သဘာဝအစာဖြင့် တီလားပီးယားငါး မွေးမြူနည်း

18/08/2023 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

       မွေးမြူရေးငါးများတွင် တီလားပီးယားကို မွေးမြူသူ များကြသော်လည်း ယနေ့ခေတ်ကာလ ကုန်စျေးနှုန်းများကြီးမြင့်မှုကြောင့် ငါးမွေးတောင်သူများအနေဖြင့် ငါးစာကုန်ကျစရိတ်အတွက် အခက်ကြုံနေကြရပါသည်။ ထို့ကြောင့် ငါးစာစရိတ်အကုန်အကျ သက်သာစေရန် တီလားပီးယားငါးကို သဘာဝအစာဖြင့် မွေးမြူနည်းကို ဖော်ပြပေးသွားပါမည်။ သဘာဝအစာဖြင့် မွေးမြူနည်းကို မဖော်ပြမီ တီလားပီးယားငါး၏ ခန္ဓာဗေဒအချက်အလက်များကို ငါးမွေးမြူသူမှ သိရှိထားရန်လိုသဖြင့် ဦးစွာပထမ ဖော်ပြပေးပါမည်။

တီလားပီးယားငါး၏ မူရင်းဒေသနှင့် ပုံသဏ္ဌာန်

       တီလားပီးယားငါးသည် ရေချိုရေငန်ဒေသရှိ ရေတိမ်ရေနက်နှစ်မျိုးစလုံးတွင် နေထိုင်ကျက်စားကြသည်။ ထိုသဘာဝကြောင့်ပင် ရေတိမ်ရေနက် နှစ်မျိုးစလုံးတွင် မွေးမြူနိုင်သည်။ မူရင်းဒေသမှာ တောင်အာဖရိကတိုက်ဟု သိရသည်။ ထိုမှတစ်ဆင့် အခြားနိုင်ငံများ သို့ ပျံ့နှံ့သွားသည်။ ပုံပသဏ္ဌာန်သည် ခပ်ပြားပြားဖြစ်ပြီး နှာရောင်ဝိုင်းသည်။ ကျောဆူးတောင်သည် ဦးခေါင်းနားမှ အမြီးနားအထိ ရှည်ပြီးမာသည်။ ဝမ်းဆူးတောင်နှင့် ရင်ဆူးတောင်ရှိသည်။ အမြီးဆူးတောင်သည် အနည်းငယ်ဝိုင်းသယောင်ရှိသည်။ ကိုယ်အထက်ပိုင်းတွင် ကန့်လန့်ဖြတ်အစင်းတချို့ရှိသည်။ ကိုယ်ရောင်သည် ပတ်ဝန်းကျင်ကိုလိုက်၍ ပြောင်းလဲမှုရှိသည်။ တချို့ဒေသတွင် မီးခိုးရောင်ကဲ့သို့ အရောင်နှင့် အနက်ရောင်ကဲ့သို့ အရောင်မျိုးကို တွေ့နိုင်ပါသည်။ သို့သော် တီလားပီးယားငါးသည် စပ်မျိုးများတွင်မူ အနီရောင်နှင့် အပြာရောင်မျိုးရှိသည်ဟုလည်း သိရသည်။

သဘာဝအစာဖြင့် မွေးမြူနိုင်သော တီလားပီးယားငါး

       တီလားပီးယားငါးသည် အခြားငါးများနှင့် မတူသည့်အချက်ရှိသည်။ ထိုအချက်မှာ အခြားငါးတချို့ မမွေးမြူနိုင်သော မြေညံ့များ၊ ချိုင့်များပါမကျန် မွေးမြူနိုင်ခြင်းဖြစ်သည်။ တီလားပီးယားသည် ကန်အတွင်း အလွယ်တကူသားပေါက်လေ့ရှိကြသည်။ ထို့ကြောင့် ယခုအခါ စီးပွားဖြစ်မွေးမြူကြသလို တစ်ပိုင်တစ်နိုင်လည်းမွေးမြူလေ့ရှိကြသည်။ တီလားပီးယားအသားတိုးတစ်နိုင်မွေးမြူမည်ဆိုပါက ကန်ကို ၁၅ × ၅၀ ပေနှင့် ကန်အနက် ၅ပေဆို အဆင်ပြေသည်။ စီးပွားဖြစ်မွေးမြူမည်ဆိုပါက ငါးကန်ကို အလျား/အနံ ပေ ၁၀၀ ပတ်လည်ရှိသော ကန်မျိုးဖြင့် မွေးမြူနိုင်သည်။ ကန်အနက်သည် ၄ပေ- ၅ပေခန့် ဖြစ်သည်။

      ငါးကန်သည် ရေလွှမ်းတတ်သောနေရာမဖြစ်ဖို့ လိုသည်။ ထို့ပြင် ငါးကန်အတွင်း အခြားအသားစားငါးများ မဝင်အောင် ဂရုစိုက်ရသည်။ ဤသို့ဂရုစိုက်ပါမှ တီလားပီးယားသားပေါက်များအား အခြားအသားစားငါးများ စားသောက်ခြင်းမှ ကာကွယ်နိုင်မည် ဖြစ်သည်။ ငါးကန်နေရာသည် သဲမြေမဖြစ်ဖို့ လိုသလို အရိပ်မရှိသောနေရာဖြစ်ဖို့လည်း လိုပါသည်။ ထို့နောက်တီလားပီးယားငါးမျိုး များကို ငါးမျိုးကန်မှ အသားတိုးကန်သို့ ရွှေ့ပြောင်းမွေးမြူရပါမည်။ ငါးကန်တွင် ရေထုတ်ပေါက်နှင့် ရေသွင်းပေါက် ပြွန်တစ်ခုစီ ရှိရမည်။ ထိုပြွန်မှ အခြားငါးများ မဝင်အောင်လည်း သံဇကာစိပ်စိပ်ဖြင့် လုံအောင်ပိတ်ကာထားဖို့ လိုပါသည်။

      တစ်ဧကကျယ်ဝန်းသော ငါးကန်အတွင်း ဝင်ဆံ့မွေးမြူသင့်သော ငါးအရေအတွက်မှာ ငါးအထီးနှင့် အမကောင်ရေ ၁၀၀ မှ ၁၅၀ ခန့်အထိ ထည့်သွင်းမွေးမြူနိုင်ပါသည်။ ငါးသားပေါက်ကို ထည့်သွင်းမွေးမြူမည်ဆိုပါက တစ်လက်မမှ နှစ်လက်မအရွယ်ခန့် ငါးသားပေါက် ၂၀၀၀ အထိ ထည့်သွင်းမွေးမြူနိုင်သည်။

သဘာဝအစာကျွေးနည်း

      တီလားပီးယားငါးသည် မွေးမြူသင့်သောငါးမျိုးဟု ဆိုရပေမည်။ အကြောင်းမှာ ကြီးထွားနှုန်း မြန်သလို အစာမကျွေးဘဲမွေးမြူ၍ ရနိုင်သောကြောင့် ဖြစ်သည်။ အစာကျွေးမွေးပါကလည်း ကြီးထားနှုန်း အလွန်မြန်သည်။ ထို့ပြင် သဘာဝအစာဖြစ်သော သစ်ရွက်များကိုလည်း တီလားပီးယားငါးများသည် စားသုံးလေ့ရှိကြသည်။ ဥပမာ-ရေမှော်ပင် နှင့် ရေညှိပင်များ ဖြစ်သည်။

       ငါးကန်အတွင်းသို့ သဘာဝအစာများဖြစ်သော သစ်ရွက်စိမ်း၊ မြက်ပင်စိမ်း၊ အမှိုက်ဆွေးနှင့် သစ်ပင်သစ်ရွက်ဆွေးများကို တစ်လတစ်ကြိမ်ခန့် ထည့်ပေးနိုင်ပါသည်။ သစ်ရွက်စိမ်းနှင့် မြက်ပင်စိမ်းများကို နုတ်နုတ်စင်း၍ ထည့်ပေးရပါမည်။ ဖွဲနု၊ အုန်းဆီဖတ်၊ ပဲဖတ်နှင့် နှမ်းဖတ်တို့ကိုလည်း ကျွေးပေးနိုင်သည်။ နွားချေး၊ ကြက်ချေးနှင့် ဘဲချေးထည့်ရာတွင် ကန်နေရာအနှံ့ ထည့်ပေးဖို့လိုပါသည်။

သစ်ရွက်၊ ရေညှိ၊ ရေမှော်ကဲ့သို့ သဘာဝအစာကျွေးပါက ထိုငါးများသည် နောက်ပိုင်း အသားမစားတော့ပေ။ ထို့ကြောင့် အသားသီးသန့်မကျွေးရသည့်အပြင် သဘာဝအစာကျွေးနိုင်သဖြင့် ကုန်ကျစရိတ်လည်း သက်သာသောကြောင့် တီလားပီးယားငါးကို တစ်ပိုင်တစ်နိုင်အနေဖြင့်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း မွေးမြူသင့်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်