စရိတ်ကုန်သက်သာ ပဲမျိုးစုံအထွက်တိုး စိုက်ပျိုးနည်းပညာ

Photo - beans

ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ်စသည့် ပဲသီးနှံမျိုးစုံ တွင် ပန်းပွင့်ချိန်၌အစေ့များ ပြည့်ဖြိုးစေရန်နှင့်အစေ့တွင် ပရိုတင်းဓာတ်ဖြည့်တင်းပေး ရန်အတွက် နိုက်ထရိုဂျင်ဓာတ်သည် အလို အပ်ဆုံးဖြစ်သည်။ ၎င်းင်းအပြင် အပွင့်များ ကြေကျခြင်းမှ ကာကွယ်ရန် ပန်းပွင့်၏ ဝတ်မှုန်ပြွန်ကောင်းစွာရှည်ထွက်ပြီး မျိုးအောင်မှုကောင်းစေရန်နှင့် အပင်အတွင်းရှိ နိုက်ထရို ဂျင်ဓာတ်၏ ဇီဝကမ္မဆိုင်ရာလုပ်ငန်းများကိုအထောက်အကူပြုပေးနိုင်ရန်အတွက် ဘို ရွန်ဓာတ် (လက်ချား) သည် ပန်းပွင့်ချိန်တွင်အထူးလိုအပ်ပါသည်။

ပဲမျိုးစုံသီးနှံပင်သည် ယေဘုယျအားဖြင့် ပန်းပွင့်သည်မှ ပဲတောင့်များရင့်သည် အထိ ရက် ၂၀ မှ ရက် ၃၀ ထိကြာမြင့် တတ်ပြီး အပင်အတွင်း နိုက်ထရိုဂျင်ဓာတ် မလုံလောက်ပါက ယင်းကာလတိုတောင်း လာပြီး ပဲအထွက် နည်းတတ်ပါသည်။ အကယ်၍ နိုက်ထရိုဂျင် လုံလောက်စွာ ပေးထားပါက ပန်းပွင့်ချိန်မှ ပဲတောင့်ရင့် မှည့်သည်ထိ ကြာမြင့်ချိန်ပိုရှည်လာပြီး ပဲ အထွက်လည်း တိုးလာစေပါသည်။

စပါး၊ ပြောင်းဖူး စသည့်သီးနှံပင်များနှင့် ပဲမျိုးစုံပင်များ၏ နိုက်ထရိုဂျင်လိုအပ်မှု ကို နှိုင်းယှဉ်ကြည့်ပါက စပါးနှင့် ပြောင်းဖူးတွင် အစေ့တစ်ဂရမ် ထုတ်လုပ်ပေးရန် အတွက် နိုက်ထရိုဂျင် ၁၅ မီလီဂရမ်လိုအပ် သော်လည်း ပဲမျိုးစုံတွင် အစေ့တစ်ဂရမ် ထုတ်လုပ်ရန်အတွက် နိုက်ထရိုဂျင် ၃၉ မီလီဂရမ်ခန့်လိုအပ်သဖြင့် ပဲမျိုးစုံသည် နှံစား သီးနှံများထက် နိုက်ထရိုဂျင်လိုအပ်မှု ပိုမိုများသည်ကို တွေ့ရသည်။

စပါးသီးနှံစိုက်ပျိုးရာတွင် အများအားဖြင့် သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာ တစ်မျိုးမျိုးထည့်သွင်းပြီးမှ စိုက်ပျိုးလေ့ရှိကြ သည်။ စပါးပင်မှို့ကပ်နေချိန်တွင် နိုက်ထရို ဂျင် အလိုအပ်ဆုံးဖြစ်ပြီး မြေဆီလွှာအတွင်းရှိ နိုက်ထရိုဂျင်ကို စုပ်ယူ၍ ပန်းပွင့်ခြင်း၊ မျိုးအောင်ခြင်း၊ နို့ရည်ခဲခြင်း စသည့်လုပ်ငန်း များဆောင်ရွက်ပြီး အစေ့ရင့်မှည့်ချိန် ရောက် ရှိသည်။ စပါးစေ့အတွင်း ကစီဓာတ်ဖြည့် တင်းချိန်တွင် ပရိုတင်းဓာတ် ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းခန့် ဖြည့်ပြီးပါက စပါးပင်၏ တာဝန်ပြီးဆုံးပါသည်။

သို့သော် ပဲမျိုးစုံသီးနှံတွင် ပန်းပွင့်ပြီးနောက်ပိုင်း အစေ့အဆန်တည်ခြင်း၊ အစေ့ ပြည့်ဖြိုးစေရန် ကစီဓာတ် ဖြည့်တင်းခြင်း လုပ်ငန်းများအပြင် ယေဘုယျအားဖြင့် ၂၅ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိရှိသော ပရိုတင်း ဓာတ်များ ပါက ဖြည့်တင်းပြီး မှသာပဲပင်၏ တာဝန်ပြီးဆုံးပါသည်။ ထို့ကြောင့်နှံစားပင်များနှင့် နှိုင်းယှဉ်ပါက ပရိုတင်း ဓာတ်ပါဝင်မှုများသဖြင့် ပဲသီးနှံများသည် နိုက်ထရိုဂျင်လိုအပ်ချက်လည်း ပိုမိုများနေရ ခြင်း ဖြစ်ပါသည်။

ပဲမျိုးစုံသီးနှံအတွက် လိုအပ်သော နိုက်ထရိုဂျင်ဓာတ်ကို မြေဆီလွှာမှ စုပ်ယူရ ရှိသည့်အပြင် ပဲပင်အမြစ်တွင်ရှိနေသော ရိုက်ဇိုဘီးယမ်း ဘက်တီးရီးယားတို့၏ပံ့ပိုးမှုလည်း ရယူသုံးစွဲကြရသည်။ မြန်မာနိုင်ငံပဲစိုက်မြေများတွင် စမ်းသပ်ချက်အရ ပဲပင် အမြစ်တွင်ရှိနေသော ရိုက်ဇိုဘီးယမ်းဘက်တီးရီးယားတို့သည် ပဲမျိုးစုံသက်တမ်းတစ် လျှောက် တစ်ဧကလျှင် နိုက်ထရိုဂျင် နှစ်ကီလိုဂရမ်ထိ ဖြည့်တင်းပေးပါသည်။ သို့သော်ယင်းဘက်တီးရီးယားမိုက္ကရုပ်တို့၏ သဘာဝမှာ ပဲပင်မှ အစာချက်လုပ်ပြီး ရရှိသော ကာဘိုဟိုက်ဒရိတ်ကို ရယူစားသုံးရှင်သန် ပြီး ယင်းမိုက္ကရုပ်တို့ လေထဲမှ ဖမ်းယူရရှိ သော နိုက်ထရိုဂျင်ဓာတ်ကို ပဲပင်အားရရှိစေကာ အပြန်အလှန် အကျိုးပြုနေထိုင်ကြပါ သည်။

သို့သော် ယင်းအပြန်အလှန်အကျိုး ပြုမှုသည် ပဲမျိုးစုံအပင်များ ပန်းမပွင့်မီအချိန်အထိသာဖြစ်ပြီး ပန်းပွင့်ပြီးနောက်ပိုင်းတွင် ပဲမျိုးစုံအပင်သည် သီးကင်းများ အစေ့ အဆန်များအတွက် အပင်အပေါ်ပိုင်းသို့ အဓိကထား၍ အစာပို့ပေးရသဖြင့် ချက်လုပ်ပြီးအစာများကို ရိုက်ဇိုဘမ်းယမ်းမိုက္ကရုပ် များရှိရာ အပင်၏အောက်ပိုင်းသို့ အနည်း ငယ်သာ ပို့ပေးတော့သဖြင့် ပန်းပွင့်ပြီး နောက်ပိုင်းတွင် ရိုက်ဇိုဘီးယမ်းတို့၏ ပဲပင်တို့အတွက် နိုက်ထရိုဂျင်ဓာတ်ပံ့ပိုးမှုကို အားကိုး၍ မရနိုင်တော့ပါ။ ၎င်းင်းအပြင် ပဲပင်၏ အောက်ပိုင်း အရွက်အိုများသည်လည်း အစာရရှိမှုနည်းလာကာ ပန်းပွင့်ချိန်နောက် ပိုင်းတွင် အဝါရောင်ပြောင်းလာပြီး ကြွေကျကုန်သည်။ အောက်ရွက်များ ကြွေကျမှု ကြောင့်လည်း တစ်ဖက်တွင် စုစုပေါင်းချက်လုပ်နိုင်သော အစာပမာဏမှလည်း လျော့ နည်းလာရသည်။

ပဲမျိုးစုံသီးနှံပင်များ၏ အစေ့ထုတ် လုပ်နိုင်မှု အမြင့်ဆုံးစွမ်းရည်မှာ ပတ်ဝန်း ကျင်အခြေအနေပေါ်မူတည်၍ တစ်ဧက လျှင် တစ်ရက်အတွင်း အစေ့ ၅၀ ကီလိုဂရမ်အထိ ထုတ်လုပ်ပေးနိုင်ပါသည်။ အစေ့ အဆန်ဖြည့်တင်းပေးနေရသော ကာလ အတွင်း ချက်လုပ်ပြီးသော အစာအာဟာရ များကို အကျိုးရှိစွာဖြင့် အသုံးပြု၍ အမြင့် မားဆုံးအစေ့ ထုတ်လုပ်ပေးနိုင်ရန် တစ်ဧကမြေပေါ်တွင် တစ်ရက်လျှင် နိုက်ထရိုဂျင် သုံးကီလိုဂရမ်အထိ လိုအပ်ပါသည်။ သို့ သော် မြေဆီလွှာ သည် မည်မျှပင်နိုက်ထရိုဂျင် လုံလောက်စွာ ရှိနေသော်လည်း တစ်ဧက ကွက်တွင် မြေဆီလွှာမှ ပဲပင်သို့ အမြင့်ဆုံးပံ့ပိုးနိုင်သော နိုက်ထရိုဂျင်ကို ကာမိစေရန် အရွက်ပေါ်မှ နိုက်ထရိုဂျင်ကို ကူညီဖြည့် တင်းရန် လိုအပ်ကြောင်း ထင်ရှားနေပါ သည်။

၎င်းအပြင် ပဲမျိုးစုံအတွက် အရေးကြီးသော အနည်းလိုအာဟာရဓာတ်တစ်မျိုးမှာ ဘိုရွန် (လက်ချား) ဓာတ်ဖြစ်ပါသည်။ ဘိုရွန်ဓာတ်သည် မြေဆီလွှာအတွက် မူလက တည်းက ပါဝင်မှုနည်းနေတတ်ပြီး အများ ဆုံးပါဝင်လျှင် မြေကြီး တစ်ကီလိုလျှင် ဘိုရွန်ငါးမီလီဂရမ်ခန့်သာ ပါဝင်တတ်သည်။ မြေချဉ်ငန်ဓာတ်နိမ့်သောမြေတွင် ရေစီးလျှင် အလွယ်တကူ စီးဝင်ဆုံးရှုံးတတ်ပြီး၊ မြေချဉ်ငန်ဓာတ်မြင့်ပါက မြေတွင်တွက်ကပ်နေပြီးအပင်မှ စုပ်ယူမရနိုင်တော့ပါ။ ထို့ကြောင့် ပဲစိုက်သောမြေအများစုတွင် ဘိုရွန်ဓာတ်ချို့တဲ့နေတတ်သည်။ ဘိုရွန်ဓာတ်ချို့တဲ့နေပါက အပင်၏ထိပ်ပိုင်းဆဲလ်များ ပွားများမှု နည်းခြင်း၊ ပရိုတင်းတည်ဆောက်မှု နှေး ကွေးစေခြင်း၊ အပွင့်၊ အသီးများကြွေခြင်းနှင့် ပန်းပွင့်၏ ဝတ်မှုန်များ ရှင်သန်မှု ကာလတိုလာခြင်းတို့ကြောင့် ပဲအထွက်နှုန်း၊ လျော့နည်းစေနိုင်ပါသည်။ သို့အတွက် ပန်းပွင့်ချိန်တွင်ဘိုရွန်ဓာတ် ဖြည့်တင်းပေးရန် လို အပ်ပါသည်။

အထက်ဖော်ပြပါ အချက်များကို အခြေပြုလျက် စိုက်ပျိုးရေးသုတေသန ရေ ဆင်းနှင့် နယ်သုတေသနခြံများ၊ တောင်သူစိုက်ကွင်းများပေါ်တွင် ၂၀၀၃ ခုနှစ်မှ စတင်၍ သုတေသနစမ်းသပ်မှုများ ဆောင်ရွက်ခဲ့ ရာ ပဲမျိုးစုံသီးနှံများဖြစ်သော ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ်နှင့် ပဲလွမ်းတို့တွင် ပန်းပွင့်ချိန်မှ သီးကင်းဝင်စ အချိန်ထိ နိုက်ထရိုဂျင်ဓာတ်နှင့် ဘိုရွန်ကို အရွက်ပေါ်မှ ပန်းဖြိုင်ဖြိုင်ပွင့်ချိန် တစ်ကြိမ်ဖျန်းပေးခြင်းဖြင့် အထွက်ရာ ခိုင်နှုန်း ၂၀ မှ ၄၀ ထိ တိုးလာကြောင်း တွေ့ရှိရပါသည်။

ဤတွေ့ရှိချက်များအပေါ်မူတည်၍ တောင်သူလယ်သမားများ လိုက်နာဆောင် ရွက်နိုင်စေရန် လွယ်ကူ၍ ကုန်ကျစရိတ် သက်သာပြီး လွယ်ကူသော အောက်ပါနည်းလမ်းများအတိုင်း ဆောင်ရွက်ရန်တွေ့ရှိခဲ့ပါသည်-

တစ်ဧက တစ်ကြိမ်ဖျန်းရန်အတွက်ယူရီးယားလေးပေါင်ခန့်နှင့် လက်ချား သုည ဒသမ ၅ ပေါင် အသုံးပြုရန် ဖြစ်ပါသည်။ ရေတစ်ဂါလန်လျှင် ယူရီးယား ဟင်းစားဇွန်းလေးဇွန်းခွဲနှင့် လက်ချားမှုန့် ဟင်းစားဇွန်း တစ်ဇွန်း ကို ပျော်အောင်ဖျော် ပါ။ ပရဆေး ဆိုင်မှ လက်ချားအား အပူပေးပြီး အမှုန့်ပြုလုပ်ပြီးမှသာ အသုံးပြုလုပ်ရန် လိုအပ်ပါသည်။ သို့မဟုတ် လက်ချားအမှုန့်ကို ဝယ်ယူအသုံးပြုနိုင်ပါသည်။

တစ်ဧကလျှင် ဖျော်ရည်ဂါလံ ၂၀ ရာခိုင်နှုန်း ဖျန်းပါ။ နံနက်စောစော သို့မ ဟုတ် ညနေစောင်းနေအေးသော အချိန်တွင်ဖျန်းပါ။ ဤသို့ဖျန်းပါက ကုလားပဲတွင် ၂၀ ရာခိုင်နှုန်း၊ ပဲတီစိမ်း ၂၅ ရာခိုင်နှုန်း၊ မတ်ပဲတွင် ၃၀ ရာခိုင်နှုန်း၊ ပဲပုပ်တွင် ၄၀ ရာခိုင်နှုန်း အထွက်ပိုမိုကြောင်း တွေ့ရှိရပါ သည်။ ကုန်ကျစရိတ်နှင့် လုပ်အားခသက် သာခြင်း၊ အာဟာရဓာတ်ပါဝင်မှု သေချာ ခြင်း၊ သီးထောင့်များ၏ အစေ့အရည်အသွေးကောင်းခြင်း၊ ပိုးမွှားရောဂါခံနိုင်ခြင်း အကျိုးကျေးဇူးများ ရရှိနိုင် ပါသည်။ တစ်ဧကလျှင် လက်ချားမှုန့် ၂၀ ကျပ်သား တန်ဖိုးကျပ် ၆၀၀ ခန့်၊ ယူရီးယားတစ်ပိဿ ာ တစ်ပြည်တန်ဖိုး ကျပ် ၇၀၀ ခန့်ဖြစ်သဖြင့် စုစုပေါင်းတစ်ဧကကုန်ကျစရိတ်မှာ ကျပ် ၁,၃၀၀ ခန့်သာ ကုန်ကျသဖြင့် အလွန်သက်သာပြီးအထွက်တိုးစေပါသည်။

ဤနည်းစနစ်သည် အခြားသီးနှံများ အတွက် အသုံးပြုပါကလည်း သီးနှံအထွက်တိုး အကျိုးများစေနိုင်ပါသည်။ သို့ပါ၍ တောင်သူလယ်သမားကြီးများအနေဖြင့် ပဲ မျိုးစုံအထွက်တိုးစေနိုင်သည့် စရိတ်ကုန် သက်သာ အထက်ပါ နည်းပညာ ကို အသုံးပြုကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။

အောင်ဆန်း (စိုက်ပျိုးရေး)

REF: The Farmer Journal



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  ဆောင်ပုဒ်  

"နိုင်ငံတစ်ဝှမ်း စိမ်းလန်းဖို့ သစ်ပင်စိုက်ပျိုးစို့"