မြေဆွေးကန်နဲ့ ဝက်မွေးမြူခြင်း

08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကမ္ဘာပေါ်မှာ ဝက်မွေးမြူခြင်းနဲ့ ပတ်သက်ပြီး ဘယ်ဟာက အကောင်းဆုံးအဆင်ပြေဆုံးဖြစ်မလဲဆိုတာကို အခုချိန်ထိ ဆွေးနွေးနေကြတုန်းပါပဲ။ မွေးမြူမှုအများဆုံးနဲ့ လူကြိုက်အများဆုံးကတော့ ကွန်ကရစ်နဲ့ မွေးမြူခြင်းဖြစ်ပါတယ်။ ဒီစနစ်မှာဆိုရင် ဝက်မစင်တွေဆေးကြောရတာ၊ သန့်ရှင်းရေးလုပ်ရတာ၊ ရောဂါကူးစပ်မှုတားမြစ်ရတာတွေကို လွယ်ကူစေပါတယ်။ အခြားနည်းလမ်းတွေလည်း အများကြီး ရှိပါသေးတယ်။ ဒါပေမယ့် တရုတ်ပြည် မှာတော့ မြေဆွေးဖြင့် မွေးမြူခြင်း လို့ ခေါ်တဲ့ နည်းလမ်း တစ်ခုရှိပါသေးတယ်။ အဲဒီစနစ်မှာတော့ မွေးမြူသူတွေဟာ ဝက်ချည်းသက်သက်မွေးကြတာမဟုတ်ပါဘူး။ တစ်ပြိုင်နက်တည်းမှာ အသက်ရှင်နေတဲ့ ဝက်ခြံလေးကိုပါ ဖန်တီးထားပါတယ်။ ဝက်ခြံလေးက ဝက်ချေးတွေကို ရှင်းလင်းပေးရုံတင်မကပါဘူး မြေဆီလွှာကို ကောင်းမွန်စေတဲ့ မြေဆွေးတွေကိုပါ ပြုလုပ်ပေးပါတယ်။

ကျွန်တော်ယုံကြည်ပါတယ် ဒီစနစ်ဟာ ဝက်တွေကို နှိပ်စက်နေတဲ့အစား သူတို့ရဲ့ သဘာဝအမူအကျင့်တွေကိုပါ အားပေးနေပါတယ်။ အခုခေတ် ဝက်မွေးသူတွေအများစုကတော့ ရေရှည်ခံပြီး အကုန်အကျသက်သာတဲ့ ကွန်ကရစ်ဝက်ခြံတွေကို အသုံးပြုကြပါတယ်။ ကွန်ကရစ်နဲ့ မွေးမြူရာမှာ ဝက်တွေရဲ့ အညစ်အကြေးတွေကို သန့်ရှင်းရေးပြုလုပ်ရတာ အရမ်းလွယ်ကူပေမဲ့ သေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ ပြသနာတွေ အများကြီးရှိနေပါတယ်။ ကွန်ကရစ်ရဲ့ မာကျောတဲ့ မျက်နှာပြင်တွေက ဝက်တွေရဲ့ သဘာဝအတိုင်းနေထိုင်မှု (မြေကြီးကို နှုတ်သီးနဲ့ ထိုးတတ်တဲ့အကျင့်) ကို တားဆီးထားပါတယ်။ အေးစက်မာကျောတဲ့ မျက်နှာပြင်က တိရိစ္ဆာန်တွေအတွက် သက်တောင့်သက်သာမဖြစ်စေပါဘူး။ ငြင်းချင်ရင် ငြင်းလို့ရမယ့် နောက်တစ်ချက်ကတော့ ကွန်ကရစ်စနစ်မှာ ရောဂါတွေကို ကာကွယ်တိုက်ခိုက်ပေးမယ့် အကျိုးပြုအဏုဇီဝတွေ နေထိုင်နိုင်မယ့် ပတ်ဝန်းကျင်တစ်ခုဖြစ်မနေပါဘူး။

ဝက်တွေကို ခြံခတ်ပြီး မွေးခြင်းရဲ့ ရိုးရှင်းသိသာတဲ့ အချက်ကတော့ အညစ်အကြေးတွေကို အလွယ်တကူ စုပြီး မြေဆွေးပြုလုပ်တာပါပဲ။ ဒါပေမယ့် ထူးဆန်းတာက ကျွန်တော်တို့ လေ့လာကြည့် သလောက် ဝက်ချေးတွေကို မြေဆွေးပြန် လုပ်တဲ့သူက မရှိသလောက်ပါပဲ။ ဝက်ခြံအများစုက ရေမြောင်းတွေနဲ့ ရေကန်တွေ၊ ရေအိုင်တွေနဲ့ မြစ်တွေဆီကို ဖောက်ထုတ် ပစ်လိုက်ကြတာပါပဲ။ ကျွန်တော်တို့ကတော့ ဝက်ချေးတွေကို သဘာဝ ကုန်ကြမ်းကောင်းတွေလို့ မြင်ပြီး ရေတွေကို ညစ်ညမ်းစေမယ့် အစား သဘာဝမြေသြဇာ ပြုလုပ်ဖို့ ရွေးချယ်မှာပါ။

မြေဆွေးကန်နဲ့ မွေးမြူတဲ့ စနစ်မှာ ကောင်းကျိုးများစွာရှိပါတယ်။ အဓိကအချက်တွေကတော့ အရမ်းရိုးရှင်းတာရယ် ဝက်ကျင်ကြီးနဲ့ ကျင်ငယ်တွေကို မြေဆွေးအဖြစ် အထိရောက်ဆုံး ပြောင်းလဲနိုင်တာရယ်ပါပဲ။ ဝက်မွေးကန်မှာ ထည့်မယ့် သြဂဲနစ်ပစ္စည်း(လွှစာ၊ ကောက်ရိုး၊ စပါးခွံ) တွေကို အကျိုးပြုအဏုဇီဝတွေရဲ့ အိမ်လေးတွေလို့ စိတ်ကူးကြည့်လိုက်ပါ။ ဒီ စုပ်ယူနိုင်စွမ်းရှိတဲ့ သြဂဲနစ်ပစ္စည်းတွေကိုသာ သေသေချာချာထည့်သွင်းထားရင် အနံ့အသက်တွေသက်သာစေတဲ့အပြင် ယင်ကောင်ပေါက်ဖွားမှုကိုပါ လျော့ကျသွားစေပါတယ်။ ဆောင်းရာသီလို အေးတဲ့ရာသီဥတုမျိုးမှာ အနွေးဓာတ်ကိုတောင် ပေးနိုင်စွမ်းရှိပါသေးတယ်။ ဒီနည်းလမ်းက အညစ်အကြေးတွေကို ကောင်းကောင်းထိန်းသိမ်းနိုင်ရုံတင်မကဘူး အဟာရကြွယ်ဝတဲ့ သဘာဝမြေသြဇာကိုပါ ရရှိစေမှာဖြစ်ပါတယ်။

ကျွန်တော်တို့ ရလာနိုင်တဲ့အကျိုးကျေးဇူးတွေကို ချရေးကြည့်ရအောင်လား။

အကျိုးကျေးဇူးများ

·         အနွေးဓာတ်ပေးနိုင်ခြင်း

·         သဘာဝအပြုအမူများကို အားပေးခြင်း

·         ရောဂါပျံ့ပွားခြင်းမှ ကာကွယ်ပေးခြင်း

·         ဝက်များ၏ ရောဂါဒဏ်ခံနိုင်ရည် မြှင့်တင်ပေးခြင်း

·         ယင်ပေါက်ပွားမှု ထိန်းနိုင်ခြင်း

·         အနံ့အသက် လျော့နည်းစေခြင်း

·         သန့်ရှင်းရေးအလုပ် အလွန်နည်းပါခြင်း

·         ရောဂါပိုးသတ်ခြင်း၊ ကာကွယ်ဆေးထိုးရခြင်းများ နည်းပါးစေခြင်း

·         ကျင်ကြီး၊ ကျင်ငယ်ကို ကောင်းစွာ အသုံးချနိုင်ခြင်း

·         ဝက်ခြံသန့်ရှင်းရေးပြုလုပ်ရာတွင် ရေသုံးစွဲမှုလျော့ချနိုင်ခြင်း

·         လုပ်အားသက်သာခြင်း

·         ပိုက်ဆံကုန်သက်သာခြင်း

·         နည်းပညာလိုအပ်ချက် နည်းပါးခြင်း

 

ပြင်ဆင်ခြင်း

 

မြေဆွေးကန်နဲ့ မွေးမြူတဲ့စနစ်က အရမ်းရိုးရှင်းလှပါတယ်။ ပထမဆုံးအနေနဲ့ မြေကြီးကို အနက် ၂ပေခွဲလောက် တူးသည်ဖြစ်စေ၊ အထက်သို့ ဘောင်ခတ်၍ မြှင့်သည်ဖြစ်စေ သစ်သားစများ သို့မဟုတ် လွှစာထည့်ပေးရပါမယ်။လွှစာနဲ့ ပတ်သက်လို့ ဘယ်လိုသစ်မျိုးက ထွက်တဲ့လွှစာရယ်လို ခွဲခြားထားတာတော့ မရှိပါဘူး။ ဒါပေမယ့် အချို့ အဆီပါဝင်မှုမြင့်မားတဲ့ သစ်အမျိိုးအစားတွေဖြစ်တဲ့ ထင်းရူးပင်ကဲ့သို့သော သစ်တွေရဲ့ လွှစာတွေ ကတော့ ဆွေးမြေ့ ချိန်ပိုကြာလေ့ ရှိကြပါတယ်။ ကြိတ်သားတွေ၊ ဒါမှမဟုတ် ပိုးသတ်ဆေးရည်စီမံထားတဲ့ သစ်သားတွေကိုတော့ မသုံးဖို့ တိုက်တွန်းချင်ပါတယ်။ ဆွေးမြေ့နိုင်တဲ့ သြဂဲနစ်ပစ္စည်းတွေဆိုတာ သစ်သားစတွေ၊ လွှစာတွေအပြင် ကောက်ရိုးတို့၊ စပါးခွံတို့ စသည်တို့ကိုလည်း အသုံးပြုနိုင်ပါသေးတယ်။ ကျွန်တော်တို့ လေ့လာကြည့်သလောက်တော့ လွှစာက အကောင်းဆုံးပါပဲ။ မွေးမြူတဲ့သူတွေကိုလည်း ကိုယ့်ဒေသပတ်ဝန်းကျင်မှာ အလွယ်တကူရနိုင်တဲ့ ဆွေးမြေ့နိုင်တဲ့ သြဂဲနစ် ပစ္စည်းတွေနဲ့ စမ်းသပ်မွေးမြူစေချင်ပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ လွှစာထဲမှာ စပါးခွံ ၁၅%လောက်ရောပေးဖို့လိုအပ်ပါတယ်။

ဆိုလိုတာကတော့ ကာဗွန်၊နိုက်ထရိုဂျင် အချိုးကို ညှိလိုက်တာဖြစ်ပါတယ်။ သင့်တော် တဲ့ နိုက်ထရိုဂျင် အချိုးက ၄-၁၀ ကြားမှာ ရှိပါတယ်။ ဒါပေမယ့် နိုက်ထရိုဂျင် အချိုး ကိုတော့ ၁ အောက်ရောက် မသွားအောင် ဂရုစိုက် ပေးဖို့ လိုအပ်ပါတယ်။

 

အကျိုးပြုအဏုဇီဝရည်ဖြင့်မွေးမြူခြင်း

မွေးမြူကန်ထဲမှာ အကျိုးပြုအဏုဇီဝရည် ထည့်ချင်တယ်ဆိုရင်တော့ ရေ ၈၀၀ လီတာမှာ အကျိုးပြုအဏုဇီဝရည် ၁ လီတာနှုန်းနဲ့ ထည့်ပေးရပါမယ်။ ရောထည့်တဲ့အခါမှာလည်း သြဂဲနစ်ပစ္စည်းတွေ အားလုံးနဲ့ ကောင်းစွာရောနှာ သွားဖို့ လိုအပ်ပါတယ်။ ရေနဲ့ ရောစပ်တဲ့အချိုးမှာ သိပ္ပံနည်းကျ စမ်းသပ်ချက်မရှိပါဘူး။ အကျိုးပြုအဏုဇီဝရည် များသွားလို့၊ အချိုးမမှန်တော့လို့ စိတ်ပူမနေပါနဲ့။ အကျိုးပြုအဏုဇီဝရည် နည်းသွားလည်း ဆွေးမြေ့ဖို့ ကြာသွားရုံပါပဲ။ အဓိက အချက်ကတော့ မွေးမြူကန်က အစိုမလွန်သွားဖို့ပါပဲ။

မွေးမြူကန်ကို အကျိုးပြုအဏုဇီဝရည် ပက်ဖြန်းပြီးသွားတဲ့နောက်မှာတော့ ၈-၁၀ ရက်ထိ စောင့်စေချင်ပါတယ်။ မွေးမြူကန်ရဲ့ အပူချိန်ကိုလည်း စောင့်ကြည့်စမ်းသပ်စေချင်ပါတယ်။ ကန်ထဲကို လက်နဲ့ထိုးထည့်လိုက်ပြီး အပူချိန်ကို စမ်းသပ်ကြည့်လိုက်ပါ။ အောက်နက်လေလေ အပူချိန်များလေလေဖြစ်နေပါလိမ့်မယ်။ ကန်က ဘယ်လိုအနံ့ထွက်နေသလဲဆိုတာကိုလည်း စမ်းသပ်ကြည့်လိုက်ပါ။ မွေးမြူဖို့ အချိန်သင့်မသင့် အဖြေသိလာပါလိမ့်မယ်။ စမ်းသပ် မှုတွေ က မျက်စိတင် မဟုတ်ဘဲ လက်နဲ့ နှာခေါင်းကိုလည်း အသုံးပြုရမှာ ဖြစ်ပါတယ်။

 

 

အကျိုးပြု အဏုဇီဝရည် အလွယ်တကူမရနိုင်ခဲ့ရင်

ကိုယ့်ဒေသမှာရှိတဲ့ အကျိုးပြုအဏုဇီဝပိုးတွေကို စုဆောင်းပြီး အသုံးပြုလို့ရပါတယ်။ ဒေသခံအဏုဇီဝစုဆောင်း ပြုလုပ်နည်းကို ဒေသခံအကျိုးပြုအဏုဇီဝပိုး မွေးမြူနည်းမှာ လေ့လာနိုင်ပါတယ်။

ဝက်စတင်မွေးမြူခြင်းနှင့် ထိန်းသိမ်းခြင်း

၈ ရက်လောက်ကြာပြီဆိုရင်တော့ မွေးမြူကန်ဟာ အသက်ရှိနေပြီလို့ မှတ်ယူလိုက်ပါ။ ဒီစနစ်ကို ပုံမှန် ဝက်မွေးကန်တွေရဲ့ ပိုးသတ်တဲ့ စနစ်ထက် ဘက်တီးရီးယားတွေ၊ အဏုဇီဝအဖွဲ့အစည်းလေးတွေ ဖန်းတီးတဲ့ စနစ်လို့ နားလည်ထားလိုက်ပါ။ ဒီအဏုဇီဝ အဖွဲ့အစည်းလေးက ရောဂါတွေ၊ ဆိုးတဲ့ ဘက်တီးရီးယားတွေ၊ အနံ့အသက်တွေနဲ့ ယင်ကောင်တွေကို တိုက်ခိုက်ပေးပါလိမ့်မယ်။ ဝက်တွေကို မွေးမြူကန်ထဲမှာ စထည့်လိုက်တာနဲ့ ဝက်တွေက သူတို့ရဲ့ နှုတ်သီးတွေ၊ လက်တွေခြေထောက်တွေနဲ့ တူးတာကို တွေ့ရပါလိမ့်မယ်။ အဲဒါကိုတွေ့လို့ စိုးရိမ်မသွားပါနဲ့။ ဒါက သူတို့ရဲ့ သဘာဝပါ။ ဒီလိုလုပ်လိုက်ခြင်းက သူတို့ခန္ဓာကိုယ်ထဲကို အကျိုးပြု အဏုဇီဝတွေ ရောက် သွားစေပြီး ရောဂါဒဏ် ခံနိုင်ရည်တွေ မြင့်တက် လာစေ ပါတယ်။ အေးတဲ့နေ့တွေ ဆို ဝက်တွေက ကန်ထဲနက်နက် တူးပြီးနေတာကိုတွေပါ လိမ့်မယ်။ ဒါက သူတို့ကို နွေးထွေးစေတာကိုး။

ဒီစနစ်နဲ့ မွေးမြူထားတဲ့ကန်ရဲ့ ပတ်ဝန်းကျင်မှာ အနံ့အသက်တွေ၊ ယင်ကောင်တွေ လျော့နည်းနေတာကို သတိထားမိလာပါလိမ့်မယ်။ ဒါ့ထက် ပိုပြီး အနံ့အသက်နဲ့ ယင်ကောင်တွေ ကင်းချင်ရင် ကန်ကို အထက်အောက် လှန်ပေးဖို့ လိုအပ်ပါတယ်။ ဝက်တွေက အပေါ်ယံမျက်နှာပြင်မှာ မစင်စွန့်လိုက်တဲ့အတွက် သူ့မစင်တွေကယင်ကောင်တွေကို ဆွဲဆောင်နေတုန်းပါပဲ။ ဒါကြောင့် ကန်ကို အထက်အောက် အနည်းငယ်လှန်ပေးဖို့ လိုအပ်ပါတယ်။ မွေးမြူတဲ့ ဝက်အကောင်ရေနဲ့ မွေးမြူသူရဲ့ ဆန္ဒနဲ့ လိုက်ပြီး တစ်ပတ်ကို ၂-၃ ကြိမ် ဒါမှမဟုတ် တစ်နေ့တစ်ကြိမ် လှန်ပေးဖို့လိုအပ်ပါတယ်။ ဝက်မစင်တွေကို ကန်ထဲကို ရောမွှေမြုပ်ပစ်မှသာ အနံ့အသက်နဲ့ ယင်ကောင်တွေ လျော့ကျစေမှာဖြစ်ပါတယ်။ မွေးမြူကန်က ပုပ်နံ့မထွက်ရပါဘူး။ ပုပ်နံ့ရလာပြီ ဆိုရင်တော့ အဏုဇီဝရည် ပက်ဖျန်းခြင်း၊ အထက်အအောက်လှန်ခြင်းများ ပြုလုပ်ပေးရပါမယ်။ အစပိုင်းမှာတော့ တစ်လကို အဏုဇီဝရည် ၂ ကြိမ်လောက် ဖျန်းပေးသင့်ပါတယ်။ မွေးမြူကန်က စိုစွတ်လွန်းလို့ ပုပ်နဲ့ထွက်တဲ့ အခါမျိုးမှာတော့ လွှစာ ပြန်ရောထည့် ပေးရပါမယ်။

အချိန်ကြာလာတဲ့အမျှ မွေးမြူကန်ရဲ့အရောင်ဟာ နက်မှောင် လာပြီး လွှစာတွေက ဆွေးမြေ့လာပါလိမ့်မယ်။ အကျိုးပြုအဏုဇီဝ၊ အပူနဲ့ မစင်တွေက လွှစာရဲ့ ဆွေးမြေ့မှုကို ကူညီပေးနေကြပါတယ်။ ဒီဖြစ်စဉ်ကတော့ ဝက်အကောင်ရေနဲ့ နေရာအကျယ်အဝန်းပေါ်မူတည်ပြီး ၆လမှ ၂နှစ်ထိ ကြာနိုင်ပါတယ်။ အကျိုးပြုအဏုဇီဝ တွေအပြင် အပင်အဟာရ အပြည့်အဝပါဝင်တဲ့ မြေသြဇာကို အပင်စိုက်တဲ့ဆီမှာ ပြန်အသုံးနိုင်ပါတယ်။ မြေသြဇာကို ယူတဲ့အခါမှာတော့ အကုန်လုံးမယူစေချင်ပါဘူး။

မြေသြဇာတွေရဲ့ ၇၅-၈၀ ရာခိုင်နှုန်းသာယူပြီး အောက်ခြေလွှာကို နောက်တစ်ကြိမ် ထပ်မွေးမြူဖို့ရာအတွက် ချန်ထားစေချင်ပါတယ်။ ဒီလိုမှမဟုတ်ရင် အစက ပြန်စနေရပါမယ်။ အဲဒီတော့ နောက်မွေးမြူကန်မှာ အဏုဇီဝတွေ ကျန်းမာသန်စွမ်းစေဖို့ သင့်တော်တဲ့ ပမာဏချန်ထားဖို့ လိုအပ်ပါတယ်။

 

ထဲထဲဝင်ဝင်လေ့လာခြင်း

မွေးမြူကန်အပူချိန်

မွေးမြူကန်ထဲက အဏုဇီဝပိုးမွှားတွေ ကောင်းကောင်း အလုပ်လုပ်လာတာနဲ့အမျှအပူချိန်ဟာ ၆၀ဒီဂရီ ဆဲလ်စီးရပ်စ် လောက်မြင့်တက်လာပါလိမ့်မယ်။ အပေါ်ယံမျက်နှာပြင်ပေါ်က အပူချိန်ကတော့ သိသိသာသာ ကျဆင်းသွားပါလိမ့်မယ်။တစ်ခါတစ်ရံ ပတ်ဝန်းကျင် အပူချိန်နဲ့ ညီနေတတ်ပါတယ်။ ဝက်တွေက သူတို့ရဲ့ အပူချိန်ကို မထိန်းညှိနိုင်ကြပါဘူး။ ပြီးတော့ ပူလွန်းတာကိုလည်း သည်းမခံနိုင်ကြပြန်ဘူး။ မွေးမြူသူအချို့က မွေးမြူကန်အပြင် အရမ်းပူတဲ့အချိန်တွေမှာ ဝက်တွေအေးမြစေဖို့ ကွန်ကရစ်ခင်းထားတဲ့ နေရာလေးတစ်ခု ပြုထားကြပါသေးတယ်။ မြန်မာနိုင်ငံမှာတော့ အလယ်ပိုင်းဒေသတွေမှာ ကွန်ကရစ်မဟုတ်ဘဲ ရေအိုင်လေးတွေ ပြုလုပ်ပေးတာ တွေ့ရပါတယ် (ဘာသာပြန်သူ ဖြည့်စွက်ချက်)။ အချို့လယ်သမားတွေကတော့ ဒီလို အပူချိန်မြင့်တက်တဲ့ ပြဿနာ မတွေ့ရဘူးလို့ ငြင်းကြတယ်။ ဒီတော့ ကိုယ်တိုင်စဉ်းစားပြီး လုပ်ကြည့်စေချင်တယ်။ ပြီးရင်တော့ အခြေအနေလေး ပြန်အကြောင်းကြားပေးပါအုံးနော်။

ကန်အနက်

ပျမ်းမျှ အနက် ၂ ပေ ခန့်ဟာ သင့်တော်ပေမယ့်လည်း မွေးမြူသူတွေကိုယ်တိုင် အနက်ဘယ်လောက်လဲဆိုတာ အတိုးအလျော့ လုပ်ကြည့်သင့်ပါတယ်။ တစ်ညီတစ်ညာ တည်း မဟုတ်ဘဲ မတူညီတဲ့ အနက်တွေနဲ့ လုပ်ထားမယ်ဆိုရင်လည်း အပူချိန်မတူညီနိုင်တဲ့အတွက် ဝက်တွေအတွက် ရွေးချယ်ပြီး နေလို့ရမယ့် ပတ်ဝန်းကျင်လေးတစ်ခုဖြစ်နေမယ်ထင်ပါတယ်။

ကန်ကို အထက်အောက်လှန်ပေးခြင်း

တစ်ခုတည်းသော အပို လုပ်အား လိုအပ်တာကတော့ ကန်ကို အထက်အောက်လှန်ပေးပို့ပါပဲ။ ဒါပေမယ့် လိုအပ်ချက်လျော့နည်းစေမယ် နည်းလမ်းတွေရှိပါတယ်။ ပြောင်းဖူးရိုးတွေကို ကန်ထဲမှာ ထည့်မြုပ် လိုက်တာကလည်း ဝက်တွေကို သူတို့ကိုယ်တိုင် အထက်အောက်လှန်ဖို့ တွန်းအားပေးလိုက်သလိုပါပဲ။ အခြားနည်းအနေနဲ့ မြေကြီးထဲကို မြုပ်ထားလို့လည်းရမယ်၊ သူတို့ရဲ့အစာလည်းဖြစ်တဲ့ဟာမျိုးကို ကန်ထဲမှာ နက်နက်မြုပ်ထားလိုက်ရင် သူတို့တွေက အဲဒီအစာကို တူးဖော်စားသောက်ရင်း ကန်ကို အထက်အောက်လှန်တဲ့အလုပ်ကို သူတို့ကိုယ်တိုင် လုပ်သွားကြမှာပါပဲ။ သတိထားမိတာ တစ်ချက်ကတော့ ကန်ရဲ့ထောင့်တွေမှာ ဝက်မစင်တွေ စုပုံနေတတ်ကြပါတယ်။ ဒါက အထက်အောက်လှန်ပေးဖို့ လိုအပ်ချက်တစ်ခု ဖြစ်နေပါသေးတယ်။

ကန်ထဲ ထည့်လို့ရမယ့် ပစ္စည်းများ

ဒီမွေးမြူနည်းစနစ်မှာတော့ စပါးခွံ ၁၅ ရာခိုင်နှုန်းလောက် ရောပြီး သစ်သားစတွေ ဒါမှမဟုတ် လွှစာတွေ အသုံးများပါတယ်။ ဒါပေမယ့်လည်း အခြားအသုံးပြုလို့ရမယ့် ပစ္စည်းတွေ ရှိနေအုန်းမှာပါ။ အစားထိုးအနေနဲ့ စပါးခွံ၊ ကောက်ရိုး နဲ့ မီးသွေး (သုံးမရတော့တဲ့ မီးသွေး၊ ထင်းမီးဖိုမှ ထွက်လာတဲ့ မီးသွေးခဲ) တွေလည်း သုံးလို့ရပါတယ်။ အခြားဟာတွေနဲ့လည်း စမ်းသပ်ကြည့်စေချင်ပါတယ် (ကာဗွန်၊ နိုင်ထရိုဂျင် အချိုးကိုတော့ ဂရုစိုက်ပါအုံးနော်)။ ပြီးရင်တော့ အဆင်ပြေလား မပြေဘူးလားဆိုတာတော့ အခြားသူတွေသိရအောင် ပြန်ပြောပြပါအုံး။

ကြက်မွေးမြူရေး

ဒီစနစ်က ကြက်မွေးမြူရေးအတွက်လည်း အသုံးဝင်ပါတယ်။ လွှစာအစား သစ်သားစတွေကို အနက် ၅ လက်မ ၆ လက်မလောက် ပြုလုပ်ဖို့ အကြံပြုချင်ပါတယ်။ ဖုန်မှုန့်တွေက ကြက်တွေက သိပ်မကြိုက်တဲ့အတွက် သစ်သားစလေးတွေကို သုံးစေချင်တာပါ။ အကျိုးပြု အဏုဇီဝရည်ကို ပိုဖျန်းပေးဖို့လိုသလို ကန်အနက်ကို လိုအပ်ရင် မြှင့်ပေးဖို့အတွက် သစ်စတွေလို အပိုစုထားဖို့လိုပါတယ်။ မြန်မြန်ဆွေးမြေ့ဖို့အတွက် အထက်အောက်လှန်တာတွေလည်း လုပ်ပေးဖို့လိုအပ်ပါတယ်။

REF: http://www.agrowingculture.org/2012/06/fermented-bed-technology/ ကို ဆီလျော်စွာ ပြန်ဆိုထားပါတယ်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်