စင်ကာပူမှာ ရေဖိုးဘယ်လိုကောက်သလဲ..?

29/11/2023 13:00 PM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

စင်ကာပူနိုင်ငံရဲ့ ရေအရင်းအမြစ်အသုံးချပုံတွေအကြောင်း ပြောတဲ့အခါ ရေအရင်းအမြစ်တွေ ဘယ်လိုရှာဖွေတယ် ဆိုတာနဲ့တင် မလုံလောက်ပါဘူး။ ရေကို ဘယ်လို ချွေတာ သုံးစွဲသလဲ ဆိုတဲ့အချက်ကိုလည်း မဖြစ်မနေ လေ့လာသင့်ပါတယ်။

သောက်သုံးရေချွေတာရေးဆိုတာ ပြည်သူတစ်ရပ်လုံး အသိရှိရှိ ပူးပေါင်းပါဝင်ဆောင်ရွက်ရပြီး "လူထုအသွင်ဆောင်တဲ့လုပ်ငန်း" တစ်ရပ်ဖြစ်ပါတယ်။ အဲဒီလို ရေချွေတာရေးမှာ လူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်လာအောင် ဘယ်လိုများ လုပ်ဆောင်ထားသလဲ ဆိုတဲ့အချက်က စိတ်ဝင်စားစရာပါ။

ဒါနဲ့ပတ်သက်ပြီး လေ့လာကြည့်ရင်း သိရတဲ့ စင်ကာပူရဲ့ ရေဖိုးဖြတ်ပိုင်း (water bill) ပြင်ဆင်ထားပုံလေးက စိတ်ဝင်စားစရာကောင်းတာမို့  ပြန်လည်မျှဝေလိုပါတယ်။

တစ်ချက်ခုတ် သုံးချက်ပြတ်တဲ့စနစ်

စင်ကာပူရဲ့ ရေဖိုး၊ လျှပ်စစ်မီတာခ၊ မီးဖိုချောင်သုံးဂတ်စ်ဖိုးတွေကို ပြေစာ တစ်စောင်တည်းနဲ့ ကောက်ခံပါတယ်။ အဲဒီလို ပေါင်းပြီး ကောက်ခံဖို့ ရေ၊ လျှပ်စစ် နဲ့ ဂတ်စ် ကို တာဝန်ယူထားတဲ့ အဖွဲ့ ၄ ဖွဲ့က ပူးပေါင်းဆောင်ရွက်တာပါ။

  • ပထမတစ်ဖွဲ့က SP Services ဆိုတဲ့အဖွဲ့ပါ။ အာရှ ပစိဖိတ်ဒေသတွင်းနိုင်ငံတွေမှာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ဝန်ဆောင်မှုလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံထားတဲ့ Singapore Power Group (SPG) ရဲ့ လက်အောက်ခံ ကုမ္ပဏီခွဲတစ်ခုပါ။ လျှပ်စစ်ဖြန့်ဖြူးတာ၊ မီတာဖတ်တာ၊ မီတာခ ငွေကောက်ခံတာတွေကို အဲဒီကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ပေးပါတယ်။
  • ဒုတိယ အဖွဲ့ကတော့ Energy Market Authority (EMA) ဖြစ်ပါတယ်။ စင်ကာပူအစိုးရ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန လက်အောက်ခံ ဘုတ်အဖွဲ့ တစ်ခုဖြစ်ပါတယ်။ EMA ရဲ့အလုပ်က ပုဂ္ဂလိက လျှပ်စစ်ဖြန့်ဝေရေး ကဏ္ဍကို ထိန်းကျောင်းပြီး၊ ပြည်သူတွေ ဈေးနှုန်းမှန်ကန်စွာနဲ့ လျှပ်စစ်လုံလုံလောက်လောက်ရအောင် ဈေးကွက်ကို ထိန်းကျောင်းပေးဖို့ပါ။ SP Services နဲ့ EMA က လျှပ်စစ်နဲ့ ပတ်သက်တဲ့ အပိုင်းလို့ မှတ်ယူနိုင်ပါတယ်။
  • တတိယအဖွဲ့ကတော့ Public Utilities Buro ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေအရင်းအမြစ် ဖွံ့ဖြိုးရေးဌာန လက်အောက်ခံ ဌာနတစ်ခုပါ။ PUB က ရေနဲ့ ပတ်သက်တဲ့ အပိုင်းကို တာဝန်ယူထားတာပါ။
  • စတုတ္ထအဖွဲ့ကတော့ City Gas Trust ဖြစ်ပါတယ်။ Keppel Infrastructure Trust ဆိုတဲ့ ပုဂ္ဂလိက ကုမ္ပဏီကြီးရဲ့ လုပ်ငန်းခွဲတစ်ခုပါ။ ဂတ်စ်ဖြန့်ဖြူးရေးကို လုပ်ဆောင်ပါတယ်။

ဒီအဖွဲ့တွေပေါင်းပြီး ပြေစာ တစ်စောင်တည်း ထွက်လိုက်တော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအတွက်ရော၊ လူထုအတွက်ပါ အလုပ်ရှင်းသွားပါတယ်။ အလုပ် ၃ လုပ်ကို တပြိုင်နက်တည်း ပြီးပြတ်သွားတယ် မဟုတ်လား။ လူအား၊ ငွေအားလည်း အတော် သက်သာသွားမယ် ထင်ပါတယ်။ အတုယူစရာပါ။

မီတာစာရွက်မှာ ဘာတွေပါသလဲ?

စာမျက်နှာ ၂ ခုပါတဲ့ မီတာစာရွက်မှာ အဓိက အစိတ်အပိုင်း ၁၂ ခု ပါဝင်ပါတယ်။ ဒီအထဲမှာ အရေးအကြီးဆုံး တင်ပြချင်တဲ့ အစိတ်အပိုင်း (၂) ခု ရှိပါတယ်။

သုံးစွဲမှု ဂရပ်ဖ် Consumption Graph

ပထမတစ်ခုက Consumption Graph ဖြစ်ပါတယ်။ ရေသုံးစွဲမှု၊ လျှပ်စစ်ဓာတ်အား သုံးစွဲမှု၊ ဂတ်စ် သုံးစွဲမှုတွေကို ဂရပ်စ် တစ်ခုစီနဲ့ ခွဲခြားဖော်ပြထားတာပါ။ ဂရပ်ဖ်တစ်ခုစီမှာ နှိုင်းယှဉ်ပြထားတဲ့ အချက်အလက်တွေကတော့

(၁) မီတာဖတ်တဲ့ လအတွင်း မိမိအိမ်ရဲ့ သုံးစွဲမှုကို ပြီးခဲ့တဲ့ ၅ လအတွင်း လအလိုက် သုံးစွဲမှုတွေနဲ့ နှိုင်းယှဉ်ဖော်ပြပါတယ်။ ဒါကြောင့် ဂရပ်ဖ်မှာ ၆ လစာ ကိန်းဂဏန်းတွေကို နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။

(၂) အဲဒီ ၆ လအတွင်း မိမိတို့ မိသားစုရဲ့ သုံးစွဲမှုကို အိမ်နီးနားချင်းများရဲ့ ပျမ်းမျှသုံးစွဲမှု(neighbour average) နဲ့ နှိုင်းယှဉ် ဖော်ပြပါတယ်။ ဒါကြောင့် မိမိတို့ဟာ တူညီတဲ့ ပတ်ဝန်းကျင်မှာ ရေ၊ လျှပ်စစ်၊ ဂတ်စ်တွေကို အများနည်းတူ အသုံးပြုနေသလား၊ ပျမ်းမျှထက် ပိုသုံးမိနေသလား၊ ပျမ်းမျှအောက် ချွေတာသုံးစွဲနေသလား သတိပြုမိစေပါတယ်။

(၃) ထို့အတူပါပဲ၊ အဲဒီ ၆ လအတွင်း မိမိတို့ မိသားစုရဲ့ သုံးစွဲမှုကို တစ်နိုင်ငံလုံးမှာ ရှိတဲ့ မိသားစုများရဲ့ ပျမ်းမျှသုံးစွဲမှု (national average) နဲ့ နှိုင်းယှဉ် ဖော်ပြပါတယ်။

ဒုတိယ စိတ်ဝင်စားစရာ အစိတ်အပိုင်းကတော့ Useful tips ဆိုတဲ့ အစိတ်အပိုင်းပါ။ ရေတွေ၊ လျှပ်စစ်ဓာတ်အားတွေ၊ ဂတ်စ်တွေကို ဘယ်လို ချွေတာသင့်တယ်၊ ဘယ်လို ထိထိရောက်ရောက် သုံးစွဲသင့်တယ်ဆိုတဲ့ အကြံပြုချက်တွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။

သတိပြုစရာ

စင်ကာပူရဲ့ ရေနဲ့ စွမ်းအင် ချွေတာရေး လူထုပညာပေးလုပ်ငန်းတွေထဲက ရိုးရှင်းလွယ်ကူတဲ့ လူထုအသိပညာပေးပုံလေးကို ထုတ်နှုတ်မျှဝေခဲ့တာ ဖြစ်ပါတယ်။

လုပ်ငန်းသဘာဝတူတဲ့ လုပ်ငန်းတွေကို ပေါင်းပြီး တစ်ချက်ခုတ် သုံးချက်ပြတ်အောင် စီမံဆောင်ရွက်ပုံလေးက အတုယူစရာ ကောင်းလှပါတယ်။ မြန်မာပြည်မှာတော့ ရေခွန်၊ သန့်ရှင်းရေးခွန်၊ မြေခွန်စသည်ဖြင့် စည်ပင်သာယာဌာန တစ်ခုတည်းက ကောက်ခံတဲ့ အခွန်တွေကိုတောင် တစ်မျိုးချင်းစီ ခွဲပြီး အလုပ်လုပ်နေတာ အကျင့်ပါနေပါပြီ။ တကယ်တော့ ပြည်သူ့ဘဏ္ဍာတွေ အလဟသ ကုန်ကျစေတဲ့ သဘောပါပဲ။ တချိန်ချိန်မှာ ပြုပြင်ရမယ့် ကိစ္စလို့ မြင်မိပါတယ်။

အိမ်ထောင်စုတွေအနေနဲ့ မိမိရဲ့ ရေနဲ့ စွမ်းအင် သုံးစွဲမှုကို လအလိုက် နှိုင်းယှဉ်သိစေရုံမျှမက၊ မိမိပတ်ဝန်းကျင်နဲ့၊ တစ်နိုင်ငံလုံး ပျမ်းမျှသုံးစွဲမှုတွေနဲ့ပါ နှိုင်းယှဉ် သိစေခြင်းက "ချွေတာဖို့" မပြောဘဲ ထိထိရောက်ရောက် ချွေတာဖြစ်စေတဲ့ နည်းလမ်းပါ။

ဒါ့အပြင် ဘယ်လိုချွေတာသင့်သလဲဆိုတဲ့ အကြံပေးချက်တွေကို တခါတည်း ဖော်ပြပေးထားတာက အတော်ကောင်းတဲ့ နည်းလမ်းလို့ ဆိုရမှာပါ။ ဂရပ်ဖ်တွေကြည့်ရင်း ငါ ချွေတာမှ ဖြစ်မယ်လို့ သိလိုက်ရချိန်မှာ ဘယ်လိုချွေတာရမလဲ ဆိုတဲ့နည်းလမ်းက အဆင်သင့် ရှိနေတာမို့ လက်တွေ့ချွေတာဖြစ်ဖို့ ပိုနီးစပ်သွားပါတယ်။ ဒါကလည်း နမူနာယူစရာ အချက်ပါ။

တကယ်တော့ စင်ကာပူရဲ့ မီတာစာရွက်လေးဟာ ရေ၊ လျှပ်စစ်၊ ဂတ်စ် စတဲ့ အရင်းအမြစ်တွေ ဘယ်လို စီမံခန့်ခွဲသလဲ ဆိုတာအပြင်၊ လူထုကို ဘယ်လို ပညာပေးစည်းရုံးမလဲ ဆိုတာကိုပါ လေ့လာသင်ယူနိုင်တဲ့ သင်ရိုးကြီး တစ်ခုပါပဲ။

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်