရီကန်ထရိုက်ဟာ ဝ.၆ ယန်းအကျနဲ့၁၇၅.၃ ယန်း($၁.၅၉)/ကီလိုဂရမ်ဈေးနဲ့ ဈေးပိတ်တယ်။ ရှန်ဟိုင်းရဲ့ ShFE မှာ အနုတ်အသိမ်းအများဆုံးကန်ထရိုက်လ ဇန်နာဝါရီမှာ ၁၀ ယွမ်တက်ကာ ၁၂၅၁၅ ယွမ်($၁၈၂၁)/တန်ဈေးနဲ့ ဈေးပိတ်သွားတယ်။

အင်္ဂါနေ့မှာလည်း အကျနဲ့ ထပ်ပိတ်ပြန်တော့ ဆက်တိုက်ကျလာတာ ၄ ရက်ရှိသွားပြီ။ ဒါပေမယ့် ဗုဒ္ဓဟူးနေ့မှာတော့ အတက်နဲ့ ပိတ်သွားတယ်။ ဒါပေမယ့် ဒီလိုဈေးတက်စပြုနေတာကို ရှန်ဟိုင်းနဲ့ စင်္ကာပူဈေးက ဟန့်တားထားပြန်တယ်။ ဒီဈေးကွက် ၂ ခုရဲ့ အကျကြောင့် TOCOM ဟာကောင်းကောင်းမတက်နိုင်ဖြစ်နေရတယ်။ 

အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကို သက်ရောက်လေ့ရှိတဲ့ TOCOM ရဲ့ ရော်ဘာဈေးဟာ ရောင်းလိုအားများနေတာကြောင့် ဩဂုတ်လလယ်ခန့်က ဖြစ်တဲ့ ၂၂ လအတွင်းအနိမ့်ဆုံးဈေးတဝိုက်မှာ ဝဲနေတော့တယ်။ ရောင်းလိုအားက များနေဆဲကိုး။ ဝယ်လိုအားက သိပ်မရှိပဲကိုး။ 

တိုကျိုရဲ့ TOCOM မှာ ဖေဖော်ဝါရီကန်ထရိုက်ရော်ဘာဈေးဟာ ဝ.၃ ယန်းတက်ပြီး ၁၇၂.၅ ယန်း($၁.၅၆)/ကီလိုဂရမ်ဈေးနဲ့ ပိတ်သွားတယ်။ စောစောပိုင်းမှာ တပတ်အတွင်း အနိမ့်ဆုံးဈေးကို ရောက်ပြီးမှ ပြန်တက်သွားတာပါ။ ရှန်ဟိုင်းရဲ့ ShFE မှာ ဇန်နာဝါရီမှာကန်ထရိုက်ဈေးမှာ ၅၅ ယွမ်ကျကာ ၁၂၃၄၀ ယွမ်($၁၈၀၈)/တန်ဈေးနဲ့ ပိတ်ပါတယ်။ 

တိုကျိုရဲ့စံရော်ဘာဈေးဟာ ကြာသပတေးနေ့မှာ ဆက်တက်ပါတယ်။ အဓိကထုတ်လုပ်သူနိုင်ငံတွေမှာ ဈေးမကောင်းတော့ စိတ်ဝင်စားမှုလျော့ကျကာ၊ ရာသီဥတုအခြေအနေကလည်း မကောင်းတာကြောင့် အထွက်နည်းနေတာက တိုကျိုဈေးတက်ရတဲ့အကြောင်းပါ။ “မလေးရှား၊ ဗီယက်နမ်၊ အိန္ဒိယနဲ့ သီရိလင်္ကာတို့မှာ ၂၀၁၈ ရဲ့ ပထမ ၇ လမှာ မျက်နှာသာမပေးတဲ့ ရာသီဥတုအခြေအနေနဲ့ ရော်ဘာဈေးနည်းနေသည့်အတွက် ရလဒ်အနေနဲ့ ရော်ဘာအထွက်ကျနေပါတယ်" လို့ ANRPC ရော်ဘာထုတ်လုပ်သူနိုင်ငံများအသင်းရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတာ ဖတ်ရတယ်။ 

တိုကျိုရဲ့ TOCOM ရော်ဘာဈေးဟာ လွန်ခဲ့တဲ့တနှစ်ဈေးနှုန်းအဆင့်အောက် ၂၀% တဝိုက်မှာ ရောင်းဝယ်နေကြတာပါ။ ဒီလိုဖြစ်တာဟာ ဝေါရှင်တန်နဲ့ ဘေကျင်းတို့ရဲ့ ကုန်သွယ်ရေးအငြင်းပွားမှု ဆိုးသည်ထက်ဆိုးလာတဲ့အတွက်ကြောင့်လို့ ကုန်သည်တွေပြောကြတယ်။

ဈေးကွက်မှာ ပါဝင်ပတ်သက်နေသူတွေက အထွက်နည်းနေတဲ့လက္ခဏာတွေကို သေသေချာချာ စောင့်ကြည့်နေကြတယ်။ အင်ဒိုနီးရှားမှာ ငလျင်တွေဆက်တိုက်လှုပ်တာနဲ့ အိန္ဒိယမှာ ရေကြီးတာနေတာတွေကိုပေါ့။  

အထွက်နည်းမယ့် လက္ခဏာရှိပေမယ့် ရှန်ဟိုင်း ShFE ကစောင့်ကြည့်နေတဲ့ ကုန်လှောင်ရုံတွေမှာ အရန်ရော်ဘာဟာ ဒီနှစ်မှာ ခုထိ ၄၃% နီးပါးမြင့်တက်နေတယ်။ TOCOM မှ စောင့်ကြည့်တဲ့ တိုကျိုနဲ့ တိုကျိုပြင်ပက ကုန်လှောင်ရုံတွေမှ အရန်ရော်ဘာတွေလညိး ၄၆ တန်များကာ ၁၁၀၁၂ တန်ရှိနေတယ်။ ဒါက ဩဂုတ်လ ၂၀ စာရင်းဆိုတော့ လွန်ခဲ့တဲ့ ၁၀"ရက်ကပါလို့ TOCOM ကကြာသပတေးနေ့မှာ ပြောပါတယ်။

ဒီတော့လှောင်ထားတဲ့ရော်ဘာတွေက များနေဆဲမို့ အဝယ်သွက်လာဘို့ သိပ်မရှိသေးဘူးလို့ ခန့်မှန်းရတယ်။ ဈေးလည်း သိပ်မလှုပ်သေးဘူးပေါ့။ 

တိုကျိုရဲ့ TOCOM မှာ ဖေဖော်ဝါရီကန်ထရိုက်လ ရော်ဘာဈေးဟာ ၁.၄ ယန်းတက်ကာ ၁၇၃.၉ ယန်း($၁.၅၆)/ကီလိုဂရမ်ဈေးနဲ့ ပိတ်သွားတယ်။ စောစောပိုင်းမှာ ၉ ရက်အတွင်း အနိမ့်ဆုံးဈေးကို ကျသွားသေးတယ်။ အနုတ်အသိမ်းအများဆုံး ဇန်နာဝါရီကန်ထရိုက်လရော်ဘာဈေးဟာ ShFE မှာ ၉၅ ယွမ်(ဝ.၈%) တက်၍ ၁၂၄၅၅ ယွမ်($၁၈၂၃)/တန်ဈေးနဲ့ ပိတ်သွားတယ်။

သောကြာနေ့မှာတော့ TOCOM မှာ ဝ.၂ ယန်းကျ၍ ၁၇၃.၇ ယန်း/ကီလိုဂရမ်ဈေးနဲ့ပိတ်ကာ၊ ShFE မှာက ယွမ် ၁၁၀ ကျပြီး ၁၂၃၆၀ ယွမ်/တန်ဈေးနဲ့ဈေးပိတ်သွားကြပါပြီ။ 

ဒီအပတ်လည်း ဈေးကွက်ကို ဖိအားရှိနေတဲ့ အချက်တွေက တရုတ်-အမေရိကန်ကုန်သွယ်ရေးတင်းမာမှု၊ အရန်သိုလှောင်ထားတဲ့ ရော်ဘာတွေအလွန်များနေခြင်း နဲ့ ရောင်းလိုအားများနေခြင်းတို့က အဓိကပါပဲဆိုတာ သုံးသပ်မိပါတယ်။ 

 

ကိုညီသွေး


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်