ရော်ဘာ အဖူးကူးခြင်း

08/12/2017 22:29 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(က) ဖူးနုကူးခြင်း(Young Budding)

လက်ခံပင် အသက်၃-၄လသား အရွယ်တွင် အဖူးကူးခြင်း ဖြစ်ပါသည်။ ပျိုးပင် သက်ငယ်ငယ်နှင့် အဖူးကူးဆောင်ရွက်ခြင်းဖြစ်၍ ပျိုးပင် ထုတ်လုပ်မှု စရိတ် သက်သာစေသည်။

(ခ) ဖူးစိမ်းကူးခြင်း (Green Budding)

အဖူးစိမ်း ကူးနည်းကို လက်ခံပျိုးပင် အသက်၅-၆လ အရွယ်နှင့် ပင်စည် ခဲတံလုံး အရွယ်တွင် အဖူးကူးနိုင်သည်။ အသုံးပြုမည့် မျိုးသန့်အဖူးအား (၈-၁၀) ပတ် အရွယ် အစိမ်းရောင်မျိုးကိုင်းမှ ရယူသည်။ အဖူးစိမ်းကူးနည်းမှာ လက်ခံပျိုးပင် သက်တမ်းငယ်ငယ်တွင် အဖူးကူးနိုင်ပြီး အချိန်ကာလ တိုတိုဖြင့် အဖူးကူးပင်ကို ထုတ်လုပ်နိုင်သဖြင့် ပျိုးပင် ထုတ်လုပ်စရိတ် သက်သာစေသည်။

(ဂ) ဖူးညိုကူးခြင်း (Brown Budding)

အဖူးညိုကူးနည်းကို လက်ခံပျိုးပင် အသက်တစ်နှစ်မှ တစ်နှစ်ခွဲခန့် အရွယ်တွင် အဖူးကူးခြင်းဖြစ်ပါသည်။

အဖူးကူးနည်း

(၁) လက်ခံပင်အား အခေါက်ခွာရ လွယ်ကူသော အပင်ထိပ်ရှိ ရွက်ဖုံရင့်ပြီး အပင်အားရွေးချယ်ပါ။

(၂) လက်ခံပင် ပင်စည်အောက်ခြေ ၆ လက်မ ခန့်အား အဝတ်စ သန့်သန့်ဖြင့် သုတ်ပါ။

(၃) လက်ခံပင် အခေါက်အား အမြင့် လက်မဝက် မှအပေါ်သို့ဒေါင်လိုက် လှီးကြောင်းနှစ်ကြောင်းကို လက်မဝက်စီခြား၍ အရှည်နှစ်လက်မအား အတွင်းသစ်သားအထိ လှီးပါ။ ယင်းဓားလှီးရာ ၂ခုအထက် ဘက်တွင် ကန့်လန့်ဖြတ် တစ်ကြောင်းထပ်လှီးပါ။

(၄) အသုံးပြုမည့် မျိုးကိုင်းအား မျိုးကိုင်းပွားခင်း အပင်တွင် ရွက်ဖုံးအထက်နား၌ ၈-၁၀ပတ် ကြိုတင်ဖြတ်ပါ။ ဖြတ်ယူ အသုံးပြုရမည့် မျိုးကိုင်းမှာ ထိပ်ပိုင်းရှိ အရွက်များ ပြန့်ကား၍ ပုံမှန် အရွယ်ရောက်သည့် အဆင့် ဖြစ်ရမည်။

(၅) ဖြတ်ယူထားသော မျိုးသန့်မျိုးကိုင်းမှ အဖူးပိုင်းများကို ဓားဖြင့် လှီးထုတ်ပါ။ အဖူးပိုင်းတွင် မျိုးသန့်အဖူးပါသော အခေါက်ပိုင်းနှင့် အတွင်းသစ်သားစ အနည်းငယ် ပါရှိသည်။

(၆) မျိုးသန့် အဖူးပိုင်းအား လက်ခံပင် အဖူးကူးမည့်နေရာနှင့် အံဝင်ခွင်ကျ ဖြစ်နေစေရန်ဘေးနှစ်ဖက်အား ညှိလှီးပေးပါ။ အဖူးကူးမည့်နေရာထက် အနည်းငယ် ငယ်နေရမည်။ အတွင်းရှိ သစ်သားစ ပါးပါးအား အခေါက်မှ ခွာထုတ်ပစ်ပါ။ အခေါက်နှင့် အခေါက်အတွင်းပိုင်းရှိ မျိုးသန့်အဖူးအား အနာမဖြစ်စေရန် ဂရုစိုက်ခွာရမည်။ ခွာထားသော အဖူးပါ အခေါက်အား အထက်နှင့်အောက်တွင် တိဖြတ်ပေးပါ။

(၇) ဓားရာ လှီးထားသော လက်ခံပင်မှ အခေါက်ကို အပေါ်မှအောက်သို့ ခွာလှန်ပါ။ ယင်းအခေါက်ဖက်အား အောက်ခြေတွင် လက်မဝက်ခန့် အရှည်ချန်ပြီး ဖြတ်ပါ။ သို့သော် မိုးရာသီ အဖူးကူူးမည့် လက်ခံပင် အခေါက်ကိုအောက်မှ အထက်သို့ စပြီး လှန်၍ခွာလိုက်ပါ။

(၈) အသင့်ခွာပြီး ဖြတ်ထားသော မျိုးသန့်အဖူးအား လက်ခံပင်၌ အဖူးကူးရန် လှီးဖွင့်ထားသောနေရာ အခေါက်ဖက်ကြားတွင် သွင်းမြုပ်ပါ။ လက်ခံပင်နှင့် မျိုးသန့်အဖူးမှ အသားတိုးလွှာ Cambium များ ပူးထိနေရမည်။ ယင်းနှစ်ခုကြားတွင်ရေ၊ အမှိုက်စသည်များ မဝင်အောင် ဂရုစိုက်ရပါမည်။

(၉) အဖူးမြုပ် ထားသောနေရာအား တစ်လက်မလျော့လျော့ အကျယ်ရှိသော ပလပ်စတစ်အကြည် တိတ်ကြိုးဖြင့်အောက်မှစ၍ အပေါ်ဖက်သို့ ရစ်ပတ်ချည်နှောင်ပါ။

အဖူးကူးမှုအောင်မအောင် စစ်ဆေးခြင်း

(၁) အဖူးကူးပြီး ၃ပတ် အကြာတွင် မြုပ်သွင်းထားသော အဖူးစိမ်းနေပါက အဖူးကူးအောင်မြင်သည်။

(၂) ပို၍သေချာရန်အတွက် တစ်ပတ်ခန့် အကြာတွင် ထပ်မံ စစ်ဆေးရသည်။ အဖူးစိမ်းနေသေးပါက ယင်းအဖူးကူးပင် သေချာပေါက်အောင်မြင်ပြီး ဖြစ်သည်။

(၃) အောင်မြင်သော အဖူးကူးပင်အား မကြာခင်ပြောင်းရွှေ့ စိုက်မည်ဆိုပါက မျိုးသန့်အဖူး မနာစေရန် ပလပ်စတစ်တိတ်ကြိုးအား မဖြည်သေးဘဲ စိုက်ခါနီးမှဖြည်နိုင်သည်။ ပျိုးခင်းတွင် တစ်လထက် ပိုထားပါက ပလပ်စတစ်ကြိုးကို ဖြည်လိုက်ပါ။

(ဂ) အဖူးကူးခြင်းနှင့် ပလပ်စတစ်အိတ်သို့ပြောင်းရွေ့ စိုက်ပျိုးခြင်း

မြန်မာပြည် ရာသီဥတုအရ မျိုးစေ့များမှာ ဇွန်လကုန်၊ ဇူလိုင်လဆန်းတွင်ကြွေသဖြင့် အစို့ဖောက် ပျိုးထောင်ထားသည့် လက်ခံပျိုးပင်များ၏ အဖူးစိမ်းကူးခြင်းကို ဒီဇင်ဘာမှဖေဖေါ်ဝါရီလများတွင် ၎င်းအဖူးညိုကူးခြင်းကိုမေလနှင့် မိုးကုန်စက်တင်ဘာမှ ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် ၎င်းအဖူးကူးခြင်းကို ဆောင်ရွက်နိုင်ပါသည်။

ပလပ်စတစ်အိတ်တွင် အစို့ပေါက် အစေ့များအား စိုက်ပျိုးထားသည့် အဖူးကူးအောင်မြင်သည့် လက်ခံပင်အား အဖူးကူးနေရာ အထက်နားတွင် ဖြတ်ပြီးနောက် ပလပ်စတစ်အိတ်တွင် အဖူးကူးပင်များအား ဆက်လက်ထိန်းသိမ်း ပြုစုမွေးမြူရမည်။

မြေဘောင်ပျိုးခင်းမှ အဖူးကူးအောင်ပင်များကို နုတ်ကာမြေလုံးမပါသော အဖူးကူး ပျိုးငုတ်ပင် (Bare root budded stump) အနေနှင့် ပလပ်စတစ် ပျိုးအိတ်များတွင် ပြောင်းရွှေ့ စိုက်ပျိုးရသည်။ အဖူးစိမ်း ကူးနည်းနှင့် အဖူးနု ကူးနည်းများမှ ရရှိသော အဖူးကူး ပျိုးငုတ်ပင်များ ပြောင်းရွေ့ စိုက်ပျိုးရန်အတွက် (၆လက်မ× ၁၂လက်မ) အရွယ်အစား ပျိုးအိတ်မှာ သင့်တော်ပါသည်။ အဖူးညိုကူးနည်းမှ ရရှိသော အဖူးကူး ပျိုးငုတ်ပင်မှာ စိုက်ပျိုးရန်အတွက် ပိုကြီးသော ပျိုးအိတ် (၇လက်မ×၁၄လက်မ) အရွယ်အစားကို အသုံးပြုပါသည်။

အဖူးကူးအောင်မြင်သော အပင်များအားမြေဘောင်များမှ နုတ်ယူရန်အတွက် ပျိုးဘောင် အပင်တန်း၏ တစ်ဖက်မှမြေကြီးအား တူးပြီးနောက် အပင်အား အဖူးမနာစေရန် ကိုင်တွယ်ကာ ဆွဲနုတ်ယူရသည်။ နူတ်ယူပြီးသော အဖူးကူးအောင်မြင်သော အပင်များအား အဖူး၏ အထက်နားမှ အခြား တစ်ဖက်သို့ စောင်း၍ ဖြတ်ရသည်။ရေသောက်မြစ်နှင့်ဘေးမြစ်များပါ ဖြတ်ရသည်။

အဖူးကူး ပျိုးငုတ်ပင်၏ လက်ခံပင် အပိုင်းနှင့်အမြစ်များ ဖြတ်ရန် ပျမ်းမျှအရှည် ၈လက်မ-၁၀လက်မခန့် ထားကာ အမြစ်ဖြတ်ပြီးနောက် အမြစ်ထိပ်များမှ ထွက်လာသော အစေးအား အခြောက်ခံ ဖယ်ပစ်ရသည်။ အမြစ်ထွက် လှုံဆော်ဆေး အမျိုးမျိုးအလိုက် ဖြတ်ထားသော အမြစ်ထိပ်ကို အားဆေးမှုန့်တွင် နှစ်တို့ခြင်း ဆေးဖျော်ရည်တွင် ခေတ္တနှစ်စိမ်၍လည်းကောင်း အမြစ်ထွက်အား ပိုမိုအားကောင်းစေရန် အသုံးပြုရ ပါသည်။ Hortomone A, Rootone F , IBA 2000 စသည့်ဆေးများမှာ ရော်ဘာပျိုးပင်များအတွက် ထိရောက်သော အမြစ်ထွက် လှုံ့ဆော်ဆေးများ ဖြစ်ပါသည်။

အဖူးကူးအောင်ပင်အား ပျိုးအိတ်ပင် စိုက်ပျိုးရန်အတွက် ပျိုးအိတ်မြေကြီး အလယ်ဗဟိုတွင် စိုက်ပျိုးမည့် အမြစ်အရှည်၏ အနက်အထိ တုတ်ချောင်းငယ်ဖြင့် အပင်ဘေးမှ ထိုးကာ အပင်ဖက်သို့ ၃-၄နေရာခန့် ဆွဲကြပ်ရသည်။ လိုအပ်သောမြေများ ထပ်ဖြည့်ပြီး ဘေးမြစ်များ မနာစေရန်နှင့် အမြစ်ဝန်းကျင်လေဟာခြင်း မရှိအောင် ဂရုပြု စိုက်ပျိုးပေးရသည်။

အဖူးကူးပျိုးပင်များ ပြုစုထိန်းသိမ်းခြင်း

အဖူးကူး ပျိုးငုတ်ပင်များ ပြောင်းရွေ့စိုက်လိုက်သည့် ပျိုးခင်းများနှင့် ပလပ်စတစ် အိတ်စိုက် လက်ခံပင်တွင် တိုက်ရိုက် အဖူးကူးကာအောင်မြင်သော အပင်များအားလည်း လက်ခံပင် ဖြတ်ပြီးနောက်တွင် အရိပ်စင် ပြုလုပ်ပေးရန် လိုအပ်ပါသည်။ အရိပ်စင်အား ၆ပေမှ ၆ပေခွဲခန့် အမြင့်တွင် အုန်းလက် (သို့မဟုတ်) သင့်တော်ရာဖြင့် အရိပ်၂၀-၃၀% ခန့် ရရှိအောင် ပြုလုပ်ရသည်။ စိုက်ခင်းသို့ပြောင်းရွှေ့ မစိုက်ပျိုးခင်၂-၃ပတ်ခန့်တွင် အရိပ်အားလုံး ဖယ်ရှားလိုက်ရမည်။

အဖူးကူးအောင်မြင်သော လက်ခံပင်မှ ထွက်သည့် အညွန့်အတက်များအား စစ်ဆေးကာ ဖြတ်ပေးရသည်။ မျိုးသန့်အဖူးမှ ထွက်လာသော အညွန့်များအား သန်စွမ်းသော အညွန့်တစ်ခုသာ ချန်ထားပြီး ကျန်အညွန့်အား ဖြတ်ပစ်ရမည်။

ပျိုးပင်များ အမြဲတမ်းပေါင်းရှင်းနေစေရန် လစဉ် လက်ပေါင်းလိုက်ပေးရသည်။ ပျိုးအိတ်တန်းများ အကြားရှိ ပေါင်းမြက်များအားလည်း မှန်မှန် ရှင်းလင်းပေးရသည်။ မိုးရာသီ မကုန်မှီတွင် ပျိုးပင်များအားကောက်ရိုး၊ စပါးခွံများ ဖုံးအုပ်ပေးခြင်းဖြင့် အစိုဓာတ် ထိန်းပေးရသည်။ မိုးရာသီ ကုန်ဆုံးပြီးနောက် ပျိုးပင်များအား နေ့စဉ် နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် ရေမှန်မှန် လုံလောက်စွာ လောင်းပေးခြင်း၊ ပျိုးအိတ်မြုပ် ထားသော မြောင်းများကိုပါ ရေပေးသွင်းပေးရပါသည်။

ထွက်လာသော မျိုးသန့်အဖူးမှ ပထမရွက်ဖုံးရင့်သည့် အခါတွင် ဓာတ်မြေဩဇာ စတင်ကျွေးရသည်။ ဓာတ်စုံမြေဩဇာ ၁၅း၁၅း၆း၄အား တစ်ပင်လျှင် ထမင်းစားဇွန်းတစ်ဇွန်းခွဲနှုန်းဖြင့် အပင်ဘေး ပတ်လည်တွင်၂ပတ်လျှင် တစ်ကြိမ် ခြား ဖြူးပေးရသည်။ အရွက်များ ဝါနေပါက ယူရီးယားဖျော်ရည်အား ရွက်ဖျန်းမြေသြဇာ ကဲ့သို့ နှစ်ပတ်ခြား ဖြန်းကာ ဖြည့်စွက်ကျွေးရပါသည်။ အဖူးကူးပင်များ ပြောင်းရွေ့မစိုက်ခင် တစ်လခန့် အထိကျွေးရသည်။ အဖူးကူး ပျိုးပင်များ၄-၆လခန့် အကြာတွင် အနည်းဆုံး ရွက်ဖုံး၂-၃ဖုံး ရင့်ပြီး အသင့်စိုက်ပျိုးနိုင်သည့် အနေအထားသို့ရောက်ရှိမည် ဖြစ်သည်။

စိုက်ခင်းသို့ပြောင်းရွှေ့ စိုက်ပျိုးရန် ပျိုးပင်များ ပြင်ဆင်ခြင်း

အဖူးကူးအောင်မြင်သော ပျိုးပင်များအားပြောင်းရွှေ့ မစိုက်မှီ၂-၃ပတ်ခန့်တွင် အရိပ်စင်အား လုံးဝ ဖယ်ရှားပစ်ရသည်။ ပြောင်းရွှေ့ စိုက်ပျိုးရန် အသင့်တော်ဆုံး အရွယ်မှာ အနည်းဆုံး ရွက်ဖုံး၂-၃ဖုံ ရှိပြီးသော ပျိုးပင် ဖြစ်ပါသည်။ ပြောင်းရွှေ့စိုက်သည့်အခါ အပင်ထိပ်ဆုံးရှိ ရွက်ဖုံမှာ လုံးဝရင့်ပြီး အဆင့်ဖြစ်နေရမည်။ ထိပ်ဆုံး ရွက်ဖုံမရင့်သေးသော ပျိုးပင်များအား ပျိုးခင်းတွင် ရက်အနည်းငယ် ဆက်လက်ထားရှိပြီး ရွက်ဖုံးရင့်လာသည့် အချိန်တွင်ပြောင်းရွေ့ စိုက်ရမည်။

ပျိုးပင်များအား အပင် အရွယ်အစားအရ ညီညာသည့် အပင်များအလိုက် ခွဲခြားကာ စိုက်ခင်းတွင် စိုက်ရသည်။ မျိုးအလိုက်လည်း မှားယွင်းခြင်း မရှိအောင် ဂရုစိုက် ကိုင်တွယ် သယ်ယူပို့ဆောင်သည့် အခါများတွင် အပင်များ မနာစေရန်နှင့် ပျိုးအိတ်မြေလုံး မပျက်အောင် ညင်သာစွာ ကိုင်တွယ်ရပါသည်။ ပျိုးပင်များ နာသွားပါက အပင်များ တစ်ရှိန်ထိုး မကြီးထွားဘဲ တန့်သွားတတ်သည်။

နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေး ဌာန (မော်လမြိုင်)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်