တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာစျေးကွက် သုံးသပ်ချက်

02/02/2018 15:41 PM တွင် Nyi Thway Nyi Thway မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့က ရော်ဘာအိတ်စပို့လျှော့ချပြီးနောက်ပိုင်း  သဘာဝရော်ဘာဈေး တအိအိ ကျနေခြင်း အဆုံးသတ်ကို တွေ့မြင်ရဘို့ မျှော်လင့်ကြောင်း စိုက်ပျိုးရေးဝန်ကြီး ဂရီဆဒါ ဘွန်းရာ့ချ် က ပြောပါတယ်လို့ Bangkok Posts သတင်းမှာ ပါလာတယ်။ သူတို့က မတ်လအထိ ၃ လအတွင်း တန် ၃၅၀၀၀၀ လျှော့ချ တင်ပို့မယ်လို့ ဆုံးဖြတ်ထားတယ်။ ဒီနောက်ပိုင်း ပြန်တက်မယ်လို့ သူတို့က ယုံကြည်ထားတော့ မတ်လလယ်ခန့်မှာ တက်၏ မတက်၏ ဆိုတာ စောင့်ကြည့်ရမှာပေါ့။ အခုလောလောဆယ်တော့ TOCOM ရော်ဘာဈေးဟာ ဒီအပတ် တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ ဆက်တိုက်ကျသွားလိုက်တာ စံဖြစ်နေတဲ့ ယန်း ၂၀၀ အောက်ကိုရောက်သွားတော့တယ်။ ဗုဒ္ဓဟူးနေ့ ဈေးပိတ်ချိန်မှာဆိုရင် ၁၉၂.၉ ယန်း/ကီလိုဂရမ်ဈေးနဲ့ ပိတ်သွားတာပါ။ ကြာသပတေးနေ့မှာတော့ အနည်းငယ်ပြန်မော့တယ်။ ဒါပေမယ့် ယန်း ၂၀၀ ပွိုင့်တော့ မကျော်ပါဘူး။ သောကြာနေ့ နံနက်ဈေးဖွင့်တော့လည်း ဆက်တက်တယ်။ ဒါပေမယ့် ၂၀၀ မကျော်သေးပါ။ အခုစာရေးတဲ့အချိန်မှာတောင် ၁၉၆.၆ ယန်းပဲ ရှိပါသေးတယ်။ တနင်္လာနေ့အဖွင့်ကို စောင့်ကြည့်ရမှာပေါ့။ 

ပြီးခဲ့တဲ့အပတ် သောကြာနေ့မှာ ကြာသပတေးနေ့အထိကျနေတဲ့ TOCOM ရော်ဘာဈေးဟာ ပြန်တက်သွားတယ်။ ၂၀၅.၁ ယန်းဈေးနဲ့ ဈေးပိတ်ခဲ့တယ်လေ။ အကြောင်းက ကုန်သည်တွေက သူတို့ short position လုပ်ထားတာ ပြန်ဆပ်ဘို့ ရော်ဘာပြန်ဝယ်ကြတယ်လေ။ အဲလိုပြန်ဝယ်တော့လည်း ဝယ်လိုအားကောင်းပြီး ဈေးတက်ရ ပြန်တာပါပဲ။ (အလျင်းသင့်လို့ short position ဆိုတဲ့ ဈေးကွက်ဗျူဟာအကြောင်းအကျဉ်းမျှပြောပြမယ်။ ပစ္စည်းတစ်ခု ရော်ဘာဆိုပါစို့။ ကုန်သည်တယောက်က ကျရိပ်မြင်တယ်ဆိုရင် ရော်ဘာစတော့ရှိတဲ့ အခြားကုန်သည်ဆီက ခေတ္တချေးငှားလိုက်တယ်။ ချေးတယ်ဆိုတော့ အတိုးသဘောတော့ပေးရမှာပေါ့။ ရရချင်း သူရောင်းလိုက်တယ်။ ဆိုပါတော့  ပေါင် ၁၀၀ ရောင်းတာ ၁၀၀ ရသွားတယ်။ မကြာဘူး သူထင်တဲ့အတိုင်း ရော်ဘာကဈေးကျသွားတယ်။ အကျဈေးနဲ့ သူချေးထားတဲ့ ပေါင် ၁၀၀ ကို ၈၀ နဲ့ပြန်ဝယ်ပြီး ဆပ်လိုက်တယ်။ သူက ၂၀ မြတ်သွားတယ်။ ချေးငှားခ အတိုးတော့ပေးရမှာပေါ့။ ကာလတိုအတွင်း ဈေးကစားတာဖြစ်လို့ short position လို့သုံးတယ်။

အဲလိုပြန်ဆပ်ဘို့ ပြန်ဝယ်ရတာကို short position ကို cover လုပ်တယ်လို့ခေါ်တယ်။ 

အဲဒီလို ပြန်ဝယ်ကြတော့ အဝယ်လိုက်လာပြီး ဈေးပြန်တက်တာမျိုးကို ဆိုလိုတယ်။ အရပ်စကားနဲ့ ပြောရင်တော့ ဈေးကစားကြတာပါပဲ။

Long position ကတော့ နောင်ကာလတော်တော်ကြာမှ ဈေးတက်တဲ့အခါပြန်ရောင်းဘို့ လှောင်ထားတာကို ပြောတာ။ ကျနော်တို့ဆီက ကုန်သည်တွေ လုပ်ကြလေ့ရှိတယ်။) 

အဲ တနင်္လာကျတော့ အဲလိုမဟုတ်တော့ပြန်ဘူး။ ဒေါ်လာနဲ့ ယှဉ်တဲ့ ယန်းက မာသွားပြန်တယ်။ ယန်းဈေး တက်တယ်ပေါ့။ ဒီတော့ ယန်းငွေနဲ့ သတ်မှတ်ထားတဲ့ ရော်ဘာကို ဒေါ်လာနဲ့ဝယ်တော့ ဈေးကြီးသွားတယ်။ ဈေးကြီးရင် လူတွေက ဝယ်ဘို့လက်တွန့်တာ ထုံးစံ။ ဒီတော့ ဝယ်လိုအားနည်းပြီး ဈေးကျရတယ်။ တနင်္လာနေ့ အပိတ်ဈေးက သောကြာနေ့ အပိတ်ဈေး ၂၀၅.၁ ယန်းအောက် ၇ ယန်းကျပြီး တစ်ခါတည်း ယန်း၂၀၀ ပွိုင့်အောက်ရောက်သွားကာ ၁၉၈.၁ ယန်းဈေး ဖြစ်သွားတော့တယ်။ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့မှာလည်း ဆက်ကျတယ်။ ဗုဒ္ဓဟူးနေ့ဈေး ပိတ်တော့ ၁၉၅.၅ ယန်းပဲရှိတော့တယ်။ 

ဒီလိုကျရတဲ့ အကြောင်းမှာ ယန်းငွေမာတာအပြင်၊ ဂျပန်ဆိပ်ကမ်းတွေမှာရှိတဲ့ TOCOM ကထိန်းချုပ်တဲ့ ကုန်လှောင်ရုံတွေမှာ ရော်ဘာလက်ကျန်တွေ များနေတာကလည်း တစ်ကြောင်းပါတယ်။ လက်ကျန်စာရင်းကို Rubber Trade Association of Japan က ရက်စွဲအလိုက် ထုတ်ပြန်ပေးတယ်။ တနင်္လာနေ့မှာသိရတာက ဇန်နဝါရီ ၁၀ ရက်နေ့ စာရင်းအရ ဂျပန်ဆိပ်ကမ်းမှာ ရော်ဘာကုန်ကြမ်းတွေဟာ သိုလှောင်ရုံတွေမှာ ၁၂၂၉၄ တန်ထိ ရှိနေသတဲ့။ ပြီးခဲ့တဲ့ စာရင်းထက် ၀.၂% ပိုများလာတာတဲ့။ 

လက်ဝယ်ရှိရော်ဘာများနေရင် ကုန်သည်တွေက ထပ်ဝယ်ဘို့ ချင့်ချိန် ရတယ်လေ။ ဒီတော့ ရောင်းအားကျပြီး ဈေးကကျပြန်ရော။ 

အပေါ်မှာပြောခဲ့တဲ့အတိုင်း ကြာသပတေးနေ့မှာ ဒီအပတ်ရဲ့ ၄ ရက်မြောက်နေ့မှာတော့ ၃ရက်ဆက်တိုက်ကျနေတဲ့ ရော်ဘာက ပြန်တက်တယ်။ ဂျပန်ယန်းက အမေရိကန်ဒေါ်လာနဲ့ယှဉ်တော့ ဈေးပြန်ကျလို့တဲ့။ ဒီတော့ ယန်းနဲ့ သတ်မှတ်တဲ့ ရော်ဘာကို ဒေါ်လာနဲ့ ဝယ်တော့ ဈေးသက်သာလာတယ်။ ဒီတော့ ဝယ်ကြပြန်တယ်။ ဝယ်အားကောင်းတော့ ဈေးပြန်တက်တာပေါ့။ တစ်ခုရှိတာက ရှန်ဟိုင်းကျရင် တိုကျိုက လိုက်ကျလေ့ရှိတယ်။ ခုတော့ ရှန်ဟိုင်းတော်တော်ကျနေပေမယ့် TOCOM ကတက်နေတယ်။ ရှန်ဟိုင်းကျရတာက သူတို့ကုန်လှောင်ရုံတွေမှာ ရော်ဘာတွေ လျှံနေလို့ပဲ။ တစ်ခု သတိထားရမှာက TOCOM မှာလည်း ပြီးခဲ့တဲ့ ရက်စွဲထက် ပိုနေတယ်ဆိုတာပါ။ ဇန်နာဝါရီလ ၂၀ ရက်နေ့စာရင်းအရ ဂျပန်ဆိပ်ကမ်းရှိ သိုလှောင်ရုံတွေမှာ ရော်ဘာကုန်ကြမ်း တန်ချိန် ၁၃၃၀၇ ရှိနေပါတယ်။ ပြီးခဲ့တဲ့စာရင်းထက် ၈.၂% ပိုလာပါတယ်။ ဒါက Rubber Trade Association of Japan က ကြာသပတေးနေ့မှာ ဖော်ပြတဲ့ စာရင်းပါ။ ဒီအချက်က ကျမယ့် လက္ခဏာထဲပါတယ်။ ဒါပေမယ့် ဒီအပတ်သောကြာတော့ + အပေါင်းလက္ခဏာနဲ့ ပိတ်ပါတယ်။

ညီသွေး

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်