မုန်တိုင်းတွေမြူးနေမယ့် စက်တင်ဘာလကုန် အောက်တိုဘာလဆန်း

26/09/2023 15:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ပထမမုန်တိုင်း

ပြီးခဲ့တဲ့ post တွေမှာ တောင်တရုတ်ပင်လယ်၊ ဗီယက်နမ်ကမ်းခြေမှာစတင်ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်း TD-13W က ကုန်းတွင်းကိုဝင်ပြီးနောက် ကုန်းတွင်းလေပွေလှိုင်းတစ်ခုအနေနဲ့ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတွေကိုဖြတ်ပြီး မြန်မာနိုင်ငံ-ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မုတ္တမကွေ့၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတွေပေါ်က ဖြတ်သန်းပြီးတဲ့နောက် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းကို ရောက်လာမှာဖြစ်ကြောင်း၊ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး အားကောင်းတဲ့ မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ကြောင်း လေပွေလှိုင်းရွေ့လျားမဲ့ လမ်းကြောင်းခန့်မှန်းပုံတွေနဲ့ တင်ပြပေးခဲ့ပြီးပါပြီ။ ဒီမုန်တိုင်းက ပထမ မုန်တိုင်းဖြစ်ပြီး ဒုတိယမုန်တိုင်းတလုံး ထပ်ဖြစ်လာဖို့ရှိကြောင်း ဒီနေ့ရရှိတဲ့ ကြိုတင်ခန့်မှန်းအချက်အလက်တွေမှာ တွေ့ရပါတယ်။

ဒုတိယမုန်တိုင်း

စက်တင်ဘာလ ၃၀ ရက်နေ့မှာ ပထမမုန်တိုင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့နယ်စပ်အနီးမှ ကုန်းတွင်းကိုဝင်ရောက်ပြီးတဲ့အခါ၊ အောက်တိုဘာလ ၁ ရက် နံနက် ၁၁ နာရီမှာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်လာဦးမယ့် လေဖိအားနည်းရပ်ဝန်းက ပိုမိုအားကောင်းလာပြီး ဒုတိယမုန်တိုင်းတလုံးဖြစ်လာရန်ရှိကြောင်းတွေ့ရပါတယ်။ ဒုတိယမုန်တိုင်းကလဲ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ပထမမုန်တိုင်းလို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့နယ်စပ်အနီးမှ အောက်တိုဘာလ ၃ ရက် ညပိုင်းမှာကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်သွားနိုင်မယ်လို့ ECMWF ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။

**ဆက်စပ်ဖြစ်ပေါ်လာနိုင်မည့် မိုးလေဝသအခြေအနေများ**

မုန်တိုင်း ၂ လုံး ရှေ့ဆင့်နောက်ဆင့်ဖြစ်လာနိုင်ပြီး ဦးတည်ရွေ့လျားမယ့် လားရာကလည်း တူနေတာကြောင့် မုန်တိုင်းညာဘက်ခြမ်းက မုန်တိုင်းအရှိန်သက်ရောက်မှုပိုပြီးရှိနိုင်ကြောင်း အရင်ကလည်းရှင်းပြပေးခဲ့ပြီးပြီမို့ မုန်တိုင်းညာဘက်ခြမ်းက ဘာကြောင့်မုန်တိုင်းအရှိန်သက်ရောက်မှုပိုများရတယ်ဆိုတာ အသေးစိတ်ထပ်ပြီးရှင်းမပြတော့ပါဘူး။

**ပင်လယ်ပြင်အခြေအနေ**

ညာဘက်ခြမ်းက ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီအနောက်ဘက်ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း၊ မွန်-တနင်္သာရီကမ်းရိုးတန်းဒေသတွေ၊ ကမ်းနီးကမ်းဝေးပင်လယ်ပြင်တွေမှာ စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၄ ရက်အထိ မိုးသက်လေပြင်းများကျပြီး လှိုင်းကြီးနိုင်ပါမယ်။ လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ မှ ၄၀ ကျော်အထိရှိနိုင်ပြီး လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေကျော်အထိ ရှိနိုင်ပါတယ်။

**မိုးရွာနိုင်မည့်အခြေအနေ**

မုန်တိုင်းများဖြစ်ပေါ်နေတဲ့ကာလတလျှောက်လုံးမှာ နိုင်ငံအနှံ့မိုးရွာနေမှာဖြစ်ပြီး လေပွေလှိုင်း(TD-13W)ဖြတ်မယ့် လမ်းကြောင်းတစ်လျှောက် မိုးများနိုင်ပါမယ်။ လေပြင်းတိုက်ခတ်မှုတော့လျော့နည်းနိုင်ပါတယ်။ လေပွေလှိုင်းမှ ပထမမုန်တိုင်းဖြစ်လာပြီးတဲ့နောက် စက်တင်ဘာလကုန်မှ အောက်တိုဘာလဆန်း ပထမပတ်အတွင်းမှာ တစ်နိုင်ငံလုံးမိုးရွာသွန်းမယ့် အခြေအနေတွေပိုလာပါမယ်။

**မိုးများနိုင်/မိုးနည်းနိုင်မည့်ဒေသများ**

မိုးအလွန်များ(၂၀၀ မီလီမီတာအထက်)

နောက်လာမယ့် ၂၄ နာရီ(၁ ရက်)မှ ၇၂ နာရီ(၃)ရက်အတွင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတွေမှာ မိုးအလွန်များ(မီလီမီတာ ၂၀၀ ကျော်အထိရွာသွန်းနိုင်)ပါမယ်။

မိုးများ(၁၀၀ မီလီမီတာအထက်)

ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းဒေသတွေမှာတော့ နောက် ၃ ရက်မှ ၅ ရက်အတွင်း မိုးရေချိန် ၁၀၀ မီလီမီတာအထက်ရွာသွန်းနိုင်/မိုးများနိုင်ပါမယ်။

မိုးနည်း(၂၅ မီလီမီတာအောက်)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာတော့ နောက် ၃ ရက်မှ ၅ ရက်အတွင်း မိုးရေချိန် ၂၅ မီလီမီတာအောက်သာရွာသွန်းနိုင်ပြီး မိုးနည်းနေပါမယ်။

Photo - ဦးဝင်းနိုင်

(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်