ဆန်စားသုံးတာကြောင့် ရုရှားကျူးကျော်စစ်ဂယက်ဒဏ် သက်သာဖွယ်ရှိတဲ့ အာရှ

09/03/2022 14:30 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာ ဖရိုဖရဲ ဖြစ်သွားစေပြီး ဒီကတစ်ဆင့် စားသောက်ကုန်ထောက်ပံ့ရောင်းချမှုကွင်းဆက်တွေ ပြတ်တောက်ကုန်ကာ အစာရေစာငတ်မွတ်မှုတွေကို ပိုတိုးလာတော့မှာပါ။ ဒါပေမဲ့ အာရှတိုက်မှာ ဆန်ကို မြတ်မြတ်နိုးနိုး စားသုံးနေကြခြင်းက ဒီအခြေအနေဆိုးကို အထိုက်အလျောက် ဟန့်တားပေးနိုင်ဖွယ် ရှိပါတယ်။

ကမ္ဘာ့ပေါင်မုန့်ဖိုဒေသကြီးတစ်ခုဆီက ဂျုံတွေကို ဝယ်ယူဖို့ မလွယ်ကူဖြစ်လာချိန်မှာ အာရှတိုက်က စားသုံးသူတွေကတော့ ဂျုံထက် ဆန်ကို ပိုအကြိုက်တွေ့ကြတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ ဂျူလက်စ်ဟူဂေါ့က ပြောပါတယ်။ ဆန်ဟာ အခြားအခြေခံသီးနှံတွေနဲ့ ယှဉ်ရင် ဈေးပိုတည်ငြိမ်နေပြီး ဂျုံမလွယ်ရင် ဆန်ဝယ်စားလို့ ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

"ဒါတွေက ကစီဓာတ်ရစေတဲ့ အစာရင်းမြစ်တွေပါပဲ။ တစ်ခုမရရင် တစ်ခု အစားထိုးစားတာမျိုးလည်း ရှိပါတယ်" လို့ ဟူဂေါ့က အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။ ဒါပေမဲ့ ဂျုံဈေးအတက်ရဲ့ ရိုက်ခတ်မှုကတော့ ရှိနေသေးကြောင်း ၎င်းက ပြောပါတယ်။ ဂျုံဈေးဟာ မကြုံစဖူး အမြင့်ဆုံးအထိ ခုန်တက်သွားချိန်မှာ ဆန်ဈေးကလည်း ၂၀၂၀ မေလနောက်ပိုင်း အမြင့်ဆုံးနှုန်းအနီးကို ရောက်နေတာပါ။

ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံပေါင်းရင် ကမ္ဘာ့ဂျုံ ကုန်သွယ်မှုရဲ့ လေးပုံတစ်ပုံထိ ထုတ်လုပ်ပေးနေပါတယ်။ ဂျုံဟာ ပေါင်မုန့်၊ ခေါက်ဆွဲကနေ မွေးမြူရေးအစာအထိ ကုန်စည်အမျိုးမျိုး ထုတ်လုပ်ရာမှာ သုံးပါတယ်။ ပဋိပက္ခကြောင့် ယူကရိန်းမှာရှိတဲ့ ဆိပ်ကမ်းတွေ ပိတ်သိမ်းကြရသလို ရုရှားနဲ့ ကုန်သွယ်ဖို့ကျပြန်တော့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် အခက်အခဲ ဖြစ်ပေါ်နေပါတယ်။ ဂျုံဈေးတွေ ထိုးတက်လာတာက ကမ္ဘာတစ်ဝှမ်း စားသောက်ကုန်ဈေးမြင့်တက်မှုကို အရှိန်ကောင်းစေပြီး ပြည်ပသီးနှံအပေါ် မှီခိုနေရတဲ့ နိုင်ငံတွေအတွက် စိုးရိမ်စရာ ပိုကောင်းလာပါတယ်။

အာရှဝယ်လက်တွေဟာ စစ်ကြောင့် အလျင်ပြတ်သွားတဲ့ ကုန်စည်စီးဆင်းမှုအတွက် အစားထိုး ရှာဖွေနိုင်ဖွယ်ရာရှိတယ် လို့ ဟူဂေါ့က ပြောပါတယ်။ ကာဇက်စတန်နိုင်ငံဆီက ဂျုံဝယ်ယူနိုင်တာနဲ့ ပင်လယ်နက်ဒေသထွက် နေကြာဆီနေရာမှာ အရှေ့တောင်အာရှထွက် စားအုန်းဆီနဲ့ အစားထိုးနိုင်တာကို ၎င်းက ဥပမာ ပေးထားပါတယ်။ "ကုန်အမျိုးအစားတွေက အတူတူတွေဆိုတော့ နေရာခွဲပြီး ဝယ်ယူလို့ရနိုင်ပါတယ်" လို့ ပြောပါတယ်။

အာရှတိုက်မှာ ဆန်ကို အကြိုက်များကြတာနဲ့ ဝက်ကောင်ရေအများဆုံး ရှိတဲ့ တရုတ်နိုင်ငံက မွေးမြူရေးတိုးချဲ့လာတဲ့အတွက် ဝက်သားဈေး ကျလာတာတို့ကြောင့် အာရှဒေသဟာ စားသောက်ကုန်ဈေးကို ကျန်တဲ့ဒေသတွေထက် ပိုပြီး ထိန်းချုပ်ထားနိုင်ပါတယ်။ ကပ်ဘေးကို ကြုံထားရဖူးတော့ ထောက်ပံ့ရေးကွင်းဆက်တွေဟာ အပြောင်းအလဲဒဏ် ပိုခံနိုင်လာတယ်၊ နိုင်ငံတွေကလည်း စားနပ်ရိက္ခာဖူလုံစေဖို့ နေရာစုံကနေ ကုန်ဝယ်ယူရေးကို ဗျူဟာတစ်ခုလို သုံးလာတယ်လို့ ဟူဂေါ့က ပြောပါတယ်။

သေသေချာချာ မသိရသေးတာကတော့ ဒီအခြေအနေတွေ ဘယ်လောက်ထိ ကြာမြင့်ဦးမလဲဆိုတာပါပဲ။ ကျူးကျော်စစ်ကြောင့် ယူကရိန်းမှာ ပြောင်းနဲ့ နေကြာလို နွေဦးသီးနှံတွေ မစိုက်ပျိုးနိုင်လောက်ဘူးလို့ တွက်ဆထားတာတွေ ရှိနေပြီး ကမ္ဘာ့ဈေးကွက်အတွင်း သီးနှံရောင်းအားပြဿနာဟာ ပိုမို ကြီးထွားလာနိုင်ပါတယ်။

လက်ရှိအခြေအနေဟာ အဆမတန် မြင့်တက်နေပြီးဖြစ်တဲ့ ဓာတ်မြေသြဇာဈေးတွေအပေါ်လည်း ဖိအားသစ် ကျရောက်လာစေပါတယ်။ အိန္ဒိယဟာ တင်သွင်းဓာတ်မြေသြဇာအပေါ် အလွန်အကျွံ မှီခိုနေရတာဖြစ်တာနဲ့အညီ ဓာတ်မြေသြဇာ အဓိကထုတ်လုပ်သူ ရုရှားနိုင်ငံနဲ့ ကုန်သွယ်ရေး ပြတ်တောက်သွားခဲ့ရင် တောင်အာရှနိုင်ငံကြီးအပေါ်မှာ အင်မတန်ကြီးမားတဲ့ သက်ရောက်မှု ရှိလာလိမ့်မယ်လို့ ဟူဂေါ့က ပြောပါတယ်။

တောင်သူလယ်သမားတွေ စရိတ် မနိုင်တော့ရင် ဓာတ်မြေသြဇာ သုံးစွဲမှုကို လျှော့ချလာမယ်၊ ဒီကနေ သီးနှံထွက်နှုန်းကျဆင်းလာပြီး စားသောက်ကုန်ဈေးတွေကို ဒီထက်တောင် ပိုတက်လာစေနိုင်ပါတယ်။ အိန္ဒိယလို ဖွံ့ဖြိုးဆဲနိုင်ငံမျိုးမှာ ရှိတဲ့ငွေကြေးကို အစားအစာအတွက် အသုံးပြုရတာ များတာကြောင့် စားသောက်ကုန်ဈေးတက်တာကို အိန္ဒိယတို့က သိသိသာသာ ခံစားရလိမ့်မယ်လို့ ဟူဂေါ့က ပြောပါတယ်။

ဝေယံဟိန်း (B.Ag)
Ref: Rice Could Keep Asia’s Food Inflation Risks From Getting Worse - Bloomberg

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်