ရေတိမ်ဒေသရှိခြင်းရဲ့ အကျိုးကျေးဇူးများ

02/02/2025 11:00 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ရေတိမ်ဒေသဆိုသည်မှာ သစ်ဆွေးမြေ၊ ရွံ့နွံတောများအပါအဝင် ကုန်းတွင်း၌ ရေဝပ်နေသည့်ကန်များ၊ အင်းအိုင်များ၊ ရေချိုရေငန်ဒေသများ၊ မြစ်ဝရှိရွှံပြင်၊ လတာပြင်များ၊ သဘာဝရေဝပ်ဒေသ သို့မဟုတ် လူများက ပြုလုပ်ဖန်တီးထားသော ဆည်၊ ရေကန်များနှင့် ပင်လယ်ကမ်းခြေ ဒီရေတောများ ပါဝင်ပြီး ပင်လယ်ကုန်းတွင်း  ဒီရေအကျဆုံးအချိန်၌ ရေအနက် (၆) မီတာထက် မကျော်လွန်သော ပင်လယ်ရေတိမ်ဒေသများကို ခေါ်ဆိုပါသည်။

ရေတိမ်ဒေသများသည် ကမ္ဘာ့မြေပြင်၏ (၆)ရာခိုင်နှုန်းခန့်ရှိပြီး ငါးနှင့် ရေပျော်ငှက်များအပါအဝင် သတ္တဝါများ ပေါက်ဖွားကြီးပြင်းရာဒေသဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိသော ရမ်ဆာရေတိမ်ဒေသများမှာ မိုးယွန်းကြီးအင်းဘေးမဲ့တော၊ အင်းလေးကန် ဘေးမဲ့တော၊ အင်းတော်ကြီးကန် ဘေးမဲ့တော၊ မိန်းမလှကျွန်း ဘေးမဲ့တော၊ မုတ္တမပင်လယ်ကွေ့၊ နံသာကျွန်းနှင့် မေယုမြစ်ဝတို့ ​ဖြစ်သည်။

ရေတိမ်ဒေသများရှိခြင်း၏ အကျိုးကျေးဇူးများ

၁။ ရေ၏အရည်အသွေးကို ကောင်းမွန်စေခြင်း

 ရွှံနွံ၊ ဗျိုက်တော၊ လတာပြင်များသည် ရေထုရှိ အဆိပ်အတောက်များအား စုပုံအနည်ကျစေခြင်း၊ ရေတိမ်ဒေသများမှရေသည် မြေအောက်သို့ စိမ့်ဝင်ကာ မြေအောက်ရေဖြည့်တင်းခြင်းစနစ်အား အထောက်အပံ့ပေးခြင်းဖြင့် ရေအရင်းအမြစ်အား ရေရှည်တိုးပွားစေပါသည်။

၂။ သဘာဝဘေးဒဏ်မှ ကာကွယ်ခြင်း

ရေတိမ်ဒေသများသည် မိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် မြင့်တက်လာသော မြစ်ရေများအား သိုလှောင်စနစ်ဖြင့် ရေစီးနှုန်းကို ထိန်းချုပ်ထားခြင်း၊ ရေတွင်ပေါက်ရောက်သော အပင်များက ရေစီးနှုန်းအားဟန့်တားခြင်းဖြင့် ရေလွှမ်းမိုးမှုဒဏ်မှ ကာကွယ်ပေးခြင်း၊ ပင်လယ်ကမ်း​ခြေ ရေတိမ်ဒေသသည် ပင်လယ်မှ တိုက်ခတ်လာသော လေပြင်းမုန်တိုင်းနှင့် ဆားဓာတ်ပါသော လေတိုက်ခတ်မှုအား ဟန့်တားခြင်းဖြင့် သဘာဝပေါက်ပင်များနှင့် စိုက်ပျိုးပင်များအား ပျက်စီးခြင်းမှ ကာကွယ်နိုင်ပါသည်။

၃။ ရေအသုံးချမှုကို အထောက်အပံ့ပေးခြင်း

 စီးပွားရေးလုပ်ငန်းများအတွက် ရေတိမ်ဒေသမှရေကို တိုက်ရိုက်ထုတ်ယူအသုံးပြုနိုင်ခြင်း၊ ရေထုအတွင်းရှိ အပင်များ ဥပမာ-ဗေဒါအပင်များက ရေထုအတွင်းရှိ အဆိပ်အတောက်များအား စုပ်ယူဖယ်ရှားပြီး ရေ၏အရည်အသွေးကို ကောင်းမွန်စေပါသည်။

၄။ သယ်ယူပို့ဆောင်ရေးအတွက် အသုံးချနိုင်ခြင်း

လူနှင့် ဒေသထွက်ကုန်များ၊ သယ်ယူပို့ဆောင်ရေးအတွက် အသုံးချနိုင်မှုတို့ကြောင့် ကူးသန်းရောင်းဝယ်မှုအား အထောက်အကူပြုပါသည်။

၅။ ရေထွက်ပစ္စည်းများ ထုတ်ယူနိုင်ခြင်း

ရေတိမ်ဒေသများမှ ငါး၊ ပုစွန်၊ ငှက်နှင့် ရေသတ္တဝါများ ရရှိစားသုံးနိုင်ခြင်း၊ သစ်၊ကြိမ်၊ အမိုးသက်ကယ် စသည့် လူသုံးကုန်ပစ္စည်းများ၊ ဆေးဖက်ဝင်အပင်နှင့် စားပင်များကို ထုတ်ယူရရှိနိုင်ပါသည်။

၆။ ဗီဇထိန်းသိမ်းခြင်း

ရေတိမ်ဒေသများသည် အပင်နှင့်သတ္တဝါများ၏ ဇီဝမျိုးစိတ်များပေါက်ဖွားကြီးပြင်းရန်နှင့် ထိန်းသိမ်းရန် အထောက်အကူပြုလျက်ရှိကြသည်။

၇။ အပန်းဖြေခြင်းနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းအား အထောက်အကူပေးခြင်း

ရေတိမ်ဒေသရှိ ထူးခြားသော သဘာဝရှုခင်းများကို ခံစားကြည့်ရှုနိုင်ခြင်း၊ သားငှက်တိရစ္ဆာန်များအား အနီးကပ်လေ့လာကြည့်ရှုနိုင်ပါသည်။

၈။ သုတေသနနှင့် ရေတိမ်ဒေသများထိန်းသိမ်းကာကွယ်ရေးအတွက် အထောက်အကူပြုခြင်းတို့ ဖြစ်သည်။

ရေတိမ်ဒေသများသည် သိပ္ပံနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လက်တွေ့ပညာပေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်းတို့ကို အထောက်အကူပြုသည်။ 

ရေတိမ်ဒေသများ ပျက်စီးရခြင်းအကြောင်း

ရေတိမ်ဒေသများ ပျက်စီးရခြင်းမှာ- စိုက်ပျိုးမြေချဲ့ထွင်ခြင်း၊ လူနေအိမ်ယာများ ချဲ့ထွင်ခြင်း၊ စိုက်ပျိုးရေးအတွက် ရေနုတ်ယူခြင်း၊ အမဲလိုက်ခြင်း၊ ခွင့်ပြုထားခြင်းမရှိသောနည်းလမ်းဖြင့် ငါးဖမ်းခြင်း၊ ရွှေကျင်ခြင်း၊ စက်မှုလုပ်ငန်းသုံး စွန့်ပစ်အညစ်အကြေးများ၊ အိမ်သုံးစွန့်ပစ်အညစ်အကြေးများနှင့် ပိုးသတ်ဆေးများကြောင့် ညစ်ညမ်းမှုဖြစ်ခြင်း၊ ဒီရေတောနှင့် ရေချိုရွှံနွံသစ်တောများတွင် စီးပွားဖြစ် အပင်များ ခုတ်လှဲထုတ်ယူခြင်း၊ ရေဝေရေလဲဒေသများ ဆုတ်ယုတ်ခြင်း၊ မြေဆီလွှာတိုက်စားခြင်း၊ ရေတိမ်ဒေသထွက်ကုန်များကို အလွန်အကျွံထုတ်ယူသုံးစွဲခြင်း၊ စွန့်ပစ်ပစ္စည်းများကြောင့် ဂေဟစနစ် ပျက်စီးခြင်းတို့ကြောင့် ဖြစ်သည်။

ရေတိမ်ဒေသများ ထိန်းသိမ်းရခြင်းအကြောင်းအရင်း

ရေတိမ်ဒေသများ၏ အခြေခံဂေဟစနစ်သည် ရေကို ထိန်းညှိသန့်စင်ပေးသည့် စနစ်ဖြစ်သကဲ့သို့ အပင်နှင့် တိရစ္ဆာန်များ အထူးသဖြင့် ရေပျော်ငှက်များ ခိုလှုံကျက်စားရာ နေရင်းဒေသများကို ကူညီပံ့ပိုးပေးလျက်ရှိခြင်း၊ ရေတိမ်ဒေသအရင်းအမြစ်များမှ ရရှိသည့် စီးပွားရေး၊ ယဥ်ကျေးမှု၊ သိပ္ပံနှင့် အပန်းဖြေရေးဆိုင်ရာ တန်ဖိုးများနှင့် ၄င်းရေတိမ်ဒေသများ လျော့နည်းပျောက်ကွယ်ပါက ပြန်လည် အစားထိုး၍ မရနိုင်ခြင်း၊ ရေပျော်ငှက်များသည် ရာသီအလိုက် နေရာဒေသရွှေ့ပြောင်းသွားလာကျက်စားရာတွင် ရေတိမ်ဒေသအတွင်းရှိ ဂေဟစနစ်များအပေါ်တွင် မှီတင်းနေထိုင်ရခြင်းတို့ကြောင့် ဖြစ်ပါသည်။

ရေတိမ်ဒေသများ ထိန်းသိမ်းရေးကွန်ဗန်းရှင်းအကြောင်း

ရေတိမ်ဒေသများ ထိန်းသိမ်းရေးကွန်ဗန်းရှင်းသည် ကမ္ဘာ့သဘာဝသယံဇာတများနှင့် သက်ရှိများ၏ နေရင်းဒေသများကို စနစ်တကျထိန်းသိမ်းကာကွယ်၍ အကျိုးရှိစွာသုံးစွဲနိုင်ရေးအတွက် ချမှတ်ခဲ့သည့် ပထမဆုံးသော ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာချုပ် ဖြစ်ပါ သည်။

ကမ္ဘာအနှံ့အပြားတွင် တည်ရှိသော ရေတိမ်ဒေသများနှင့် ရေပျော်ငှက်များ၏ ခိုလှုံကျက်စားရာ နေရင်းဒေသများကို ထိန်းသိမ်းကာကွယ်ရန်အတွက် ၁၉၇၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် အီရန်နိုင်ငံ၊ ရမ်ဆာမြို့တွင် နိုင်ငံတကာရေပျော်ငှက်များခိုလှုံကျက်စားရာ နေရင်းဒေသများအဖြစ် အရေးပါသည့်ရေတိမ်ဒေသများ ထိန်းသိမ်းရေးကွန်ဗန်းရှင်းကို အတည်ပြုချမှတ်ခဲ့ပါသည်။

ရေတိမ်ဒေသများ ထိန်းသိမ်းရေးကွန်ဗန်းရှင်းမှာ ၄င်းအားအတည်ပြုချမှတ်ခဲ့သည့်မြို့ကို အစွဲပြုလျက် ရမ်ဆာကွန်ဗန်းရှင်း(Ramsar Convention)ဟု ခေါ်ဆိုကြပါသည်။ ကွန်ဗန်းရှင်းဆိုင်ရာရုံးကို ဆွစ်ဇာလန်နိုင်ငံ၊ ဂလန်းမြို့(Gland)တွင် ဖွင့်လှစ်ထားရှိပါသည်။

ရေတိမ်ဒေသများ ထိန်းသိမ်းရေးကွန်ဗန်းရှင်းအား စတင်လက်မှတ်ရေးထိုးသည့်နေ့ရက်ဖြစ်သော ဖေဖော်ဝါရီ(၂)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ရေတိမ်ဒေသများနေ့(World Wetlands Day) ဟု သတ်မှတ်ထားပါသည်။

ရေတိမ်ဒေသများ ထိန်းသိမ်းရေးကွန်ဗန်းရှင်းဆိုင်ရာ လိုက်နာရမည့်တာဝန်များ

မိမိနိုင်ငံနယ်နိမိတ်အတွင်းရှိ ရေတိမ်ဒေသများနှင့် သယံဇာတများအား အကျိုးရှိစွာ အသုံးပြုရေးနှင့် စနစ်တကျ ကာကွယ်ရေးအတွက် စီမံဆောင်ရွက်ရန်၊ ကွန်ဗန်းရှင်းမှ သတ်မှတ်သည့် နိုင်ငံတကာအတွက် အရေးပါသော ရေနိမ်ဒေသများစာရင်းတွင် ထည့်သွင်းရန်အတွက် မိမိတို့နိုင်ငံရှိ ရေတိမ်ဒေသ အနည်းဆုံးတစ်ခုကို အဆိုပြုရန်၊ ရေတိမ်ဒေသများ ထိန်းသိမ်းကာကွယ်မှုလုပ်ငန်းများနှင့် ကွန်ဗန်းရှင်းအရ အကောင်အထည်ဖော်ဆောင်ရွက်ရမည့်လုပ်ငန်းများကို အခြားအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် မိမိနိုင်ငံအတွင်းရှိ ရေတိမ်ဒေသများ တိုးမြှင့်တည်ထောင်ရန်တို့ ဖြစ်ပါသည်။

အချုပ်အားဖြင့် ဆိုရလျှင်-

ရေတိမ်ဒေသများ ထိန်းသိမ်းခြင်းသည် လူသားတို့အတွက် စီးပွားရေး၊လူမှုရေး၊ ပညာရေး၊ အပန်းဖြေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် အရေးပါသောကဏ္ဍမှ ပါဝင်နေပါသဖြင့် ရေတိမ်ဒေသများ မပျက်စီးစေရေး၊ ပြန်လည်ပြုပြင်ထိန်းသိမ်းရေးနှင့် ရေရှည်အကျိုးရှိစွာ အသုံးပြုရေး တို့ကို ပြည်သူများအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းလေ့လာရေးသားလိုက်ရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်